13th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့ ပူးပေါင်း၍ ငွေတိုက်စာချုပ်များကို ပြည်တွင်း၊ ပြည်ပတွင် စတင်ရောင်းချပေးနေ
📌ပေါက်မြို့နယ် အနောက်တောင်ပိုင်း သက္ကယ်ကျင်းကျေးရွာကို စစ်တပ်က ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီး
📌တံစူးရွာကိုမီးရှို့ကာ ချီတက်လာသော စစ်ကောင်စီတပ်သားများကို ပေါက်မြို့နယ် တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ကတိုက်ခိုက်ရာ စကစတပ်ဘက်က ၁၀ဦး သေဆုံး
📌တာဝေးပစ် အမြှောက် များ MDF တပ်ရင်း - Taze Armor Production Team မှ အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့
📌သင်္ကြန်အကြိုနေ့မှာ မုံရွာမြို့ အာဇာနည်လမ်းမပေါ် မောင်းနှင်လာတဲ့ ရဲကားကို အထူးကွန်မန်ဒိုတပ်ဖွဲ့က ပစ်ခတ်ရာ ရဲတစ်ဦး ကားပေါ်တွင်သေဆုံး
📌မုံရွာမြို့ ကန်သာယာတွင် စကစမှ ဆောက်လုပ်ထားသော ရေကစားမဏ္ဍအား ၄၀ မမ၂ လုံးဖြင့် မဟာမိတ်တပ်များပစ်ခတ်တိုက်ခိုက်
📌မြဝတီ - ကော့ကရိတ် အာရှလမ်းပိုင်း ယနေ့ မနက် ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီးမီးရှို့ခံရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့ ပူးပေါင်း၍ ငွေတိုက်စာချုပ်များကို ပြည်တွင်း၊ ပြည်ပတွင် စတင်ရောင်းချပေးနေ

အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့ ပူးပေါင်း၍ငွေတိုက်စာချုပ်များကို ပြည်တွင်း၊ ပြည်ပတွင် စတင်ရောင်းချပေးနေပြီလို့ဧပြီ ၁၃ ရက်နေ့မှာ ယူနိုက်တက်ဘွန်း လူမှုကွန်ရက်စာမျက်နှာကနေတရားဝင် အသိပေးကြေညာခဲ့ပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် ပေါ်ထွန်းရေး တို့အတွက် ငွေတိုက်စာချုပ်များကို ပြည်တွင်း၊ ပြည်ပတွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း ဝမ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါတယ်"လို့ဆိုပါတယ်။

ဆက်သွယ်ဝယ်ယူရရှိနိုင်သောနည်းလမ်းများ

1) ပြည်တွင်းမှဝယ်ယူရန် လူမူကွန်ယက်စာမျက်နှာ

2) နိုင်ငံတကာမှဝယ်ယူရန် လူမူကွန်ယက်စာမျက်နှာ၊ သုဝဏ္ဏဝတီနွေဦးတော်လှန်ရေး၊ မလေးရှားရောက်ပအိုဝ်းလူငယ်များအဖွဲ့များ၏ ဝက်ဆိုဒ်နဲ့ facebook စာမျက်နှာတို့မှာ ဖေါ်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့ ပူးပေါင်းရောင်းချသော ငွေတိုက်စာချုပ်များကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ထံမှဝယ်ယူမူပုံစံ နှင့် ငွေလွဲမူပုံစံအသေးစိတ် သိလိုပါက အထက်တွင်ဖော်ပြထားသော ဆက်သွယ်မူနည်းလမ်းများဖြင့် လွတ်လပ်စွာ မေးမြန်းစုံစမ်းနိုင်ပါတယ်။

========================

📌📌ပေါက်မြို့နယ် အနောက်တောင်ပိုင်း သက္ကယ်ကျင်းကျေးရွာကို စစ်တပ်က ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီး

ဧပြီ ၁၃ ရက် မနက် ၉ နာရီ ၁၅ အချိန် သင်္ကြန်အကြိုနေ့ မှာ ပေါက်မြို့နယ် အနောက်တောင်ပိုင်း သက္ကယ်ကျင်းကျေးရွာကို စစ်တပ်က ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းအရင်းများထံကသိရပါတယ်။ ပေါက်မြို့နယ် အနောက်တောင်ပိုင်း သက္ကယ်ကျင်းကျေးရွာကို တစူးကိုင်းမ မှ လာသောစကစတပ်များက မီးတင်ရှို့ခဲ့တယ်လို့ ရွာအရှေ့ အလယ်ပိုင်း(ရုံးနား)က စပြီး မီးရှို့နေတာဖြစ်ပြီးတော့ ပျက်စီးဆုံးရှုံးမှုများပြားနိုင်ခြေရှိတယ်လို့သိရပါတယ်။ ဧပြီလ ၇ ရက်နေ့ကလည်း စကစတပ်နဲ့ပျူများဟာ ပေါက်မြို့နယ်ကိုတောနင်းပြီး ကျေးရွာရှိလူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

========================

📌📌တံစူးရွာကိုမီးရှို့ကာ ချီတက်လာသော စစ်ကောင်စီတပ်သားများကို ပေါက်မြို့နယ် တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ကတိုက်ခိုက်ရာ စကစတပ်ဘက်က ၁၀ဦး သေဆုံး

ဧပြီ ၁၃ ရက်နေ့မှာ ပေါက်မြို့နယ်၊ တံစူးရွာကိုမီးရှို့ကာ ချီတက်လာသော စစ်ကောင်စီတပ်သားများကို ပေါက်မြို့နယ် တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ တိုက်ခိုက်ရာ စကစတပ်ဘက်က ၁၀ ဦး သေဆုံးခဲ့ပါတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ကထုတ်ပြန်ပါတယ်။

"ပေါက် မြို့နယ်၊ တံစူးရွာကိုမီးရှို့ကာ ချီတက်လာသော စစ်ကောင်စီတပ်သားများကို ပေါက်မြို့နယ် တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ (SPGF) နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) တို့မှ ဧပြီ ၁၂ ရက် ညနေပိုင်း ၄:၃၀ နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ စကစတပ်က ၁၀ ဦး ခန့်ကျဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ဟာယမန်နေ့က တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိသော ပေါက်မြို့နယ်သို့ သွားရောက်ကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းအားဖြည့်ခဲ့တာဖြစ်ပါတယ်။ ကာကွယ်​ရေးတပ်များဘက်မှ အထိအခိုက်၊ အကျအဆုံးမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။

========================

📌📌တာဝေးပစ် အမြှောက် များ MDF တပ်ရင်း - Taze Armor Production Team မှ အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့

တာဝေးပစ် အမြှောက် များ MDF တပ်ရင်း - Taze Armor Production Team မှ အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဧပြီ ၁၃ ရက်မှာ လက်နက်ကြီး တီထွင် အောင်မြင်ကြောင်း MDF တပ်ရင်းက အသိပေးပြောကြားပါတယ်။

"ငှက်ကင် Last Stage ကို MDF တပ်ရင်း - Taze Armor Production Team မှ အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီနေ့ MDF သင်္ကြန်တွင်း Mission တွေ စတင်ပါပြီ။ တာဝေးပြေး အမျိုးအစားမလို့ အတော်ဝေးဝေးကနေ တိကျသက်ရောက်မှုရှိပါတယ်။ မြို့ပြတွေက " နန်းထိုက်အောင် " Mission တွေမှာပါအသုံးပြုကြပါလိမ့်မယ်။ ဒါ့ကြောင့် မဏ္ဍပ်တွေအနားထိ ကျနော်တို့ လာစရာမလိုတော့ပါဘူး"လို့ တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟာ ကာဘိုင်သေနတ်များ၊ ၆၀ မမများ တီထွင်ထုတ်လုပ်အောင်မြင်လျက်ရှိပါတယ်။ ပြည်သူအများစုရဲ့ သွေးနဲ့ ချွေးနဲ့ မျက်ရည်စက်တွေနဲ့ ကာလဖြစ်တယ်။ ဒါ့ကြောင့် ရေပေါ်စီ စစ်ကျွန်လူနည်းစုသက်သက်အတွက်နဲ့ ကျနော်တို့ Mission တွေ မဖျက်သိမ်းတော့ဘူးဆိုတာ ထပ်လောင်း ကြေညာလိုက်ရပါတယ်"လို့ MDF တပ်ရင်းက ရဲဘော်တစ်ဦးကဆိုပါတယ်။

========================

📌📌သင်္ကြန်အကြိုနေ့မှာ မုံရွာမြို့ အာဇာနည်လမ်းမပေါ် မောင်းနှင်လာတဲ့ ရဲကားကို အထူးကွန်မန်ဒိုတပ်ဖွဲ့က ပစ်ခတ်ရာ ရဲတစ်ဦး ကားပေါ်တွင်သေဆုံး

ဧပြီ ၁၃ ရက် မနက် ၈ နာရီအချိန် သင်္ကြန်အကြိုနေ့မှာ မုံရွာမြို့ အာဇာနည်လမ်းမပေါ် မောင်းနှင်လာတဲ့ ရဲကားကို ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၂ အထူးကွန်မန်ဒိုအဖွဲ့က ပစ်ခတ်ခဲ့ရာ ရဲတစ်ဦး ကားပေါ်တွင် သေဆုံးခဲ့ပါတယ်။ အထူးကွန်မန်ဒိုအဖွဲ့ပစ်ခတ်မှုကြောင့် ကားမှာ ဘီးပေါက်ပျက်စီးသွားပြီး ရဲအရာရှိနဲ့ ရဲတစ်ဦးပါဝင်သော ကားတွင် တစ်ဦးမှာသေဆုံး၍ တစ်ဦးမှာ အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

စစ်ရေးဆောင်ရွက်ချိန်တွင် အရပ်သားများက ထွက်ကြည့်ပါက စစ်ရေးဆောင်ရွက်ရာတွင်အခက်အခဲ​ဖြစ်ပေါ်သောကြောင့် ပြည်သူများလမ်းမပေါ် ထွက်ကြည့်ခြင်း မပြုရန်လည်း Monywa The Boys ကထုတ်ပြန်ပါတယ်။

========================

📌📌မုံရွာမြို့ ကန်သာယာတွင် စကစမှ ဆောက်လုပ်ထားသော ရေကစားမဏ္ဍအား ၄၀ မမ၂ လုံးဖြင့် မဟာမိတ်တပ်များပစ်ခတ်တိုက်ခိုက်

ဧပြီ ၁၂ ရက် ည ၉ နာရီ ၃၀ အချိန်က စစ်ကိုင်းတိုင်း မုံရွာမြို့ ကန်သာယာတွင် စကစမှဆောက်လုပ်ထားသော ရေကစားမဏ္ဍအား ၄၀ မမ၂ လုံးဖြင့် မဟာမိတ်တပ်များ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ FFP ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။ ထိုတိုက်ခိုက်မှုအား မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၄ FFP ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်တယ်"လို့သိရပါတယ်။ ပြည်သူများအနေဖြင့် စကစနှင့်ဆက်နွယ်သော မည့်သည့်လုပ်ငန်းများကို လုံးဝ မလုပ်ဆောင်ရန် FFP ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

========================

📌📌မြဝတီ - ကော့ကရိတ် အာရှလမ်းပိုင်း ယနေ့ မနက် ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီးမီးရှို့ခံရ

ဧပြီ ၁၃ ရက်တွင် ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ် အာရှလမ်းပိုင်းမှာ ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီးမီးရှို့ခံရတယ်လို့ မြဝတီမြို့ခံများထံမှသတင်းရရှိပါတယ်။ "အချို့က မသွားပါနဲ့ပြောလည်းမရဘူး။ အတင်းတက်။ အတင်းဆင်းကြတယ်။ အခုက ဘယ်အဖွဲ့လုပ်သလဲ သေချာတော့မသိရဘူး။ အဲဒီလမ်းပိုင်းမှာကို ပစ်နေခတ်နေကြတာပါ"လို့မြဝတီနယ်ခံတစ်ဦးကဆိုပါတယ်။ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် မြဝတီ - ကော့ကရိတ်လမ်း အာရှလမ်းပိုင်းနှင့် မြဝတီ - ဝေါလေ လမ်းမကြီးကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ KNU က စာထုတ်ပြန်ထားပါတယ်။

ဧပြီလ ၄ ရက်နေ့မှာ မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီး‌အနီးမှာမြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးပေါ်ကနေ ဖြတ်သန်းသွားလာခဲ့ကြတဲ့ ကုန်တင်ယာဉ်များနှင့် အိမ်စီးကားတို့မီးရှို့ခံခဲ့ရပါတယ်။ အဆိုပါ ကားများမီးရှို့တာဟာ မည်သည့်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ အတည်ပြုစုံစမ်းနေဆဲ​ဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution

Share:

No comments:

Post a Comment