27th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတကြီးနှင့် ပြည်ထောင်စုဝန်ကြီးချုပ် နိုင်ငံတကာကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ တော်လှန်ရေးအတွက်ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့
📌အမျိုးသားညီညွတ်ရေးအစိုးရရဲ့တိုးတက်ပြောင်းလဲမှုအပေါ်မူတည်၍ အမေရိကန်မှာထားရှိတဲ့ ဒေါ်လာတစ်ဘီလျံအား အမြန်ဆုံးပေးနိုင်ဖို့ ကြိုးပမ်းပေးမယ်လို့အမေရိကန်ဆို
📌အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဦးဖြိုးမင်းသိန်းနဲ့ ဆက်စပ်တဲ့ အဂတိအမှုအတွက် ထောင်ဒဏ် ၅နှစ် ထပ်မံချမှတ်
📌ပျူစောထီးများကို တရားဥပဒေအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း အရေးယူဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကြေညာ
📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ အလယ်ပိုင်းတိုင်းဌာနချုပ် စစ်ဒေသ ၃ တပ်ရင်း ၉၀၂ အတွက် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ ကူညီ
📌စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်ရင်း ကလေးမီးဖွားရတဲ့ မိခင်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အတွက် အခက်အခဲကြုံနေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတကြီးနှင့် ပြည်ထောင်စုဝန်ကြီးချုပ် နိုင်ငံတကာကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ တော်လှန်ရေးအတွက်ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အာဆီယံဆိုင်ရာ သံအမတ်ကြီး နှင့် နိုင်ငံတကာကိုယ်စားလှယ်များ နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတကာ ကိုယ်စားလှယ်များမှ မိမိတို့ လက်ရှိအချိန်ထိဆောင်ရွက်ထားရှိမှုများ၊ မိမိတို့တော်လှန်ရေးအတွက်ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို အပြန်အလှန်တင်ပြဆွေးနွေးပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် အာဆီယံဆိုင်ရာသံအမတ်ကြီးအပါအဝင် ချက်သမ္မတနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ နှင့် ဂျပန်နိုင်ငံများတွင် ကိုယ်စားလှယ်များ ခန့်အပ်ထားရှိပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရရဲ့တိုးတက်ပြောင်းလဲမှုအပေါ်မူတည်၍ အမေရိကန်မှာထားရှိတဲ့ ဒေါ်လာတစ်ဘီလျံအား အမြန်ဆုံးပေးနိုင်ဖို့ ကြိုးပမ်းပေးမယ်လို့အမေရိကန်ဆို

အမျိုးသားညီညွတ်ရေးအစိုးရရဲ့တိုးတက်ပြောင်းလဲမှုအပေါ်မူတည်၍ အမေရိကန်မှာထားရှိတဲ့ ဒေါ်လာတစ်ဘီလျံအား အမြန်ဆုံးပေးနိုင်ဖို့ ကြိုးပမ်းပေးမယ်လို့အမေရိကန်ကဆိုလိုက်ကြောင်း လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။

အိမ်ဖြူတော်တွင် အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီ၊ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ နှင့် တွေ့ဆုံစဉ် အမေရိကန်ဘက်မှ ပြောကြားခဲ့တာလို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဘအတည်ပြုပါတယ်။

"သူတို့ဘက်ကအကုန်လုံးမပေးနိုင်သည့်တိုင်အောင် ကျွန်တော်တို့ဘက်ကတိုးတက်ပြောင်းလဲလာတဲ့ တိုးတက်လာမှုပေါ်မူတည်ပြီး အမြန်ဆုံးပေးနိုင်ဖို့အတွက် ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်းသူတို့ဘက်က ပြောပါတယ်"လို့ ဝန်ကြီးကဆိုထားပါတယ်။ အာဏာမသိမ်းမီ ပြည်သူ့အစိုးရက ဒေါ်လာတစ်ဘီလျံကို အမေရိကန်နိုင်ငံ၌ အပ်နှံခဲ့ခြင်းဖြစ်ပါတယ်။

========================

📌📌အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဦးဖြိုးမင်းသိန်းနဲ့ ဆက်စပ်တဲ့ အဂတိအမှုအတွက် ထောင်ဒဏ် ၅နှစ် ထပ်မံချမှတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ဧပြီ ၂၇ ရက်နေ့ ရုံးချိန်းမှာ အဂတိအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ ဒီနေ့ရုံးချိန်းမှာ ရှေ့နေအဖွဲ့ဟာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ခွင့်မရခဲ့ဘဲ မနက် ၉ နာရီခွဲ အချိန်မှာ တရားသူကြီးက အမိန့်ချခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဆီက အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိဿာ လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မဟုတ်တမ်းတရားတွေလို့ ငြင်းဆိုထားဖူးပါတယ်။

========================

📌📌ပျူစောထီးများကို တရားဥပဒေအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း အရေးယူဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကြေညာ

ဧပြီ ၂၇ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက ပျူစောထီးများနဲ့ပတ်သက်သော ကြေညာချက် (၂/၂၀၂၂) ကိုထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ကြေညာချက်အရ အကြမ်းဖက်ဝါဒီ စစ်ကောင်စီသည် တစ်နေ့တခြား ပြုန်းတီးလျက်ရှိသော ၎င်း၏အင်အားကို ဖြည့်တင်းရန် အလို့ငှာ ပျူစောထီး အပါအဝင် ဒေါက်တိုင်အကြမ်းဖက်အဖွဲ့များအား ဖွဲ့စည်း လေ့ကျင့် လက်နက်တပ်ဆင်ပေးလျက် အရပ်သားပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ပြည်သူအချင်းချင်း ရန်ပြုတိုက်ခိုက်စေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့တော်လှန်ရေးအင်အားစုများကို စစ်ပြိုင် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိတယ်လို့ဖော်ပြပါတယ်။

အချုပ်အားဖြင့်ပြောရလျှင် ၎င်းပျူစောထီးနှင့် စစ်ကောင်စီဒေါက်တိုင်အဖွဲ့များသည် အကြမ်းဖက်အဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။ သို့ဖြစ်၍ ပျူစောထီးနှင့်ဒေါက်တိုင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ အနေဖြင့် အမြင်မှန်ရလျက် အကြမ်းဖက်ဝါဒီ စစ်ကောင်စီကို အမြန်ဆုံး စွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) နှင့် ပြည်သူ့တော်လှန်ရေး အင်အားစုများထံ လက်နက်များအပ်နှံ၍ အချိန်မီပူးပေါင်းကြရန်နှင့် ပူးပေါင်းလာသူများအား လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ အလယ်ပိုင်းတိုင်းဌာနချုပ် စစ်ဒေသ ၃ တပ်ရင်း ၉၀၂ အတွက် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ ကူညီ

"အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မှ (၉၀၂) တပ်ရင်း (People's Defence Force - Natmauk) အတွက်ချထားပေးသော ငွေကျပ်သိန်းတစ်ရာ အားလက်ခံရရှိပါတယ်လို့ ဧပြီ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နတ်မောက်ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းခံရချိန်မှစ၍ NPDF ကိုအင်အား ၂၀ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ကျေးရွာအင်အားစုများနှင့် ချိတ်ဆက်ပြီး အင်အားဖြည့်တင်းခဲ့ပါတယ်။

========================

📌📌စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်ရင်း ကလေးမီးဖွားရတဲ့ မိခင်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့အတွက် အခက်အခဲကြုံနေ

စစ်ကောင်စီရဲ့အကြမ်းဖက်ဖိအားပေးတာကို အဆိုးဆုံးခံနေရတဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်ဘေးရှောင်ပြည်သူ သိန်းနဲ့ချီပြီးရှိနေတာပါ။ အဲ့ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေလည်းပါဝင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတစုံတရာမရတဲ့အတွက် အခက်အခဲတွေ့နေရပါတယ်။ ၂၀၂၁ ဒီဇင်ဘာလမှာ ပုလဲမြို့နယ်အတွင်း စစ်ဘေးရှောင်ရင်း တောထဲမှာ မီးဖွားခဲ့ရတဲ့ မိခင်တစ်ဦးက သူ့ရဲ့သမီးငယ်ကို အခုအချိန်အထိ ကာကွယ်ဆေးတွေမထိုးပေးရသေးသလို ကလေးမိခင်ဟာ တိုက်ပွဲတွေအတွင်းမှာ အကိုဖြစ်သူသေနတ်ထိမှန်သေဆုံးတာကို မျက်မြင်တွေ့ခဲ့ရသူလည်းဖြစ်ပါတယ်။

(ပုလဲမြို့နယ်ထဲက မိခင်တစ်ဦး၏အပြော)
“ကျမသမီးလေးကတော့ အခုချိန်ထိကာကွယ်ဆေးအချိန်မှန်မထိုးခဲ့ရသေးပါဘူးရှင့်. ကလေးက ၅ လရှိပြီ ကျန်းမာရေးအရ ကလေးနဲ့ပတ်သက်လာရင် ကျမမိခင်တစ်ယောက်အနေနဲ့တော်တော်ကိုစိုးရိမ်နေတာ ပြေးရင်းလွှားရင်းနဲ့ ကျမသမီးလေးကိုယ်ဝန်ဆောင်ပျက်ကျမှာ ကျမတအားစိုးရိမ်ခဲ့ရတယ် ရေသောက်ချိန်တန်မသောက်ရ ထမင်းစားချိန်တန်မစားရနဲ့ ဒုက္ခတော်တော်ကိုရောက်ခဲ့ကြရပါတယ် တောထဲမှာမီးဖွားနေရင်းတောင်မှ မိုးရွာလို့ အပေါ်မှာစောင်းစရာမရှိဘူး အောက်မှာခင်းစရာကြမ်းပြင်မရှိဘူး ကျမမှာ ကလေးကောက်ပေးမယ့်လူတောင်မရှိပါဘူး.”

စစ်ကိုင်းတိုင်းထဲမှာ CDM ဝင်ထားတဲ့ဆရာဝန်တွေကတော့ PDF ထိန်းချုပ်နယ်မြေတွေမှာ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ဆရာဝန်တစ်ယောက်ကပြောပါတယ်။

(စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ဆရာဝန်တစ်ဦး၏အပြော)
“လစဥ် ဒါမှမဟုတ် သူ့ရဲ့ အပတ်စဥ် စောင့်ရှောက်မှုမရတဲ့အတွက်ကျနော်တို့က ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတဲ့ရောဂါရှိပါတယ်ခင်ဗျ. ဆရာဝန်တွေအကြောက်ဆုံးကတော့ သွေးတို့သလားပေါ့ဗျာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုမှာ အရေးအကြီးဆုံးကတော့ သွေးပေါင်ချိန်ရတာပေါ့ဗျာ ကိုယ်ဝန်ဆောင်မိခင်က အတက်ရောဂါမျိုးဖြစ်သွားတာမျိုး သူကတက်သွားတော့ သူ့ကလေးကိုလည်းမဖွားနိုင်တော့ဘူး. အဲလိုမျိုးတွေဖြစ်ရတဲ့ အဖြစ်တွေလည်းကျနော်တို့တွေဆီမှာကြုံရပါတယ်ဗျ”

မွေးကင်းစကနေ ၅ နှစ်အတွင်း ကလေးတွေကို ထိုးပေးထားသင့်တဲ့ကာကွယ်ဆေးတွေကတော့ ဆုံဆို့နာ၊ မေးခိုင်၊ ကြက်ညှာ၊ ချောင်းဆိုး၊ သွေးလွန်တုပ်ကွေး၊ အသည်းရောင်ရောဂါ ဘီ၊ ပိုလီယို၊ အဆုတ်ပိုင်းဆိုင်ရာအဖျားရောဂါ၊ ဝက်သက်၊ ရေကျောက်၊ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေး၊ အသည်းရောင် အေ ကာကွယ်ဆေးတွေဖြစ်ပါတယ်။ ကလေးတွေကို ဆေးထိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပံ့ပိုးမှု၊ အလှူရှင်တွေရဲ့ အကူအညီတွေနဲ့ လုပ်ဆောင်သွားနိုင်ဖို့ မြေပြင်က ဆရာဝန်တွေက ကြိုးစားနေပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment