15th APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ဒီနှစ်သင်္ကြန်ဟာ ပျော်စရာသင်္ကြန်မဟုတ်ဘဲ တော်လှန်သင်္ကြန်၊ ပြည်သူ့သင်္ကြန်လို့ ​ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တင်စားလိုက်
📌လျှပ်စစ်မီတာခတွေ စစ်ကောင်စီမရအောင် ပြည်သူနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့
📌တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရရှိခဲ့သော ပြည်သူ့ရဲ​ဘော်များ ဆေးကုသနေသောနေရာသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်များသွားရောက်တွေ့ဆုံ အားပေးစကားပြောကြား
📌စည်သာနဲ့ နတ်မြောင်းကြား ကာကွယ်ရေးတပ်ဖွဲ့ဝင်များစီးလာတဲ့ ဆိုင်ကယ် ၁၅ စီးကို စစ်ကောင်စီတပ်များ ခိုးယူသိမ်းဆည်းသွား
📌ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်များမှ အသက် ၈၀ ကျော် အဘိုး၊ အဘွား (၄၉) ဦးအား တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် လှူဒါန်း
📌ပြည်သူဘက်က မရပ်တည်ရဲသည့် အနုပညာရှင်၊ အဆိုတော်များကို မှတ်သားပြီး Boycott လုပ်ရန် GSCB က တိုက်တွန်းလှုံ့ဆော်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ဒီနှစ်သင်္ကြန်ဟာ ပျော်စရာသင်္ကြန်မဟုတ်ဘဲ တော်လှန်သင်္ကြန်၊ ပြည်သူ့သင်္ကြန်လို့ ​ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တင်စားလိုက်

ဒီနှစ်သင်္ကြန်ဟာ ပျော်စရာသင်္ကြန်မဟုတ်ဘဲ တော်လှန်သင်္ကြန်၊ ပြည်သူ့သင်္ကြန်လို့ ​အမျိုးသားညီညွတ်ရေးအစိုးရမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧပြီလ ၁၄ ရက်နေ့မှာ လူမှုကွန်ရက်မှာ တင်စားပြောဆိုရေးသားလိုက်တာ ဖြစ်ပါတယ်။
"ဒီနှစ်သင်္ကြန်ဟာ ပျော်စရာသင်္ကြန်မဟုတ်ဘဲ တော်လှန်သင်္ကြန်၊ ပြည်သူ့သင်္ကြန်အထူးသဖြင့် လူသားဆန်တဲ့သင်္ကြန်"လို့ ဝန်ကြီးက ဆိုခဲ့တာပါ။
၂၀၂၂ ခုနှစ် စကစက ကျင်းပတဲ့ သင်္ကြန်မှာ ပြည်သူလူထုအများစုဟာ နေအိမ်ထဲမှ ပြင်ပသို့မထွက်ဘဲ စစ်ကောင်စီ သင်္ကြန်ကို သပိတ်မှောက်ခဲ့ကြတဲ့အတွက်လက်ရှိမှာ သင်္ကြန်အကျနေ့ထိ မြန်မာနိုင်ငံရှိ မြို့အသီးသီးရဲ့ မဏ္ဍပ်များမှာ လူသူကင်းမဲ့နေကြောင်း သိရှိရပါတယ်။

========================

📌📌လျှပ်စစ်မီတာခတွေ စစ်ကောင်စီမရအောင် ပြည်သူနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့

လျှပ်စစ်မီတာခ ကျပ်ဘီလီယံ ၅၀၀ ကနေ ၈၀၀ အထိ စစ်ကောင်စီမရအောင် ပြည်သူနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက ဝန်ကြီးဌာန ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်သူသို့ အစီရင်ခံတင်ပြရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
"စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတွေကို ပိတ်ဆို့တဲ့အခါမှာ အားလုံးသိတဲ့အတိုင်းပါပဲ။ လျှပ်စစ်မီတာခနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကြိုးစားခဲ့တယ်။ ပြည်သူတွေကလည်း ပူးပေါင်းပါဝင် လိုက်နာတဲ့အတွက်ကြောင့်မို့ အနည်းဆုံး ကျပ်ဘီလီယံ ၅၀၀ ကနေ ၈၀၀အထိ သူတို့ နစ်နာအောင်လုပ်နိုင်ခဲ့တယ်။ ပြည်သူတွေလည်း သက်သာစေခဲ့တယ်" လို့ ဝန်ကြီးက ဆိုပါတယ်။
လက်ရှိမှာ စကစတပ်များဟာ မီတာခများကို မရမက ကောက်ခံရုံသာမက လျှပ်စစ်မီတာများ ဖြတ်တောက်ခြင်း၊ လုပ်ငန်းရှင်များကို အရေးယူခြင်းတို့လည်း လုပ်ဆောင်နေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိ စစ်ဖြစ်နေသောနေရာများတွင် အရေးပေါ် လျှပ်စစ်မီးရရှိသုံးစွဲနိုင်ရေးတို့ကို စီမံချက်များရေးဆွဲကာ လက်တွေ့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးနယ်မြေဒေသများတွင် အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းသိရှိရပါတယ်။

=======================

📌📌တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရရှိခဲ့သော ပြည်သူ့ရဲ​ဘော်များ ဆေးကုသနေသောနေရာသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်များသွားရောက်တွေ့ဆုံ အားပေးစကားပြောကြား

ရှေ့တန်းစစ်မျက်နှာများတွင် တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရရှိခဲ့သော ပြည်သူ့ရဲ​ဘော်များ ဆေးကုသနေသောနေရာသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်များလာရောက်၍ တွေ့ဆုံအားပေးစကားပြောကြားခဲ့တယ်လို့ အာဏာရှင်စနစ်တော်လှန်ရေးနှင့်ပြည်သူ့ကာကွယ်ရေးကွန်ရက်က ဧပြီ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါတယ်။
"ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရရှိခဲ့သော ပြည်သူ့ရဲ​ဘော်များ ဆေးကုသနေသောနေရာသို့ NUG လူသားခြင်းစာနာမှုတာဝန်ရှိသူများမှ ဧပြီ၁၂ ရက်တွင် လာရောက်တွေ့ဆုံသတင်းမေး၍ အားပေးစကားများပြောကြားခဲ့ပါတယ်။ လူနာတစ်ဦးလျှင် မုန့်ဖိုး ဘတ် (၁၀၀၀) နှုန်း ထောက်ပံ့ခဲ့ကြောင်း ဒဏ်ရာရ DRPDN ရဲဘော်တစ်ဦးထံမှ သိရှိရပါတယ်" လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ကျဆုံးရဲဘော်မိသားစုများကို ထောက်ပံကြေးပေးအပ်ခြင်းနဲ့ စစ်ဘေးရှောင် ပြည်သူလူထုကို ထောက်ပံကူညီခြင်းများကိုလည်း အလေးပေးဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။

========================

📌📌စည်သာနဲ့ နတ်မြောင်းကြား ကာကွယ်ရေးတပ်ဖွဲ့ဝင်များစီးလာတဲ့ ဆိုင်ကယ် ၁၅ စီးကို စစ်ကောင်စီတပ်များ ခိုးယူသိမ်းဆည်းသွား

စစ်ကိုင်းတိုင်း ကလေးမြို့နယ် စည်သာနဲ့ နတ်မြောင်းကြား ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စီးလာတဲ့ဆိုင်ကယ် ၁၅စီးကို စစ်ကောင်စီတပ်များက ခိုးယူသိမ်းဆည်းသွားတယ်လို့ ဧပြီ ၁၄ ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုပါတယ်။

"ဧပြီ ၁၃ ရက် မနေ့က စကစတပ်တွေဆီ ဆိုင်ကယ် ၁၅ စီး ပါသွားခဲ့ပါတယ်။ စည်သာ / နတ်မြောင်းကြား တိုက်ပွဲမှာပါ။ ဘယ်လိုမှ စီးသွားလို့မရတဲ့ အခြေနေမို့ ကျန်ထားခဲ့ရတာပါ။ စစ်ကြောင်းက သုံးကြောင်းထိုးလာပြီး ခံပစ်ရင်း ဘယ်လိုမှ မစီးသွားနိူင်ပဲ အသက်လုရင်းနဲ့ ပြေးလွှားရင်း ဆုတ်ခွာခဲ့ရတဲ့ အခြေ​နေမျိုးကြောင့်ပါ။ ကျနော့်တပ်ဖွဲ့ထဲက ၆ စီး ပါသွားပါတယ်" လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ PDF Kalay နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ စကစတပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စကစတပ်များဟာ ရွာများကို မီးရှို့ဖျက်ဆီးရုံသာမက အရပ်သားပိုင်ဆိုင်တဲ့ တန်ဖိုးရှိပစည်းများကိုလည်း ခိုးယူသယ်ဆောင်မှုများ ပြုလုပ်နေကြကြောင်း စုံစမ်းသိရှိရပါတယ်။

========================

📌📌ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်များမှ အသက် ၈၀ ကျော် အဘိုး၊ အဘွား (၄၉) ဦးအား တစ်ဦးလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် လှူဒါန်း

အသက် ၈၀ ကျော်အဘိုး၊အဘွား ၄၉ဦးကိုတစ်ဦးလျှင်ကျပ်၁၀၀၀၀နှုန်းဖြင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်များမှလှူဒါန်းခဲ့ကြောင်း
ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ဧပြီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
"မြိုင်မြို့နယ်အတွင်းမှ ကျေးရွာနှစ်ရွာနှင့် ပုလဲမြို့နယ် ကျေးရွာနှစ်ရွာမှ အသက် ၈၀ ကျော် အဘိုး၊ အဘွား ၄၉ ဦး တို့ကို တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၄၉၀၀၀၀ ကျပ်သော ပြည်သူ့အလှူငွေများကို နှစ်သစ်ကူးအထိမ်းမှတ်အဖြစ် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်များမှ လှူဒါန်းလိုက်ပါတယ်" လို့ ဖော်ပြပါတယ်။
ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်နေတဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်လို့လည်း သိရပါတယ်။

========================

📌📌ပြည်သူဘက်က မရပ်တည်ရဲသည့် အနုပညာရှင်၊ အဆိုတော်များကို မှတ်သားပြီး Boycott လုပ်ရန် GSCB က တိုက်တွန်းလှုံ့ဆော်

ပြည်သူဘက် မရပ်တည်ရဲသည့် အနုပညာရှင်၊ အဆိုတော်များကို တက်လူတို့မှတ်သားပြီး Boycott လုပ်ကြရန် GSCB က ဧပြီလ ၁၄ ရက်နေ့က တိုက်တွန်းလှုံ့ဆော်လိုက်ပါတယ်။
စကစရဲ့ သင်္ကြန်အကျနေ့မှာ ဖျော်ဖြေခဲ့တဲ့ ​နေအောင်၊ ရန်အောင်၊ သီဟတင်စိုး၊ မေသန်းနု၊ နွဲ့နွဲ့စန်း စတဲ့ အနုပညာရှင်များကို Boycott ပြုလုပ်ကြရန် လူထုကို အဖွဲ့အစည်းများက တိုက်တွန်းလိုက်ခြင်း ဖြစ်ပါတယ်။
"တော်လှန်သင်္ကြန်အကျနေ့တွင် စကစသင်္ကြန်ကို မပါဝင်ပဲ ပြည်သူအများက သပိတ်မှောက်ခဲ့သော်လည်း ပြည်သူဘက်တွင် မရပ်တည်ရဲသည့် ဘောမအနုပညာရှင်များ၊ အဆိုတော်များကို နောက်လာနောက်သာများ မှတ်တမ်းတင်ထားကာ Boycott ပြုလုပ်ကြရန် တိုက်တွန်းလှုံ့ဆော်လိုက်ပါတယ်"လို့ ဆိုထားပါတယ်။
ဒါ့အပြင်တော်လှန်ရေးကာလတွင် စစ်ဘေးရှောင်များ၊ တောထဲရှိ PDF, CDM ၊ ထောင်တွင်းအကျဉ်းကျနေသည့် ရဲဘော်များသည် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် ပေးဆပ်တိုက်ပွဲဝင်နေသူများဖြစ်ကြပြီး လေးစားဂုဏ်ယူသောအားဖြင့် ထိုသူများက အောင်ပွဲဝင်မှသာ ပွဲတော်များကို အတူတူဆင်နွဲကြမည် ဖြစ်ကြောင်းလည်း ဆိုပါတယ်။
ပြည်သူဘက်မှ မရပ်တည်ရဲသည့် အနုပညာရှင်များ၊ အဆိုရှင်များကို မှတ်သားကာ Boycott ပြုလုပ်ရန် LGBT Union Mandalay၊ လူငယ်များ သမဂ္ဂ (Youths Union)၊ စမ်းချောင်းပင်မသပိတ်နှင့် အလုပ်သမားတပ်ပေါင်းစု LA တို့က လှုပ်ရှားမူ ပြုလုပ်တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ့်အဖွဲ့အစည်းကလည်း "ဖက်ဆစ်စစ်တပ်ရဲ့သင်္ကြန်ကို ယခုနွေဦးတော်လှန်ရေးကာလတွင်သာမက -
ဖက်ဆစ်အစိုးရသမိုင်းအစဉ်အဆက် ဦးနေဝင်းလက်ထက်ကပင် ပြည်သူလူထုနဲ့ဆန့်ကျင်တဲ့ဘက်မှာအမြဲရပ်တည်ခဲ့တဲ့ ' နေအောင် ၊တော်လှန်ရေးဇာတ်ကားတွေရိုက်နေပြီး တကယ်တော်လှန်ရမည်ဆိုသည့်အချိန်ကျ ပြည်သူလူထုကိုမှတော်လှန်ခဲ့တဲ့ ' သီဟတင်စိုး'၊ နယ်ပရိတ်သတ်များအကြိုက်ဟုဆိုကာ ပညာပေးဇာတ်ကားခေါင်းစဉ်တပ် ပြည်သူလူထုကို အသိပညာအမှားများ ရိုက်သွင်းနေတဲ့ ' အာကာမြင့်အောင်၊ သူပုန်ခေါင်းဆောင်၊ ဖိုက်တင်ခေါင်းဆောင်နေရာမှာ အမြဲရိုက်လာခဲ့တဲ့ ခေါင်းဆောင် ' မင်းခန့်ကျော်၊ အမေများယိမ်းအဖွဲ့ နှင့် မမများယိမ်းအဖွဲ့မှ' မတူး ' တို့သည် ပြည်သူလူထု၏ ဂရုမစိုက်ခြင်းအနုပညာ - "လူမှုရေးပြစ်ဒဏ်ခတ်ခြင်း" ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားပါကြောင်း ကြေညာအပ်ပါသည်ရှင့်" လို့ ဆိုထားပါတယ်။
၄င်းအနုပညာရှင်များဟာ အခကြေးငွေများကိုရယူကာ စစ်ကောင်စီရဲ့ လူမရှိတဲ့သင်္ကြန်မှာ ဖျော်ဖြေခဲ့ကြခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment