၂၀၂၂ ဧပြီလ ၁၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်ရာဇဝတ်မှုတွေကို အရေးယူမဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့တရားရုံးများ မကြာခင် ပေါ်ပေါက်လာမယ်လို့ တရားရေးဝန်ကြီးအသိပေး
📌စစ်ကောင်စီက မျက်ကွယ် သေဒဏ်ချမှတ်ထားသူ (၄၁) ဦးရှိ
📌စစ်ကောင်စီရဲ့ သင်္ကြန်အကြို့နေမှာ မြို့ကြီးတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေ
📌စစ်ကောင်စီရဲ့ သွေးစွန်းသင်္ကြန်မှာ မပါဝင်တဲ့ပြည်သူလူထုကို အဆိုတော် တူးတူး ချီးကျူးဂုဏ်ပြု
📌PDF Kalay မှ ရဲဘော်တစ်ဦး တိုက်ပွဲတွင် ရဲဘော်များကယ်ထုတ်၍ ပျောက်ဆုံးခဲ့ပြီးနောက် ကျဆုံးလျက်တွေ့ရှိ
📌ကျေးရွာများတွင် မပေါက်ကွဲဘဲ ကျရောက်တဲ့ လက်နက်ကြီး ကျည်ဆံများအား CDF -Mindat ရဲဘော်များမှ ရှင်းလင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်ရာဇဝတ်မှုတွေကို အရေးယူမဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့တရားရုံးများ မကြာခင် ပေါ်ပေါက်လာမယ်လို့ တရားရေးဝန်ကြီးအသိပေး
စစ်ရာဇဝတ်မှုတွေကို အရေးယူမဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့တရားရုံးများ မကြာခင် ပေါ်ပေါက်လာမယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးက အသိပေးပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များအား ပြည်သူသို့ အစီရင်ခံရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"မြန်မာနိုင်ငံအတွင်းမှာ မတရားမှုတွေကို လုပ်နေတဲ့လူတွေကိုလည်း ကိုယ့်နိုင်ငံအတွင်းမှာ အပြစ်ပေးအရေးယူနိုင်ဖို့အတွက် ပြည်သူ့တရားရုံးများ ပေါ်ပေါက်လာဖို့အတွက်ကိုလည်းပဲ တရာရေးဝန်ကြီးဌာနက ဦးစားပေးပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မကြာခင်အတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ ပြည်သူတွေကနေ စီရင်တဲ့ ပြည်သူ့တရားရုံးများပေါ်ပေါက်လာမှာဖြစ်ပါတယ်။ အဲဒီတရားရုံးကနေပြီးတော့ စစ်ရာဇဝတ် ကျူးလွန်နေတဲ့အကြမ်းဖက် စစ်အုပ်စုတွေရဲ့ လုပ်ရပ်တွေကို အရေးယူဆောင်ရွက်ပါမယ်။ ထိုက်သင့်တဲ့ အပြစ်တွေပေးသွားမှာကိုလည်း တွေ့ကြရမှာဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ဧပြီ ၁၂ ရက်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ တရားရေးဝန်ကြီးဌာနကမြို့နယ်တရားသူကြီးတွေခန့်အပ်ဖို့ တင်ပြဆွေးနွေးခဲ့ပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့စိုးမိုးနယ်မြေတွေမှာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ပါတယ်။
========================
📌📌စစ်ကောင်စီက မျက်ကွယ် သေဒဏ်ချမှတ်ထားသူ (၄၁) ဦးရှိ
စစ်ကောင်စီက မျက်ကွယ် သေဒဏ်ချမှတ်ထားသူ (၄၁) ဦးရှိတယ်လို့သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၁၉၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၉၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၅၉) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါတယ်။
ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၇၆) ဦး၏ အမည်စာရင်းကိုလည်း သီးခြားဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူစုစုပေါင်း (၁၀၀) ဦးရှိပြီဖြစ်ပါတယ်။ မျက်ကွယ်သေဒဏ်ချမှတ်ထားတဲ့ အထဲမှာ စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က အစိုးရအဖွဲ့ဝင်များနဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။
=======================
📌📌စစ်ကောင်စီရဲ့ သင်္ကြန်အကြို့နေမှာ မြို့ကြီးတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေ
အာဏာသိမ်း စစ်ကောင်စီက ဒီနှစ်သင်္ကြန်ပွဲကို စည်စည်ကားကားနဲ့ ကျင်းပနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားခဲ့ပေမယ့် ဒီနေ့ သင်္ကြန်အကြိုနေ့မှာ မြို့ကြီးတွေမှာ ရေကစားသူ မရှိသလောက်နည်းပါးနေပြီး တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။ မြို့တော်ဝန် မဏ္ဍပ်တွေဆောက်ထားတဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ သင်္ကြန်ယိမ်းအကအဖွဲ့တွေနဲ့ ရေပတ်ခံကား အနည်းငယ်ကိုသာ တွေ့ရှိရပါတယ်။
” အခြေအနေက မြို့တော်ခန်းမတစ်ဝိုက်ကို ပိတ်ပြီး သင်္ကြန်လုပ်တယ်။ အပြင်လူတော့ ပေးမဝင်ဘူး။ သူတို့ခေါ်ထားတဲ့ လူတွေကို ထရပ်ကားတွေနဲ့ မြို့တော်ဝန်မဏ္ဍပ်ရှိတဲ့ဆီ ခေါ်သွားတယ်။ ကျန်တဲ့ မြို့နယ်တွေက ထွေအုပ်ရုံးတွေ၊ ပန်းခြံတွေမှာ မဏ္ဍပ်လုပ်တယ်။ ဒါပေမဲ့ အဖြစ်ပဲ တချို့ မဏ္ဍပ်ဆို ရေပိုက်တောင် မတပ်ထားဘူး။ လမ်းလည်း ပိတ်ထားတယ် ” လို့ ရန်ကုန်မြို့ ပုစွန်တောင်မြို့မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
သင်္ကြန်အကြိုနေ့မှာ ပြည်သူတွေဟာ အသံတိတ်သပိတ်နေ့တုန်းကလိုမျိုး အပြင်မထွက်ဘဲ စစ်ကောင်စီကို ရရာနည်းလမ်းတွေနဲ့ တော်လှန် ဆန့်ကျင်နေကြတယ်လို့ မုံရွာပင်မသပိတ်အဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
” ပြည်သူတွေက ပူးပေါင်းပါဝင်မှု အားအတော်ကောင်းတယ်။ အပြင်မထွက်ကြဘူး။ ဆိုင်တွေလည်း ပိတ်ထားကြတယ် ” လို မုံရွာမြို့ခံ တစ်ဦး ကပြောပါတယ်။ စစ်ကောင်စီရဲ့ သင်္ကြန်အကြိုနေ့မှာ မုံရွာ၊ ဘားအံ၊ မော်လမြိုင် ၊ မအူပင်၊ မြစ်ကြီးနား ၊ ထားဝယ်၊ လောင်းလုံ စတဲ့မြို့တွေမှာလည်း ရေးကစားတဲ့သူတွေမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ မြင်းကွင်းတွေကို ဒေသခံတွေက ဖော်ပြထားကြပါတယ်။
========================
📌📌စစ်ကောင်စီရဲ့ သွေးစွန်းသင်္ကြန်မှာ မပါဝင်တဲ့ပြည်သူလူထုကို အဆိုတော် တူးတူး ချီးကျူးဂုဏ်ပြု
စစ်ကောင်စီရဲ့ ကောင်စီရဲ့ သွေးစွန်းသင်္ကြန်မှာ မပါဝင်တဲ့ပြည်သူလူထုကို အဆိုတော် တူးတူးချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဧပြီ ၁၃ ရက်နေ့ လူမှုကွန်ရက်မှာ အဆိုတော် တူးတူးက ပြည်သူ့အစိုးရလက်ထက် သင်္ကြန်ဓာတ်ပုံများနဲ့ စစ်ကောင်စီရဲ့လူသူကင်းမဲ့နေတဲ့ သင်္ကြန်ဓာတ်ပုံတို့ကို နှိုင်းယှဥ်ပြောကြားခဲ့တာဖြစ်ပါတယ်။
"အပေါ်ဆုံးက ခုနှစ် သင်္ကြန်ရက်ပုံနဲ့ Angle တူတဲ့ပုံ မနည်းပြန်ရှာရတယ် တူရဲ့လားဗျ။ Date တွေက အသက်။ ရင်ဘတ်ချင်းတူတဲ့ပြည်သူတွေအတွက် ဂုဏ်ယူတယ်ဗျို့"လို့ဆိုထားပါတယ်။ ၂၀၂၂ခု နှစ် စကစရဲ့ သင်္ကြန်ကို ပြည်သူလူထုဟာ ပါဝင်ခြင်းမရှိတာကြောင့် ပွဲစီစဥ်သူများ လူငှားရမ်း၍ ပွဲစည်ကြောင်းပြသနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
========================
📌📌PDF Kalay မှ ရဲဘော်တစ်ဦး တိုက်ပွဲတွင် ရဲဘော်များကယ်ထုတ်၍ ပျောက်ဆုံးခဲ့ပြီးနောက် ကျဆုံးလျက်တွေ့ရှိ
PDF Kalay မှ ရဲဘော်တစ်ဦး တိုက်ပွဲတွင် ရဲဘော်များကယ်ထုတ်၍ ပျောက်ဆုံးခဲ့ပြီးနောက် ကျဆုံးလျက် တွေ့ရှိတယ်လို့သိရပါတယ်။ ဧပြီ ၁၃ ရက်နေ့မှာ ရဲဘော်ရတု (စင်္ကြာမင်း) ကျဆုံးတဲ့အကြောင်းကို PDF Kalay မှ ရဲဘော်များထံက သတင်းရရှိပါတယ်။
"မင်းအကူညီတောင်းသံကို ငါတို့စက်ထဲကကြားခဲ့ကြတယ်။ မင်းဆီလာတော့စစ်ခွေး ငါတို့ရှေ့ရောက်နေလို့ ငါတို့မင်းဆီမလာနိင်ခဲ့ဘူး။ မင်းရဲ့ ရဲဘော်တွေကို မင်းအသက်နဲ့ရင်းပြီး မင်းကယ်တင်နိုင်ခဲ့ပေမယ့် မင်းကိုငါတို့မကယ်တင်နိုင်ခဲ့ဘူး"လို့ ရဲဘော်တစ်ဦးကဆိုပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းမှာ ဧပြီ ၁၁ ရက်နေ့ ကတည်းက စကစတပ်နဲ့ ကာကွယ်ရေးတပ်များ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပါတယ်။ နှစ်ရက်တာတိုက်ပွဲအတွင်း စကစတပ်က ၃၅ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
========================
📌📌ကျေးရွာများတွင် မပေါက်ကွဲဘဲ ကျရောက်တဲ့ လက်နက်ကြီး ကျည်ဆံများအား CDF -Mindat ရဲဘော်များမှ ရှင်းလင်း
ကျေးရွာများတွင် မပေါက်ကွဲဘဲ ကျရောက်တဲ့ လက်နက်ကြီး ကျည်ဆံများအား CDF -Mindat ရဲဘော်များမှ ရှင်းလင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၁၃ ရက်မှာ CDF -Mindatက လက်နက်ကြီးပျည်များ ရှင်းလင်းခဲ့ကြောင်းသတင်းထုတ်ပြနခဲ့ပါတယ်။
"ကျေးရွာများတွင် မပေါက်ကွဲဘဲ ကျရောက်သည့် လက်နက်ကြီး ကျည်ဆံများအား CDF -Mindat ရဲဘော်များမှ ပြန်လည် ရှင်းလင်းဖျက်ဆီးပစ်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ ချင်းပြည်နယ်နဲ့ ကရင်နီဒေသ တို့မှာ စကစတပ်များက ပစ်ခတ်တဲ့ ဗုံးသီးများ လက်နက်ကြီးကျည်များ၊ မပေါက်ကွဲသေးတဲ့မိုင်းများ ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment