သတင်းခေါင်းစဉ်များ -
📌တော်လှန်ရေး စိတ်ဓာတ်အပြည့်အဝရှိသော တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် မင်းအောင်လှိုင်ဖိတ်ကြားမှုကို မပါဝင်ဘဲ ဓမ္မဘက် အတူရပ်တည်ရန် ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြား
📌စကစရဲ့ တပ်တွင်းဟာ အတော့်ကို ယိုင်နဲ့နေပြီဖြစ်လို့ အခွင့်သာရင် ထွက်လာချင်သူအများစုဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအသိပေးပြောကြား
📌ကြားကာလ သယံဇာတ စီမံအုပ်ချုပ်ရေးဆိုင်ရာမူဘောင်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြ
📌စစ်တပ်က ပြည်သူလူထုကို ကျွန်ဇာတ်သွင်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
📌ကြားကာလ အထူးဒေသအဖြစ် အတည်ပြုပြီးသား မြို့နယ်များအတွက် ပညာရေးနှင့် ကျန်းမာရေး တာဝန်ခံများ အချိတ်အဆက်မပြတ်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှာကြား
📌" CDM ခိုလှုံသူ စကစတပ်သား နှစ်ဦးကို Cobra စစ်ကြောင်းမှ လက်ခံကြိုဆို "
📌မန္တလေးနန်းတွင်း ခ.လ.ရ ၁၂၁ မှ ရှေ့တန်းရောက် စကစတပ်သားတစ်ဦး ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့သို့ ဆက်သွယ်၍ အလင်းဝင်
📌ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၄ ကြိမ်နှင့်အထက် တိုက်ခိုက်ရာမှာ စကစတပ်ဖွဲ့ဝင် ငါးဆယ်ဦးထက်မနည်း သေဆုံးတယ်လို့ Ranger Kalay Defend Force (RKDF) တပ်ဖွဲ့ဆို
📌ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာကို အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံးပေါင်း ၁၄၈ လုံးနှင့် စပါးတင်းပေါင်း ၉၁၁၂၀ တင်း မီးလောင်ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌တော်လှန်ရေး စိတ်ဓာတ်အပြည့်အဝရှိသော တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် မင်းအောင်လှိုင်ဖိတ်ကြားမှုကို မပါဝင်ဘဲ ဓမ္မဘက် အတူရပ်တည်ရန် ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြား
တော်လှန်ရေး စိတ်ဓာတ်အပြည့်အဝရှိသော တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် မင်းအောင်လှိုင်ဖိတ်ကြားမှုကို မပါဝင်ဘဲ ဓမ္မဘက် အတူရပ်တည်ရန် ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်းပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အဘက်ဘက်မှ ဖိအားများ ရင်ဆိုင်နေရပြီး မကြုံစဖူး တိုင်းရင်းသားလက်နက်ကိုင်များအား တောင်းပန်ကာ ငြိမ်းချမ်းရေးဆွေးနွေပွဲအတွက် ဖိတ်ကြားနေလျက်ရှိတာ တွေ့ရပါတယ်။ ဆယ်စုနှစ်များစွာ လိမ်လည် ကောက်ကျစ်ခဲ့သည့် စစ်အုပ်စု၏ ဖိတ်ခေါ်မှုကို မည်သည့်အဖွဲ့မှ လက်ခံယုံကြည်ကြမည်မဟုတ်ပါ။ တော်လှန်ရေးစိတ်ဓာတ်အပြည့်အဝရှိသော တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် မင်းအောင်လှိုင်ဖိတ်ကြားမှုကို မပါဝင်ဘဲ ဓမ္မဘက် အတူရပ်တည်လျက် ပြည်သူများနှင့်အတူ လက်တွဲကာ အာဏာရှင်စနစ်ဆိုးကို ဖယ်ရှားပြီး လူမျိုးကြီးဝါဒ လွန်းမိုးမှုမရှိသောစနစ်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်စနစ်ကို အတူဖန်တီးကြဖို့ တောင်းဆိုလိုပါတယ်” လို့ ယာယီသမ္မတကပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ကြွေးကြော်ထားပြီး တိုင်းရင်သားခေါင်းဆောင်များကို ၄င်းကိုယ်တိုင်တွေ့ဆုံမယ်လို့ပြောကြားခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကြိုတင်မဲပေးရာတွင် ပြည်သူ့သဘောထားဖြစ်သော ရွေးကောက်ပွဲရလဒ်ကို အတည်ပြုလက်ခံရမှာဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ သတင်းမီဒီယာများကိုပြောကြားခဲ့ဖူးပါတယ်။
=======================
📌📌စကစရဲ့ တပ်တွင်းဟာ အတော့်ကို ယိုင်နဲ့နေပြီဖြစ်လို့ အခွင့်သာရင် ထွက်လာချင်သူအများစုဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအသိပေးပြောကြား
စကစရဲ့ တပ်တွင်းဟာ အတော့်ကို ယိုင်နဲ့နေပြီဖြစ်လို့ အခွင့်သာရင် ထွက်လာချင်သူအများစုဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအသိပေးပြောကြားလိုက်ပါတယ်။ ဧပြီ ၂၆ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
“စကစရဲ့ တပ်တွင်းဟာ အတော့်ကို ယိုင်နဲ့နေပြီဖြစ်ပါတယ်။ အခွင့်သာရင် ထွက်လာချင်သူက အများစုဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့ဘက်ကသာ Defector ကိစ္စတွေအတွက် တိုင်းရင်းသား မဟာမိတ်များနဲ့ စနစ်တကျ တိုင် ပင်စီစဉ်ဆောင်ရွက်သွားကြမယ်ဆိုရင် တော်လှန်ရေးအတွက် အင်မတန်အကျိုးများမှာဖြစ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီဒေသတို့မှာ အထိနာ ဆုံးရှုံးလျက်ရှိပါတယ်။ လက်ရှိမှာ CDM တပ်နဲ့ ရဲအင်အား တစ်သောင်းဝန်းကျင်ခန့် ရှိပြီဖြစ်ပါတယ်။
========================
📌📌ကြားကာလ သယံဇာတ စီမံအုပ်ချုပ်ရေးဆိုင်ရာမူဘောင်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြ
ကြားကာလ သယံဇာတ စီမံအုပ်ချုပ်ရေးဆိုင်ရာမူဘောင်ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂၆ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြားကာလ သယံဇာတ စီမံအုပ်ချုပ်ရေးဆိုင်ရာမူဘောင် (သတ္တု၊ ကျောက်မျက်ရတနာနဲ့ ပုလဲကဏ္ဍ)တင်ပြခဲ့ပါတယ်။
ထို့အပြင် အလုပ်သမားဝန်ကြီးဌာနကလည်း ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အခမ်းအနားကျင်းပရေးကိစ္စ၊ တရားရေးဝန်ကြီးဌာနကလည်း NUG-CRPH- NUCC တို့ရဲ့ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်တွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သလို ယာယီသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌စစ်တပ်က ပြည်သူလူထုကို ကျွန်ဇာတ်သွင်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
စစ်တပ်က ပြည်သူလူထုကို ကျွန်ဇာတ်သွင်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဆိုလိုက်ပါတယ်။ ဧပြီ ၂၆ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၏ ပြည်သူ့သို့ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ အစီရင်ခံမှုမှ ကောက်နှုတ်ချက်ကို ဝန်ကြီးဌာန လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။
“နွေဦးတော်လှန်ရေး ပေါ်ပေါက်လာရခြင်းရဲ့ အကြောင်းအရင်းကတော့ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ဖြစ်တဲ့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ စစ်ခေါင်းဆောင်များက နိုင်ငံ့အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့မှုကြောင့် ဖြစ်ပါတယ်။ ရေရှည်နိုင်ငံရေးပြဿနာကတော့ စစ်တပ်ဟာ ပြည်သူ့ဆန္ဒကို အခြေမခံဘဲ နိုင်ငံရေးအာဏာရယူပြီး ပြည်သူလူထုတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်များနှင့် လူသားဂုဏ်သိက္ခာကို နင်းချေချိုးဖျက် ကျွန်ဇာတ်သွင်းပြီး ၎င်းတို့အာဏာ တည်မြဲရေးကိုသာ တစိုက်မက်မက် ဆောင်ရွက်နေမှုပဲဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က အသိအမှတ်မပြုဘဲ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။ " ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းပြီး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ခုတည်းသော အဖြေကတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးပဲ ဖြစ်ပါတယ်"လို့ ပြည်ထဲရေးဝန်ကြီးကဆိုပါတယ်။
========================
📌📌ကြားကာလ အထူးဒေသအဖြစ် အတည်ပြုပြီးသား မြို့နယ်များအတွက် ပညာရေးနှင့် ကျန်းမာရေး တာဝန်ခံများ အချိတ်အဆက်မပြတ်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှာကြား
ကြားကာလ အထူးဒေသအဖြစ် အတည်ပြုပြီးသား မြို့နယ်များအတွက် ပညာရေးနှင့် ကျန်းမာရေး တာဝန်ခံများ အချိတ်အဆက်မပြတ်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှာကြားခဲ့ပါတယ်။ ဧပြီ ၂၆ ရက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ကမကထပြုလုပ်၍ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အထူးဒေသအုပ်ချုပ်ရေး ပအဖများ တွေ့ဆုံခြင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။
" ကြားကာလ အထူးဒေသအဖြစ် အတည်ပြုပြီးသား မြို့နယ်များအတွက် ပညာရေးနှင့် ကျန်းမာရေး တာဝန်ခံများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အချိတ်အဆက်မပြတ်စေဘဲ ရရှိထားသော ဘက်ဂျက်များကို မျှဝေသုံးစွဲပြီး ကောင်းမွန်သော စီမံခန့်ခွဲမှုများဖြင့် ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးနိုင်ဖို့ " ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ နယ်မြေတာဝန်ခံများမှလည်း မြေပြင်တွင် ဆောင်ရွက်နေသော ပညာရေး ကျန်းမာရေးကဏ္ဍအခြေအနေများကို တင်ပြပြီး ဆက်လက် လုပ်ဆောင်ရန်များကို ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါ်ဂျာထွယ်ပန်၊ သက်ဆိုင်ရာနယ်မြေ ပအဖခေါင်းဆောင်ကြီးများအပါအဝင် ပညာရေးနှင့် ကျန်းမာရေးတာဝန်ခံများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌" CDM ခိုလှုံသူ စကစတပ်သား နှစ်ဦးကို Cobra စစ်ကြောင်းမှ လက်ခံကြိုဆို "
CDM ခိုလှုံသူ စကစတပ်သား နှစ်ဦးကို Cobra စစ်ကြောင်းမှ လက်ခံကြိုဆိုခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၂၆ ရက်မှာ ခမရ (၁) သထုံနဲ့ ခမရ (၅၅၉ ) ဘုတ်ပြင်းမှ တပ်သား နှစ်ဦးကို လက်ခံခဲ့ကြောင်း ကော်ပရာစစ်ကြောင်းကဖော်ပြပါတယ်။
" CDM ခိုလှုံသူများဖြစ်သည့် ခမရ (၁) သထုံမှ တပ်သား ဝင်းထွန်း နှင့် ခမရ (၅၅၉ ) ဘုတ်ပြင်း မှ တပ်သား ကျော်ဇောဟိန်း တို့သည် မတ်လ (၁၀) ရက်နေ့က ရှေ့တန်း တစ်နေရာတွင် ကော်ဘရာစစ်ကြောင်း ထံသို့ ဆက်သွယ် ခိုလှုံခဲ့ကြပါတယ်"လို့ ဆိုပါတယ်။
ကော်ဘရာစစ်ကြောင်းအနေဖြင့် CDM အဖြစ် ပြည်သူ့ရင်ခွင် ခိုလှုံလာကြသူများအား နွေးထွေးစွာ ကြိုဆို လက်ခံလျက်ရှိပြီး ၎င်းတို့နှင့် မိသားစု လုံခြုံရေး၊ နေထိုင်ရေးများအား တာဝန်ယူ စောင့်ရှောက် ပေးလျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။ ထို့အပြင် လက်နက်နှင့်တစ်ကွ CDM ခိုလှုံကြမည့်သူများအနေဖြင့်လည်း ကော်ဘရာစစ်ကြောင်း Page တွင် ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌မန္တလေးနန်းတွင်း ခ.လ.ရ ၁၂၁ မှ ရှေ့တန်းရောက် စကစတပ်သားတစ်ဦး ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့သို့ ဆက်သွယ်၍ အလင်းဝင်
မန္တလေးနန်းတွင်း ခ.လ.ရ ၁၂၁ မှ ရှေ့တန်းရောက် စကစတပ်သားတစ်ဦး ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့သို့ ဆက်သွယ်၍ အလင်းဝင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂၆ ရက်မှာ အလင်းဝင်လာတဲ့တပ်သားကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ လွတ်မြောက်နယ်မြေသို့ လုံခြုံစွာ ပို့ဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
" တပ်သား ကျော်ဇင်အောင် ကိုယ်ပိုင်အမှတ် တ/၅၆၁၅၁၁ မန္တလေးနန်းတွင်း ခ.လ.ရ ၁၂၁ သည် ယနေ့ နံနက်တွင် ရှေ့တန်းတစ်နေရာမှ ထွက်ပြေးကာ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့သို့ ဆက်သွယ်ပြီး ပြည်သူများနှင့် ပူးပေါင်းလာပါတယ်။ CDM ပြုလုပ်လာသော တပ်သားကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ လွတ်မြောက်နယ်မြေသို့ လုံခြုံစွာ ပို့ဆောင်နိုင်ခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။ ကျန်ရှိနေသေးသော ရဲသားစစ်သားများလည်း အချိန်မီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံးပူးပေါင်းကြရန် တိုက်တွန်းအပ်ပါတယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
========================
📌📌ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၄ ကြိမ်နှင့်အထက် တိုက်ခိုက်ရာမှာ စကစတပ်ဖွဲ့ဝင် ငါးဆယ်ဦးထက်မနည်း သေဆုံးတယ်လို့ Ranger Kalay Defend Force (RKDF) တပ်ဖွဲ့ဆို
ဧပြီလအတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၄ ကြိမ်နှင့်အထက် တိုက်ခိုက်ရာမှာ စကစတပ်ဖွဲ့ဝင် ငါးဆယ်ဦးထက်မနည်း သေဆုံးတယ်လို့ Ranger Kalay Defend Force (RKDF) တပ်ဖွဲ့က ဆိုပါတယ်။ ဧပြီ ၂၆ ရက် မှာ ကလေးတောင်ပိုင်း စစ်ရေးလှုပ်ရှားမှုအချုပ်ကို Ranger Kalay Defend Force (RKDF) တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြပါတယ်။
"ယခုလအတွင်း ပူးပေါင်းတပ်များနှင့်အတူ RKDF နှင့် စစ်ကောင်စီတပ်ထိတွေ့ကာ တိုက်ပွဲဖြစ်ပွားမှု့ ၄ ကြိမ်နှင့်အထက်ဖြစ်ပွားခဲ့ပါတယ်။ ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ၅၀ ဦးထက်မနည်း ကျဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။ RKDF ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။
"ပူးပေါင်းတပ်ဖွဲ့များမှ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးကာ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့သော ရဲဘော်ရဲဘက် အပေါင်းအား လေးစားစွာ ဦးညွှတ် အလေးနီပြုပါတယ်"လို့လည်း RKDF အဖွဲ့က ဖော်ပြပါတယ်။
========================
📌📌ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာကို အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံးပေါင်း ၁၄၈ လုံးနှင့် စပါးတင်းပေါင်း ၉၁၁၂၀ တင်း မီးလောင်ပျက်စီး
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာကိုအကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံးပေါင်း ၁၄၈ လုံးနှင့် စပါးတင်းပေါင်း ၉၁၁၂၀ တင်း မီးလောင်ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၂၆ ရက်မှာ ဝန်းသို တော်လှန်ရေးအင်အားစုက အကြမ်းဖက် စစ်တပ်လုပ်ရပ်များကိုဖော်ပြခဲ့ပါတယ်။
"ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှစပြီး ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ ၉ ရွာကို အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အလုံးပေါင်း ၁၄၈ အိမ် နှင့် စပါးတင်းပေါင်း ၉၁၁၂၀ တင်း မီးလောင်ပျက်စီးခဲ့တယ်"လို့ ဝန်းသိုတော်လှန်ရေးအင်အားစုကဆိုပါတယ်။ လက်ရှိမှာ ဝန်းသိုမြို့နယ်တွင် ရှမ်းစုရွာ ၁၁ အိမ်၊ စိန်လည် ရွာ ၄၅ လုံး၊ သပြေသာရွာ ၃၁ လုံး၊ အောင်ကုန်း ၂၆ လုံး၊ ဥသျှစ်ခုံရွာ တွင် သီလရှင်ကျောင်း တစ်ကျောင်းနှင့် နေအိမ် ၃၃ လုံး၊ ကျောက်ပါက်ခုံကျေးရွာ၌ လက်နက်ကြီးကျ၍ နေအိမ် ၁ လုံး နှင့် ဖန်းခါးခုံရွာတွင် နေအိမ် ၁လုံး စုစုပေါင်း ၁၄၈ လုံး မီးထဲပါသွား ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင်စပါးတင်းပေါင်း ၉၁၁၂၀ တင်း မီးထဲပါသွားခဲ့ပါတယ်။ စစ်ဘေးရှောင်နေကြရသူများမှာ ရှမ်းစုတွင် ၉၄ ဦး၊ စိန်လည် ၃၅၂ ဦး၊ သပြေသာ၂၆၀ ဦး၊ အောင်းကုန်း ၁၃၅ ဦး၊ ကျောက်ပေါက်ခုံ ၁၄၅ ဦး၊ အုပ်သျှစ်ခုံ၂၁၅ ဦး စုစုပေါင်းစစ်ဘေးရှောင်ဦးရေမှာ ၁၁၄၇ ဦးရှိလာခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment