၂၀၂၂ ဧပြီလ ၂၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌သွေးခွဲစေမည့် လုပ်ရပ်များကို အထူးသတိထားဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌မြန်မာနိုင်ငံရှိ ကလေးငယ် ၇ သိန်း နီးပါးဟာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများ မရရှိခဲ့တဲ့အတွက် ကလေးငယ်များမှာ ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ ရောဂါများ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်များ ကြုံတွေ့နေရတယ်လို့ Unicef Myanmar ထုတ်ပြန်
📌နယ်မြေစိုးမိုးရေးနဲ့ စစ်ဆင်ရေး ဆောင်ရွက်ရာမှာ အခက်အခဲကြုံတွေ့နေရတာကြောင့် ထားဝယ်-ထီးခီးလမ်းတွေကို မေလ ၄ ရက်နေ့အထိ အသုံးပြုမှုရပ်ဆိုင်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မေတ္တာရပ်ခံ
📌စကစတပ်မှ CDM ဝင်လာတဲ့ တပ်သားတစ်ဦးကို PDF Kalay တပ်ရင်း ၅ မှ လွတ်မြောက်နေရာသို့ ပို့ဆောင်
📌မန္တလေး သင်္ဘောကျင်းမှ စက်ဆရာနဲ့ ဆလင်များကို စစ်ကောင်စီတပ်က ရိက္ခာပို့ ရေယာဥ်များတွင် ခေါ်ယူအသုံးပြု၍ ထွက်ပြေးနေကြရ
📌ရက္ခိုင့်တပ်တော် (AA) က CDF - Mindat ကို စစ်ပညာသင်တန်းပေးရုံသာမက လက်နက်များပါတပ်ဆင်ပေးခဲ့
📌ပခုက္ကူ PPDF ရဲဘော် တစ်ဦးတောတွင်း မင်္ဂလာဆောင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌သွေးခွဲစေမည့် လုပ်ရပ်များကို အထူးသတိထားဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
သွေးခွဲစေမည့် လုပ်ရပ်များကို အထူးသတိထားဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ၅၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
"နွေဦးတော်လှန်ရေးရဲ့ အဓိကမဏ္ဍိုင်တွေဖြစ်တဲ့ လူငယ် ဂျန်ဇီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်မဟာ မိတ်တွေ၊ သပိတ်ကော်မတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ အစရှိတဲ့ အင်အားစုတွေလက် တွဲမကွဲဘဲ ပန်းတိုင်ရောက်တဲ့အထိ ကြံ့ကြံ့ခိုင်ရင်ဆိုင်သွားဖို့လိုပါတယ်။မိမိတို့အကြား သွေးခွဲစေမည့် လုပ်ရပ်များကို အထူးသတိထားကာ တော် လှန်ရေးအောင်မြင်ဖို့အတွက် လက်တွဲညီ ညီ အတူရှေ့ဆက်ကြဖို့ လိုအပ်ပါတယ်”လို့ ယာယီသမ္မတကဆိုပါတယ်။ လက်ရှိမှာ စကစဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အစိုးရထောက်ခံတဲ့ ပြည်သူလူထုကြား သွေးကွဲစေမဲ့ မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ဖြန့်ချီလျက်ရှိပါတယ်။
=======================
📌📌မြန်မာနိုင်ငံရှိ ကလေးငယ် ၇ သိန်း နီးပါးဟာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများ မရရှိခဲ့တဲ့အတွက် ကလေးငယ်များမှာ ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ရောဂါများ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်များ ကြုံတွေ့နေရတယ်လို့ Unicef Myanmar ထုတ်ပြန်
မြန်မာနိုင်ငံရှိ ကလေးငယ် ၇ သိန်း နီးပါးဟာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများ မရရှိခဲ့တဲ့အတွက် ကလေးငယ်များမှာ ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ရောဂါများ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်များ ကြုံတွေ့နေရတယ်လို့ Unicef Myanmar ထုတ်ပြန်လိုက်ပါတယ်။ ဧပြီ ၂၇ ရက်မှာ ယူနီဆတ်မြန်မာကနေ တရားဝင်ကိန်းဂဏန်းများကို ဖော်ပြခဲ့တာဖြစ်ပါတယ်။
"မြန်မာနိုင်ငံရှိ ကလေးငယ် ၇ သိန်း နီးပါးဟာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများ မရရှိခဲ့တဲ့အတွက် ကလေးငယ်များမှာ ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ရောဂါများ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်များ ကြုံတွေ့နေရပါတယ်။ အားလုံး အသက်ရှည်ရှည်နေထိုင်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်"လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူလူထုဟာ အကြမ်းဖက် စစ်အုပ်စုကြောင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို မရရှိခဲ့ဘူးလို့သိရပါတယ်။ ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုရဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေးငယ်တစ်ရာကျော် တော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရပါတယ်။
========================
📌📌နယ်မြေစိုးမိုးရေးနဲ့ စစ်ဆင်ရေး ဆောင်ရွက်ရာမှာ အခက်အခဲကြုံတွေ့နေရတာကြောင့် ထားဝယ်-ထီးခီးလမ်းတွေကို မေလ ၄ ရက်နေ့အထိ အသုံးပြုမှုရပ်ဆိုင်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့မေတ္တာရပ်ခံ
နယ်မြေစိုးမိုးရေးနဲ့ စစ်ဆင်ရေး ဆောင်ရွက်ရာမှာ အခက်အခဲကြုံတွေ့နေရတာကြောင့် ထားဝယ်-ထီးခီးလမ်းတွေကို မေလ ၄ ရက်နေ့အထိ အသုံးပြုမှုရပ်ဆိုင်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ မေတ္တာရပ်ခံလိုက်ပါတယ်။ ဧပြီ ၂၇ ရက်နေ့မှာ ထားဝယ်-ထီးခီးလမ်းနှင့် ဆက်စပ်လမ်းများ အသုံးပြုမှုကို ဧပြီလ ၂၇ ရက်မှ မေလ ၄ ရက်အထိ ရပ်ဆိုင်းပေးထားရန် လူထုကို တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တနင်္သာရီတိုင်းအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး အခြေအနေအရ ထားဝယ်-ထီးခီးလမ်းအား အသုံးပြုမှုကို ခေတ္တရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံထားသော်လည်း ကုန်ကားများက ဆက်လက်သွားနေတယ်လို့ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များကလည်း ကုန်ကားများအသုံးပြုလာကြောင်းတွေ့ရှိရတယ်လို့ဆိုထားပါတယ်။
ထို့ကြောင့် ထားဝယ်-ထီးခီးလမ်းခွဲတွေဖြစ်တဲ့ ရေနက်ဆိပ်ကမ်း-မေတ္တာလမ်း၊ မောင်မယ်ရှောင်-ရေဝိုင်းနဲ့ဇဟာ-ဆီပင်ကွေ့ရေလုံအင်းနဲ့ ဆက်စပ်လမ်းတွေ အသုံးပြုမှုကို ဧပြီလ ၂၇ ရက်မှ မေလ ၄ ရက် အထိ ရပ်ဆိုင်းလိုက်တယ်လို့ဆိုထားပါတယ်။
========================
📌📌စကစတပ်မှ CDM ဝင်လာတဲ့ တပ်သားတစ်ဦးကို PDF Kalay တပ်ရင်း ၅ မှ လွတ်မြောက်နေရာသို့ ပို့ဆောင်
စကစတပ်မှ CDM ဝင်လာတဲ့ တပ်သားတစ်ဦးကို PDF Kalay တပ်ရင်း ၅ မှ လွတ်မြောက်နေရာသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာ CDM တပ်သားစောအယ်တလယ်ကို လွတ်မြောက်နယ်မြေပို့ဆောင်ပေးပြီးပြီလို့ PDF Kalay တပ်ရင်း ၅ ကဆိုပါတယ်။
"CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသောစအရ ၉၁၆ မှ ကိုယ်ပိုင်အမှတ် တသ/555161 စောအယ်တလယ်အား ကျွန်တော်တို့မှ လွတ်မြောက်ရာနေရာသို့ လိုအပ်သည်များကိုဖြည့်ဆည်း ထောက်ပံ့ပို့ဆောင်ပေးပြီးဖြစ်ပါတယ်လို့ဆိုပါတယ်။
လက်ရှိမှာ CDM ဝင်လာတဲ့ တပ်နဲ့ရဲ အင်အား တစ်သောင်းခန့် ရှိပြီဖြစ်ပါတယ်။ လက်ရှိ စကစတပ်မှ CDM ဝင်လာတဲ့အထဲမှာ ဒုတိယဗိုလ်မှူးကြီး သုံးဦးအထိ ရှိလာခဲ့ပါတယ်။
========================
📌📌မန္တလေး သင်္ဘောကျင်းမှ စက်ဆရာနဲ့ ဆလင်များကို စစ်ကောင်စီတပ်က ရိက္ခာပို့ ရေယာဥ်များတွင် ခေါ်ယူအသုံးပြု၍ ထွက်ပြေးနေကြရ
မန္တလေး သင်္ဘောကျင်းမှ စက်ဆရာနဲ့ ဆလင်များကို စစ်ကောင်စီတပ်က ရိက္ခာပို့ ရေယာဥ်များတွင် ခေါ်ယူအသုံးပြု၍ ထွက်ပြေးနေကြရတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂၇ ရက်မှာ မိုးကြိုးသတင်းဌာနကို CDM ဝန်ထမ်းများက အတည်ပြုဆက်သွယ်ပြောကြားခဲ့ပါတယ်။
"မန္တလေး သင်္ဘောကျင်းမှ စက်ဆရာနဲ့ ဆလင်ပါတယ်။ လုပ်သားပါတယ်။ စစ်ကောင်စီတပ်က ရိက္ခာပို့ ရေယာဥ်တွေမှာ မောင်းပေးရတယ်။ လုပ်ပေးရတယ်။ အရင်က တစ်ဦးနှစ်ဦးကနေ အခု တော်တော်များများခေါ်သုံးလို့ ထွက်ပြေးကုန်ကြတယ်။ မပြေးနိုင်တဲ့လူတွေက အရက်အလွန်အကျွံသောက်လို့ တချို့ရူးကြောင်ပြီးသေတာတွေလည်းရှိတယ်"လို့ CDM ဝန်ထမ်းတစ်ဦးကဆိုပါတယ်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရေယာဥ်များဟာ ယခင်ကတည်းက နိုင်ငံတော်ပိုင်ဖြစ်သော်လည်း အကြမ်းဖက် စစ်အုပ်စုမှ ရေယာဥ်များကို လိုသလိုဆွဲသုံးခြင်း၊ ရေယာဥ်အသုံးပြုခ အကြွေးများမပေးဘဲထားခြင်းတို့လုပ်ဆောင်ခဲ့ပါတယ်။
"ဆလင်တွေ ရေယာဥ်လုပ်သားတွေ မလိုက်ချင်တာက စစ်တပ်ကသွားတဲ့ရေလမ်းကြောင်းက အပစ်ခံရတာများတယ်။ တော်လှန်ရေးသမားတွေ ပစ်ကြခတ်ကြတော့ ကြားထဲကသေမှာကြောက်ကြတာပေါ့"လို့ CDM ဝန်ထမ်းများကဆိုပါတယ်။
========================
📌📌ရက္ခိုင့်တပ်တော် (AA) က CDF - Mindat ကို စစ်ပညာသင်တန်းပေးရုံသာမက လက်နက်များပါတပ်ဆင်ပေးခဲ့
ရက္ခိုင့်တပ်တော် (AA) က CDF - Mindat ကို စစ်ပညာသင်တန်းပေးရုံသာမက လက်နက်များပါတပ်ဆင်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၂၇ ရက်မှာ CDF - Mindat က သတင်းထုတ်ပြန်ချက်အရ ရက္ခိုင့်တပ်တော် (AA) က စစ်ပညာသင်ပေးခဲ့တယ်လို့ သိရပါတယ်။
"တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာခြင်းကြောင့် စစ်ပညာအားနည်းနေသေးသည့် ကျနော်တို့ CDF - Mindat အနေဖြင့် ရက္ခိုင့်တပ်တော် ဘက်ကို စစ်ပညာသင်ယူဖို့ စွန့်စားခန်းများစွာဖွင့်ရတော့တယ်။ယခင်ကာလတွင် စစ်ပညာသင်ယူနိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံ ၊ နေရာပေါင်းစုံ သွားရောက်ခဲ့ကြတယ်။စစ်ပညာသင်ယူဖို့ စေလွှတ်ခဲ့သည့် ရဲဘော် အယောက် ၃၀ တွင် နောက်ဆုံးအသုတ် ပြန်လာသည့် ရဲဘော် ၁၅ ယောက်မှ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ပြန်လည်ရောက်ရှိခဲ့စဉ်"လို့ ရုပ်သံနဲ့တကွဖော်ပြထားပါတယ်။
လတ်တလောမှာအမျိုးသားညီညွတ်ရေးအစိုးရကလည်း ရက္ခိုင့်တပ်တော် (AA)နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားသလို တွေ့ဆုံရေးလုပ်ငန်းစဥ်ကလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌ပခုက္ကူ PPDF ရဲဘော် တစ်ဦးတောတွင်း မင်္ဂလာဆောင်
ပခုက္ကူ PPDF ရဲဘော် တစ်ဦးတောတွင်း မင်္ဂလာဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂၇ ရက်မှာ ပခုက္ကူ PPDF က သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ချစ်ခြင်းမေတ္တာဆိုတာ ပန်းတွေအပြည့်ခင်းထားတဲ့လမ်းပေါ်မှာချည်း လျှောက်လှမ်းရတာမဟုတ်ပါဘူး။ ဒီနေ့မှာ PPDF ရဲဘော်တစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲလေးကို တောတွင်းတစ်နေရာမှာ ကျင်းပခဲ့ပါတယ်။ လူဆိုတာ တစ်ဦးတစ်ယောက်တည်းချည်းနေလို့ရတဲ့သတ္တဝါမဟုတ်တော့လည်း အခက်အခဲတွေအများကြီးထဲက ခပ်တင်းတင်းဆုပ်လိုက်မိတဲ့ လက်တစ်စုံအကြောင်း အားလုံးရှေ့မှာ ကတိသစ္စာပြုကြတဲ့သဘောပါပဲ"လို့ PPDF တပ်ရင်းကဆိုပါတယ်။ အဆိုပါဧည့်ခံပွဲကို ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment