14th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုများကို လွှတ်ပေးမထားဘဲ နိုင်ငံတကာ ရာဇဝတ် ခုံရုံးများတွင် အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဒုဝန်ကြီး
ဦးမိုးဇော်ဦးဆို
📌မြန်မာ့နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာက ထုတ်ပြန်ချက်တွေနဲ့ စိုးရိမ်ပူပန်မှု ပြောစကားတွေနဲ့ မလုံလောက်တော့ဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းဖွင့်ဟ ပြောကြား
📌အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်အင်အားအများစုဟာ နေရာအနှံ့ ဖြန့်ခွဲထားရတဲ့အတွက် ဌာနချုပ်တွေမှာ မိန်းမတွေနဲ့ နောက်ချန်အင်အားအနည်းငယ်ပဲ ကျန်ရှိတော့တယ်လို့ဆို
📌မုံရွာမြို့ရှိ မြဝတီရပ်ကွက်ရုံးနဲ့ စကစတပ်များရှိရာ လမ်းထိပ်နေရာများကို ဖောက်ခွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး
📌ရွှေဘို ဝက်လက် လမ်း ရေထွက်ရွာ အနီး တန်ပိုဂိတ်အား မဟာမိတ်များ ရှေ့ထွက်မိုင်း ငါးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်
📌ပျော်ပွဲစားထွက်လာတဲ့ စစ်ဗိုလ်နဲ့ စကစတပ်များကို YDF(Htilin) မှ ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံး၍ စစ်ဗိုလ်ပေါင်တွင် သေနတ်ကျည်ထိကာ ထွက်ပြေးတိမ်းရှောင်
📌တန်ခူးလ၏ အပူဒဏ်ကို အန်တု၍ ရေသဘင်ပွဲတော်ကို မီးကုန်ရမ်းကုန်ဆင်နွှဲလေ့ရှိသော ရန်ကုန်မြို့လမ်းမများမှာ မြန်မာ့နှစ်သစ်ကူးအခါသမယတွင် တိတ်ဆိတ်ခြောက်ကပ်နေသည်။
📌ကချင်ပြည် ပန်းဝါတွင် စကစတပ်ထံသင်တန်း ဆင်းပြန်လာကြတဲ့ပြည်သူ့စစ်များ ကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်ရာ နှစ်ဦးသေ၊ ငါးဦး အရှင်ဖမ်းမိ
📌တနင်္သာရီမြို့နယ်၊ လယ်သစ်အရှေ့ရှိ စစ်အုပ်စုဒေါက်တိုင် Mytel တာဝါတိုင်မီးရှို့ဖျက်ဆီးခံရ
📌ပုံမှန်ယာဥ်လိုင်းများ မထွက်တာကြောင့် ဘယ်စီးစီး ငါးရာကျပ်နဲ့ အောက်ဆိုဒ်ဆွဲနေတဲ့ ယာဥ်များရဲ့စျေးနှုန်းပိုတောင်းမှုကို ရန်ကုန်မြို့ပြလူထု သင်္ကြန်ကာလအတွင်း ကြုံတွေ့နေရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုများကို လွှတ်ပေးမထားဘဲ နိုင်ငံတကာ ရာဇဝတ် ခုံရုံးများတွင် အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဒုဝန်ကြီး
ဦးမိုးဇော်ဦးဆို

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုများကို လွှတ်ပေးမထားဘဲ နိုင်ငံတကာ ရာဇဝတ် ခုံရုံးများတွင် အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဧပြီ ၁၃ ရက် နယူးယောက်မြန်မာမိသားစုတွေ့ဆုံပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးကပြောကြားခဲ့ပါတယ်ပြောကြားလိုက်ပါတယ်။

"ကျွန်တော်တို့အစိုးရက နိုင်ငံတကာကိုသွားတဲ့အခါမှာ အစိုးရတွေနဲ့တွေ့တယ်။ လွှတ်တော်နဲ့တွေ့တယ်။ NGOတေွနဲ့တွေ့တယ်။ အဓိက တရားဝင်ဖြစ်မှုရယ်၊ နောက်တစ်ခုက စစ်တပ်ကို ဖိအားပေးလုပ်လို့ရတာပေါ့။ စီးပွားရေးအရ နောက်ငွေရေးကြေးရေးအရ ဖြတ်တောက် နိုင်တာပါ။ အဲဒီတော့ မတရားမှုကို ကျူးလွန်ထားတာ ကျွန်တော်တို့က ဒီအတိုင်းပဲ လွှတ်ထားပေးလို့မရတော့ဘူး။ လွှတ်ထားပေးလိုက်ရင် နောက်တစ်ကြိမ်လည်း အခွင့်အလမ်းပေးလိုက်သလိုဖြစ်မယ်။ မတရားမှု ရာဇဝတ်မှုကို ကျူးလွန်ထားတဲ့သူက အရေးယူခံရမယ်ဆိုတဲ့အစဥ်အလာရှိကိုရှိရမယ်။ အဲဒီတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ICC ICJ ကိုအသုံးပြု တရားစွဲဆိုတဲ့ နေရာမှာ ဒါတွေကလုပ်နေတာရှိပါတယ်"လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှုစုစုပေါင်းမှာ ယမန်နေ့အထိ (၁၇၅၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၁၉၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၉၉၆) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။

========================

📌📌မြန်မာ့နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာက ထုတ်ပြန်ချက်တွေနဲ့ စိုးရိမ်ပူပန်မှု ပြောစကားတွေနဲ့ မလုံလောက်တော့ဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းဖွင့်ဟ ပြောကြား

မြန်မာ့နွေဦးတော်လှန်ရေးဟာ နိုင်ငံတကာက ထုတ်ပြန်ချက်တွေနဲ့ စိုးရိမ်ပူပန်မှုပြောစကားတွေနဲ့ မလုံလောက်တော့ဘူးလို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ဧပြီ ၁၃ ရက် နယူးယောက်မြန်မာ မိသားစုတွေ့ဆုံပွဲ အခမ်းအနားမှာ ဖွင့်ဟပြောကြား လိုက်ပါတယ်။

"အဲဒီတော့ ပြည်တွင်းမှာ ရှိတဲ့ပြည်သူတွေအတွက် နိုင်ငံတကာက အားပေးထောက်ခံမှု ဘာတွေလုပ်ရမလဲ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ နွေဦးတော်လှန်ရေးနဲ့ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် နိုင်ငံတကာက ဘာတွေကူညီထောက်ပံ့ကြမှာလဲ။ ကျွန်တော်တို့ကို ထုတ်ပြန်ချက် မလုံလောက်တော့ဘူး။ ထုတ်ပြန်ချက်ပြီးတော့ ထုတ်ပြန်ချက်။ တစ်ခါလာလည်း ဝမ်းနည်း၊ တစ်ခါလာလည်း စိတ်မကောင်း၊ တစ်ခါလာလည်း စိုးရိမ်ပူပန်၊ အဲဒီလိုဟာမျိုးထက် လုပ်ဆောင်ဖို့အတွက် အများကြီးလိုလာတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ မြန်မာအရေးနဲ့ပတ်သတ်လို့ ကုလအစည်းအဝေးများမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အုပ်စုကို ထိရောက်စွာအရေးယူပေးရေးနဲ့ လက်နက်ရောင်းချမှုကို အရေးယူပိတ်ဆို့ပေးရေး တင်ပြတောင်းဆိုထားပါတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင်နဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး တင်ပို့အရေးယူနိုင်ရေးကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရကဆောင်ရွက်လျက်ရှိပါတယ်။

========================

📌📌အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်အင်အားအများစုဟာ နေရာအနှံ့ ဖြန့်ခွဲထားရတဲ့အတွက် ဌာနချုပ်တွေမှာ မိန်းမတွေနဲ့ နောက်ချန်အင်အားအနည်းငယ်ပဲ ကျန်ရှိတော့တယ်လို့ဆို

အကြမ်းဖက် စစ်အုပ်စုရဲ့ စစ်အင်အားအများစုဟာ နေရာအနှံ့ ဖြန့်ခွဲထားရတဲ့အတွက် ဌာနချုပ်တွေမှာ မိန်းမတွေနဲ့ နောက်ချန်အင်အားအနည်းငယ်ပဲ ကျန်ရှိတော့တယ်လို့ ခမရ ၅၈၂ မှ CDM ဗိုလ်ကြီးလင်းထက်အောင်ကဧပြီ ၁၄ ရက်နေ့မှာ စစ်ရေးအခြေအနေနဲ့ပတ်သတ်လို့ သူ့၏လူမှုကွန်ရက်မှာ ရေးသားပြောကြားလိုက်တာပါ။

"နီးလာပြီ။ မြို့တွေနားသို့ ချဉ်းကပ်လာတဲ့ တိုက်ပွဲတွေ နီးလာပြီ။ ပင်လည်ဘူး ၊လေးကေ့ကော် ၊သင်္ယန်းညီနောင် တို့က တိုက်ပွဲတွေဟာ အောင်မြင်မှုတွေရရှိပြီး မြို့တွေနဲ့ ထိစပ်နေတဲ့ တိုက်ပွဲတွေလို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ အခုတလော စစ်ရေး အခြေအနေကို ခြုံငုံသုံးသပ်ရရင် ပြောက်ကျားအဆင့်ကနေ တိုက်စစ်အသွင်ကို အကဲစမ်း ဖွင့်လိုက်တဲ့ အခြေအနေလို့ မြင်မိတယ်။ စစ်တပ်ဟာ သင်္ကြန်ကိုတောင် လုံခြုံရေးအင်အားကိုအများကြီးသုံးပြီး အသည်းအသန် တံခါးပိတ်ကျင်းပနေရတာကို အားလုံးလည်းတွေ့ရမှာပါ။ သူတို့ရဲ့စစ်အင်အားအများစုဟာ နေရာအနှံ့ ဖြန့်ခွဲထားရတဲ့အတွက် ဌာနချုပ်တွေမှာ မိန်းမတွေနဲ့ နောက်ချန်အင်အားအနည်းငယ်ပဲ ကျန်ရှိတော့ပါတယ်"လို့ဆိုပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ စကစတပ်များဟာလည်း ထိခိုက်သေဆုံးမှုများပြားလာတဲ့အတွက် လက်မှာ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတစ်သောင်းနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။

========================

📌📌မုံရွာမြို့ရှိ မြဝတီရပ်ကွက်ရုံးနဲ့ စကစတပ်များရှိရာ လမ်းထိပ်နေရာများကို ဖောက်ခွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် တစ်ဦးသေဆုံး

ဧပြီ ၁၃ ရက် ညနေ (၆:၃၀) မှ ည (၉:၃၀) အချိန်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိမြ၀တီရပ်ကွက်ရုံးနဲ့ ဆည်မြောင်ရုံး လမ်းဆုံ၊ ပေ (၈၀) လမ်းထိပ်၊ မေတ္တာလမ်းထိပ်နှင့် ဘုရင့်နောင်လမ်းထိပ်များကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Unity Force Monywa ကဆိုပါတယ်။

"လက်ပစ်မိုင်းများဖြင့် ဖောက်ခွဲခဲ့ရာတွင် စကစ ဘက်မှ စနိုက်ပါဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ ကနဦး သတင်းအရ စကစတစ်ဦး သေဆုံးကြောင်း သိရပါတယ်" တိုက်ခိုက်မှုအား Unity Force Monywa, Brother Defnse Force နှင့် Monywa Death Killer Group မဟာမိတ် ညီနောင်တိုက်ခိုက်ရေးအဖွဲ့များမှ ပြောက်ကျားစနစ်ဖြင့် ဖောက်ခွဲခဲ့ပါတယ်။ ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာဖြင့် ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

========================

📌📌ရွှေဘို ဝက်လက် လမ်း ရေထွက်ရွာ အနီး တန်ပိုဂိတ်အား မဟာမိတ်များ ရှေ့ထွက်မိုင်း ငါးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

ဧပြီ ၁၃ ရက် ည ၉ နာရီ ၄၈ မိနစ်မှာ စစ်ကိုင်းတိုင်း ရွှေဘို ဝက်လက်လမ်း ရေထွက်ရွာ အနီး တန်ပိုဂိတ်အား ရွှေဘို ယမ်းဘီးလူးအဖွဲ့နဲ့ မဟာမိတ်များ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ်များ ရှေ့ထွက်မိုင်း ငါးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

လတ်တလောမှာ ထိခိုက်ပျက်စီးမှု အခြေအနေအား အတည်ပြုနေဆဲ​ဖြစ်ပါတယ်။ တိုက်ခိုက်မှုအား (Shwe Bo Defense Force SBDF၊ တော်၀င်ဒေါင်း၊ နဂါးပျံသိဒ္ဓိရှင်၊ ဒေါင်းဧကရာဇ်၊ နတ်တောင်နဂါး၊ Burmese Dragon Force၊ နောင်ရိုးပျောက်ကြားတပ်ဖွဲ့၊ မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့၊ Black Wolf၊ ဖောင်းဒိုင်း ဖောင်းဒိုင်း ဖောင်းဒိုင်း၊ Ghost Rider Special Task Force (Burma) )တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

========================

📌📌ပျော်ပွဲစားထွက်လာတဲ့ စစ်ဗိုလ်နဲ့ စကစတပ်များကို YDF(Htilin) မှ ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံး၍ စစ်ဗိုလ်ပေါင်တွင် သေနတ်ကျည်ထိကာ ထွက်ပြေးတိမ်းရှောင်

ပျော်ပွဲစားထွက်လာတဲ့ စစ်ဗိုလ်နဲ့ စကစတပ်များကို YDF(Htilin) မှ ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံး၍ စစ်ဗိုလ်ပေါင်တွင် သေနတ်ကျည်ထိကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ အချိန် ထီးလင်းမြို့စွန်ရှိ စစ်ကောင်စီတပ်သားများ ကင်းစောင့်လေ့ရှိသော မီးသတ်ရုံးအား ဝင်ရောက်စီးနင်းနိုင်ရန် ချဥ်းကပ်နေစဥ် ပျော်ပွဲစားထွက်လာသော စစ်ကောင်စီတပ်က သုံးပွင့်ဗိုလ်နေလင်းအောင်နှင့်အဖွဲ့ကို ပစ်ခတ်ခဲ့တယ်လို့ YDF(Htilin) မှဆိုပါတယ်။

" သုံးကောင်သေ၊ နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ သုံးပွင့်ဗိုလ်မှာ ပေါင်တွင်ဒဏ်ရာဖြင့်ထွက်ပြေးသွားခဲ့ပါတယ်"လို့ သိရပါတယ်။ YDF(Htilin) တပ်ဖွဲ့ဝင်များပြန်ဆုတ်ချိန်တွင် နောက်မှလိုက်လာသော စစ်ကောင်စီတပ်သားများအား ခြုံခိုတိုက်ခိုက်ခဲ့ရာ နှစ်ဦး ထပ်မံထိခိုက်သေဆုံးခဲ့ပါတယ်။ ထို့အ​ပြင်မီးသတ်စခန်းအား မိုင်းဆွဲတိုက်ခိုက်မှုတွင် အကျအဆုံးမသိရသေးဘဲ ထိုတိုက်ခိုက်မှုများတွင် YDF(Htilin) တပ်ဖွဲ့ဝင်များ အထိအခိုက်၊ အကျအဆုံး မရှိခဲ့ဘူးလို့ဆိုပါတယ်။ ထိုတိုက်ပွဲတွင် ၉မမ ကျည်ဆယ့်နှစ်တောင့်၊ ပစ္စတိုကျည်ပေါက်/အိတ်တစ်ခု၊ ဖုန်းခြောက်လုံး တို့ကိုသိမ်းဆည်းရရှိခဲ့ပါတယ်။

========================

📌📌တန်ခူးလ၏ အပူဒဏ်ကို အန်တု၍ ရေသဘင်ပွဲတော်ကို မီးကုန်ရမ်းကုန်ဆင်နွှဲလေ့ရှိသော ရန်ကုန်မြို့လမ်းမများမှာ မြန်မာ့နှစ်သစ်ကူးအခါသမယတွင် တိတ်ဆိတ်ခြောက်ကပ်နေသည်။

ရန်ကုန်၏ ဗဟိုမဏ္ဍပ် မြို့တော်ခန်းမရှေ့တွင် လူအနည်းငယ်လိုက်ပါလာသည့် အရောင်တူ၊ အမျိုးအစားတူကားများ တစ်ကြိမ်ပြီးတစ်ကြိမ် လှည့်လည်ရေပက်ခံသည်ကို တွေ့ရသည်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး မျက်နှာချင်းဆိုင် ပြည်လမ်းပေါ်ရှိ ပြည်သူ့ရင်ပြင်မဏ္ဍပ်တွင်လည်း ရေပက်သူ၊ ရေကစားသူ ၁၀ ဦးထက်မပိုသည်ကို ဧပြီ ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် တွေ့ရသည်။

ညနေပိုင်းတွင် ပြည်လမ်းပေါ်၌ ဖြတ်သန်းသည့် ယာဉ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ထိုမဏ္ဍပ်ရှေ့ ရေပက်ခံယာဉ်တန်း ဖြတ်သန်းရမည့် လိုင်းအတွင်း မဖြစ်မနေ ဖြတ်သန်းမောင်းနှင်စေသည်ဟု ကိုယ်တွေ့ကြုံရသူက ပြောသည်။ ပုံမှန်အတိုင်းဖြစ်ပြီဟု ပြလိုသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ လိုဘကို ရန်ကုန်လူထုက အသံတိတ်နည်းဖြင့် ထပ်မံဆန့်ကျင်ပြသမှုသည် တော်လှန်ရေးအတွက် အားဖြစ်သည်ဟု ဆန္ဒပြအဖွဲ့တာဝန်ရှိသူက ပြောသည်။

“(အသံတိတ်သပိတ်တွေကြောင့်) အရှေ့မှာလည်း အများကြီး သူအရှက်ကွဲခဲ့တာတွေရှိတာပေါ့။ အခုသင်္ကြန်လည်း သူ (အာဏာသိမ်းစစ်ခေါင်းဆောင်) တော်တော်ရှက်ဖို့ကောင်းနေပြီ” ဟု ၎င်းက ဆိုသည်။

========================

📌📌ကချင်ပြည် ပန်းဝါတွင် စကစတပ်ထံသင်တန်း ဆင်းပြန်လာကြတဲ့ပြည်သူ့စစ်များ ကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်ရာ နှစ်ဦးသေ၊ ငါးဦး အရှင်ဖမ်းမိ

ကချင်ပြည် ပန်းဝါတွင် စကစတပ်ထံသင်တန်း ဆင်းပြန်လာကြတဲ့ပြည်သူ့စစ်များ ကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်ရာ နှစ်ဦးသေ၊ ငါးဦး အရှင်ဖမ်းမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၁၂ ရက် ဆောလောနှင့် မျောမောကြားတွင် KIA နှင့် PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

တိုက်ပွဲတွင် ပြည်သူ့စစ်အဖွဲ့ထံက လက်နက်များသိမ်းဆည်းရမိကာ ၄င်းတို့ဘက်မှ လေးဦးပြင်းထန်စွာဒဏ်ရာရ၊ နှစ်ဦးသေကာ ငါးဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေးသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

========================

📌📌တနင်္သာရီမြို့နယ်၊ လယ်သစ်အရှေ့ရှိ စစ်အုပ်စုဒေါက်တိုင် Mytel တာဝါတိုင်မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီမြို့နယ်၊ လယ်သစ်အရှေ့ရှိ စစ်အုပ်စုဒေါက်တိုင် Mytel တာဝါမီးရှို့ဖျက်ဆီးခံရတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၁၄ ရက်နေ့မှာ စစ်ရေးသတင်းကို တနင်္သာရီကာကွယ်ရေးပျောက်ကျားအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

"နှစ်ကူးလက်ဆောင် တနင်္သာရီမြို့နယ်၊ လယ်သစ်အရှေ့ Mytel တာဝါမီးရှို့ဖျက်ဆီးခဲ့တယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်း၊ ကရင်နီဒေသနဲ့ ချင်းပြည်နယ်တို့မှာ စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ဖောက်ကားခြင်း၊သယ်ဆောင်ခြင်းမပြုဖို့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆေးတားမြစ်လျက်ရှိပါတယ်။

========================

📌📌ပုံမှန်ယာဥ်လိုင်းများ မထွက်တာကြောင့် ဘယ်စီးစီး ငါးရာကျပ်နဲ့ အောက်ဆိုဒ်ဆွဲနေတဲ့ ယာဥ်များရဲ့စျေးနှုန်းပိုတောင်းမှုကို ရန်ကုန်မြို့ပြလူထု သင်္ကြန်ကာလအတွင်း ကြုံတွေ့နေရ

ပုံမှန်ယာဥ်လိုင်းများ မထွက်တာကြောင့် ဘယ်စီးစီး ငါးရာကျပ်နဲ့ အောက်ဆိုဒ်ဆွဲနေတဲ့ ယာဥ်များရဲ့စျေးနှုန်းပိုတောင်းမှုကို ရန်ကုန်မြို့ပြလူထု သင်္ကြန်ကာလအတွင်း ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

"အရင်ကအောက်ဆိုက်ကားကညနေမှထွက်တာ။ အခုကမနက်ကတည်းကထွက်တယ်။ ဘယ်စီးစီးငါးရာပဲ။တချို့ဆို တစ်ထောင်တောင်းတယ်။ ပုံမှန်ယာဥ်လိုင်းတွေက တစ်စီးနဲ့တစ်စီးစောင့်ရတာ တစ်နာရီလောက်ကြာတယ်။လာရင်လည်း စျေးမတက်တဲ့ YBS ကရှားတယ်။ သူလည်း ၃၀၀၊ ၄၀၀ ပေးရတာပဲ။ အခုဆို ကားတိုင်းလိုလို စပယ်ယာတွေပြန်ပါလာပြီး သူတို့ပြောဆိုတဲ့ဒဏ်လည်းခံရတယ်"လို့ ကမာရွတ်မြို့နယ်နေထိုင်သူ အိမ်ရှင်မတစ်ဦးကလည်းဆိုပါတယ်။

ရန်ကုန်မြို့တွင်းမှာ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်နဲ့ ယာဉ်အစီးအရေ ၃၀၀၀ ကျော်နဲ့ ခရီးသည်တင်ပို့ရာမှ သင်္ကြန်ကာလမှာတော့ ယာဉ်လိုင်း ၆၁ လိုင်းနဲ့ ယာဉ်အစီးအရေ ၉၀၀ ကျော်အထိ လျှော့ချပြေးဆွဲခဲ့တာဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့ပြ သယ်ယူရေးစနစ်ကို ပြန်လည်ပြင်ဆင်ပြောင်းလဲရာမှ လူထုအများစုအခက်အခဲကျရောက်ခဲ့ပါတယ်။ ယာဥ်လိုင်းနံပါတ်များပြန်လည်ပြင်ဆင်ပြောင်းလဲသတ်မှတ်ခြင်းနဲ့ ယာဥ်စီးခများ ပြင်ဆင်သတ်မှတ်ခြင်းတို့ကို လူထုအကျိုးမပြုဘဲ လုပ်ဆောင်ခဲ့ပါတယ်။ ယာဉ်လိုင်းတွေကိုတော့ ဧပြီလ ၁၇ ရက်နေ့မှာ ပုံမှန်အရေအတွက်အတိုင်းပြန်လည်ပြေးဆွဲမှာဖြစ်တယ်လို့သိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment