28th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး အမေရိကန်သမ္မတကို တိုက်ရိုက် စာပို့တောင်းဆိုတဲ့လှုပ်ရှားမှု စတင်
📌ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်ကို စကစ ကဖမ်းဆီး
📌ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲတွင် စကစဘက်က ၁၅ ဦးသေဆုံးကာ လက်နက်နဲ့ကျည်များ သိမ်းဆည်းရမိ
📌ပခုက္ကူ- မြိုင်ကားလမ်းမကြီးပေါ် ဖြတ်သန်းသွားလာသော စစ်ကောင်စီယာဥ်တန်းကို ပြောက်ကျားတပ်များ ၁၀ လုံးတွဲ ပဒေသာမိုင်းဖြင့် တိုက်ခိုက်၍ ငါးဦးသေဆုံး
📌စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးရသူပေါင်း ၂၀၀၀ ပြည့်တော့မယ်
📌စစ်ကိုင်းတိုင်းမှာ လာမယ့်နှစ်ကြရင် ဒေသတွင်းအဓိကထုတ်ကုန် စားသုံးဆီထုတ်လုပ်နိုင်ဖို့ မဖြစ်နိုင်တော့
📌စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ စစ်ကောင်စီက စစ်ဆေးရေးတွေ တင်းကြပ်နေတဲ့အတွက် ပြည်သူတွေအခက်အခဲကြုံနေရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး အမေရိကန်သမ္မတကို တိုက်ရိုက် စာပို့တောင်းဆိုတဲ့လှုပ်ရှားမှု စတင်

စကစရဲ့ မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်ရိုက် စာပို့တောင်းဆိုတဲ့ လှုပ်ရှားမှု စတင်နေပြီလို့ သတင်းရရှိပါတယ်။

"သမ္မတဂျိုးဘိုင်ဒန်ထံသို့ မြန်မာပြည်သူလူထုမှ တိုက်ရိုက်စာပေးပို့ခြင်း လှုပ်ရှားမှုမှာ ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်၊ ရာဇဝတ်မှု၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ မုဒိန်းမှု၊ ဓားစာခံဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီမှု၊ မီးရှို့သတ်ဖြတ်မှု စတဲ့ ဆိုးရွားရိုင်းစိုင်းတဲ့ အော့နှလုံးနာစရာ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်နိုင်ဖို့ စစ်အုပ်စုရဲ့ငွေပင်ငွေရင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်ရိုက် စာပို့တောင်းဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်"လို့ BloodMoneyMyanmar ကဖော်ပြထားပါတယ်။

Total နဲ့ Chevron တို့ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ လူအခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ အလုပ် ဆက်မလုပ်ဘဲ ထွက်သွားတော့မယ်လို့ ကြေညာခဲ့ပါတယ်။

သို့သော် စီမံကိန်း ပိတ်သိမ်းခအနေနဲ့ MOGE အကောင့်ထဲကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅၀ ပေးခွင့် ရှိတယ်ဆိုတဲ့ အချက်နဲ့၊ လုပ်ငန်းလုပ်ဆောင်တဲ့ အချက်အလက်များလည်း ပေးနိုင်ပြီး ရှယ်ယာများကို MOGE ဆီ ခွဲပေးနိုင်တယ်လို့ ကင်းလွတ်ခွင့်ဖော်​ချက်များအရသိရပါတယ်။

========================

📌📌ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်ကို စကစ ကဖမ်းဆီး

ဧပြီ ၂၇ ရက်တွင် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်ကို မန္တလေး အိုးဘိုအကျဥ်းထောင်တွင်း ဒေါက်တာဇော်မြင့်မောင်အမှုအား လိုက်ပါဆောင်ရွက်ပြီးအပြန်မှာ ဖမ်းဆီးခံရတယ်လို့ တရားလွှတ်တော် ရှေ့နေတစ်ဦးကဆိုပါတယ်။ အခုထိတော့ ဆရာတို့လည်း ဆက်သွယ်မရသေးဘူး လို့ဆိုပါတယ်။ ဒေါ်ရွက်နုအောင်ကို ဖမ်းဆီးအပြီးမှာ ၄င်းရှေ့နေရုံးခန်းကိုလည်း စကစတပ်များက ဝင်ရောက်ရှာဖွေတယ်လို့ သိရပါတယ်။

========================

📌📌ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲတွင် စကစဘက်က ၁၅ ဦးသေဆုံးကာ လက်နက်နဲ့ကျည်များ သိမ်းဆည်းရမိ

ဧပြီလ ၂၇ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက်ဟာ ကလေးမြိုနယ် တောင်ပိုင်း အရှေ့စည်းရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် ကာကွယ်​ရေးတပ်က ပူးပေါင်းအဖွဲ့များ တိုက်ခိုက်ခဲ့တဲ့အတွက် စကစဘက်က ၁၅ ဦးသေဆုံးကာ လက်နက်နဲ့ကျည်များ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

" PDF (Kalay) ၊ CDF (KKG) ၊ RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဟာ ညနေ ၇ နာရီ အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးတယ် "လို့ PDF Kalay ကဆိုပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ PDF (Kalay) တပ်ဖွဲ၀င် ၂ ဦး၊ RKDF တပ်ဖွဲ၀င် ၂ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

========================

📌📌ပခုက္ကူ- မြိုင်ကားလမ်းမကြီးပေါ် ဖြတ်သန်းသွားလာသော စစ်ကောင်စီယာဥ်တန်းကို ပြောက်ကျားတပ်များ ၁၀ လုံးတွဲ ပဒေသာမိုင်းဖြင့် တိုက်ခိုက်၍ ငါးဦးသေဆုံး

"ဧပြီ ၂၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ပခုက္ကူ- မြိုင်ကားလမ်းမကြီးပေါ် ဖြတ်သန်းသွားလာသော စစ်ကောင်စီယာဥ်တန်းအား မိမိတို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF) နှင့် ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်) ရဲဘော်များမှ ၁၀ လုံးတွဲ ပဒေသာမိုင်းဖြင့် ဝေဝေဆာဆာ ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီးလေပေါ်မြောက်တက် ၍ ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။

ဖြစ်စဥ်တွင် ပြောက်ကျားတပ်ဖွဲ့၀င်ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့သော်လည်း ဖက်ဆစ်တပ်သားအကျိုးအပဲ့များကိုမူ မနက် ၅ နာရီအထိ လူနာတင်ယာဥ်များနဲ့သယ်ဆောင်ခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ကဆိုပါတယ်။

========================

📌📌စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးရသူပေါင်း ၂၀၀၀ ပြည့်တော့မယ်

"စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၇၉၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်"လို့ ဧပြီ ၂၇ ရက်မှာ သေဆုံးသူများစာရင်းကို နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ကထုတ်ပြန်ပါတယ်။ စကစတပ်များဟာ နွေဦးတော်လှန်ရေးကာလအတွင်း ကလေးငယ် တစ်ရာကျော်ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၃၇၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၀၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ AAPP ကဖော်ပြချက်အရသိရပါတယ်။

========================

📌📌စစ်ကိုင်းတိုင်းမှာ လာမယ့်နှစ်ကြရင် ဒေသတွင်းအဓိကထုတ်ကုန် စားသုံးဆီထုတ်လုပ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ခင်ဦးဒေသခံတစ်ယောက်ကပြောပါတယ်။

စစ်ကိုင်းတိုင်းရဲ့အဓိကထွက်ကုန် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနဲ့ ဆန်စပါးတို့ကို လာမယ့်နှစ်ကြရင် ဒေသတွင်းပြည်သူတွေအတွက်တောင် လုံလောက်အောင်ထုတ်လုပ်နိုင်ဖို့ မရှိတော့ဘူးလို့ ခင်ဦးဒေသခံတစ်ယောက်ကပြောပါတယ်။ တိုက်ပွဲတွေကြောင့် စိုက်ပျိုးလို့မရသလို စိုက်ထားတဲ့ပျိုးခင်းတွေကလည်း မစောင့်ရှောက်နိုင်ဘဲ ပျက်စီးကုန်တာကြောင့် အခုလိုအခြေအနေဖြစ်လာတာပါ။

(ခင်ဦးဒေသခံတစ်ဦး)
“ခဏခဏပြေးနေရတော့ သစ်ပင်တွေက စိုက်ပြီးသားတွေလည်းပျက်ကုန်တယ် တချို့ကလည်းပြေးနေရလို့မစိုက်တော့ဘူး တချို့ကလည်းဒီလိုပဲ သီးနှံလေးတွေ ဒီလိုပဲကုန်းတွင်းမှာလုပ်ထားသမျှ အဲ့ဟာတွေလည်း စစ်ကြောင်းထိုးတဲ့အခါမှာတော့ ပျက်စီးတာပေါ့ ခင်ဦးက ပြောရမယ်ဆိုရင် တပိုင်းက တဝက်နီးပါး ယိမ်းယိုင်သွားမှာပေါ့.. စားစရိတ်လား...? ဟာ.. တက်တယ် တက်တယ် အဲဒါတွေက အကုန်တက်တယ် စပါးတွေဆိုလည်းသိတဲ့အတိုင်းပဲ မီးရှို့မှာကြောက်လို့ ကျနော်တို့ရောင်းကြတာ အရင်ကလို ဖောဖောသီသီမရှိတော့ဘူး.. မရှိလိုတောင်မှ ဝယ်စားရတဲ့ အဆင့်ရှိတယ်.. စပါးတွေဆို အိမ်မှာမထားရဲတော့ဘူး.. စားလောက်ရုံတောင်မရှိတော့ဘူး တော်တော်များများလဲ”

စစ်ကိုင်းတိုင်းမှာ စစ်အာဏာမသိမ်းခင်က ပဲဆီ ၁၀ ပိဿာဝင်တစ်ပုံးကို ငွေကျပ် ၇ သောင်းဝန်းကျင်ဈေးရှိခဲ့ရာက လက်ရှိအချိန်မှာ ငွေကျပ်တစ်သိန်းဝန်းကျင်ဈေးပေါက်နေပါတယ်။ ပြည်တွင်းကမထုတ်နိုင်သလို ပြည်ပကလည်း တင်သွင်းလို့မရဘူးဆိုရင် ပြည်သူတွေဟာ စားသောက်ကုန်ပြတ်လပ်မယ့်အကြပ်အတည်းကို မကြာခင်ရင်ဆိုင်လာရလိမ့်မယ်လို့ နိုင်ငံရေးစာရေးဆရာတစ်ယောက်က သုံးသပ်ပါတယ်။

(နိုင်ငံရေးစာရေးဆရာတစ်ဦး)
“ တကယ်ကျတော့ မြန်မာပြည်ရဲ့ အခြေအနေက စီးပွားရေး အရရော၊ နိုင်ငံရေးအရရော၊ လူမှုရေးအရရော ဘက်စုံက ခြုံးခြုံးကျဖြစ်လာနေတဲ့ အခြေအနေရဲ့အစ ဖြစ်ပါတယ်. အခု ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာပြည်သူ ၁၄ သန်းလောက် အစာငတ် ဒုက္ခဖြစ်နိုင်စရာရှိပါတယ်. ဒုက္ခသည်ပေါင်း မူလက ၅ သိန်းရှိရာကနေ့ အခုက ၉ သိန်းအထိရောက်လာပြီ ဒီအခြေအနေဆိုးတွေအားလုံးကျော်လွှားနိုင်ကြဖို့ကလည်း တစ်ခုတည်းပါပဲ နွေဦးတော်လှန်ရေးအောင်မြင်ပြီးတော့ စကစကိုဖယ်ရှာပြစ်နိုင်မှ ကျနော်တို့ ဒီပြဿနာတွေဖြေရှင်းနိုင်မှာပါ “

မြန်မာနိုင်ငံမှာ အခြေခံပြည်သူတွေအဓိကထားစားသုံးတဲ့ စားအုန်းဆီကို အရင်က တစ်နှစ်ကို တန်ချိန် ၈ သိန်းနီးပါး တင်သွင်းခဲ့ရပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုကြောင့် စားအုန်းဆီအဓိကထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံက တင်ပို့မှုကို ရပ်ဆိုင်းထားပါတယ်။ မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုအပြင် ကမ္ဘာ့အရေးမတည်ငြိမ်မှုက မြန်မာပြည်သူတွေအတွက် ကြီးမားတဲ့အခက်အခဲတွေကို ကြုံတွေ့စေတာဖြစ်ပါတယ်။

========================

📌📌စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ စစ်ကောင်စီက စစ်ဆေးရေးတွေ တင်းကြပ်နေတဲ့အတွက် ပြည်သူတွေအခက်အခဲကြုံနေရ

စစ်ကောင်စီရဲ့ အဆိုးဆုံးဖိနှိပ်မှုကိုခံနေရတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက စစ်ဆေးရေးတွေတင်းကြပ်နေတာကြောင့် ပြည်သူတွေသွားလာရေးနဲ့ ကုန်စည်ပို့ဆောင်ရေးခက်ခဲနေတာပါ။ စစ်ကောင်စီက PDF တွေရဲ့ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ချင်တာကြောင့် မုံရွာမြို့ကိုဗဟိုပြုထားတဲ့ ကုန်စည်စီးဆင်းရေးလမ်းကြောင်းတွေအားလုံးကို ကြပ်မတ်နေတာဖြစ်ပါတယ်။

(ရွှေဘိုခရိုင်၊ တန့်ဆည်ဒေသခံတစ်ဦး၏အပြော)
“တန့်ဆည်မြို့နယ်မှာဆိုလိုရှိရင် လမ်းပန်းဆက်သွယ်ရေး တော်တော်ခဲယင်းနေတယ်.. တန့်ဆည်မြို့နယ်ကိုဝင်တဲ့ဂိတ် ၄ ပေါက်ရှိတယ် ရှိတဲ့အပေါက်တိုင်း အကုန်လုံး စစ်ကောင်စီက အတားအဆီး အပိတ်အဆို့တွေရှိတယ်ဗျ. စစ်ဆေးတယ် Express ကားနဲ့ ကျနော်တို့သွားဆို Express ကားပေါ်အထိတက်ပြီးစစ်ဆေးတယ်ဗျ Van ကားနဲ့သွားတယ်ဆို Van ကားကအကုန်ဆင်းပြီး လူထုကို အကုန်စစ်ပြီးတော့ သူတို့ကျေနပ်မှ ခွင့်ပြုတယ်ဆရာရေ. မှတ်ပုံတင်မပါလို့ရှိရင် ခရီးသွားလို့မရဘူး ရောက်တဲ့နေရာမှာပဲ ဆင်းနေခဲ့ရတယ် အဲ့လိုအဖြစ်မျိုးတွေလဲ တွေ့ရတယ်. ကားသမားတွေဆိုရင်လည်း အခုဆို Owner တွေဆို ဆီစျေးတက်တယ် လမ်းမှာကားပျက်တာတွေရှိနိုင်တယ် စစ်ကောင်စီက ဂိတ် ၁ ဂိတ်ကို ၅ ထောင် တချို့နေရာတွေဆို ကတောင်မကဘူး သူတို့အရအတွက် ၁၀ ယောက်ရှိရင် တစ်ယောက် ၁၀၀၀ နှုန်းနဲ့ ၁၀ ယောက်ဆို ၁ သောင်း အဲလိုတွေကောက်တယ်. မပေးလို့ရှိရင် သူတို့ရစ်တယ် အကြာကြီးပဲ”

တိုက်ပွဲတွေကြောင့် ဒေသထွက်ကုန်တွေပုံမှန်မထုတ်လုပ်နိုင်တော့တာ၊ ကုန်စည်စီးဆင်းတဲ့လမ်းကြောင်းတွေပိတ်ဆို့နေတာတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ စားသောက်ကုန်ရှားပါးပြီး ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေပါတယ်။ ကျေးရွာဒေသခံတွေဟာ နီးစပ်ရာမြို့တွေပေါ်မှာ စားသောက်ကုန်သွားဝယ်ဖို့တောင် ခက်ခဲနေတာဖြစ်ပါတယ်။

(ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးဒေသခံတစ်ဦး၏အပြော)
“လူထုတွေက လက်ရှိအလုပ်အကိုင်လက်မဲ့ဖြစ်နေတဲ့ အခြေအနေ ကုန်စျေးနှုန်းတက်တဲ့ အခြေအနေ ခရီးသွားလာမှု ကြပ်တည်းတဲ့ အခြေအနေနဲ့ ပြောရမယ်ဆိုရင်တော့ နေရာတင်ငတ်ရမယ့်အထားမျိုးဖြစ်နေတာပေါ့ ဆန်စျေး ဆီစျေးတေ ၂ ဆလောက်ကျတာပေါ့ ဆန် ၁ အိတ် ၅ သောင်းလောက်ရှိနေတာပေါ့ ဆီကလည်း ၈ ထောင်လောက်ရှိနေတာဆိုတော့ အရင်က ဆီကလည်း ၄ ထောင် ၅ ထောင် ဝန်းကျင်ရှိတယ် ၂ ဆတေချည်းပဲဆိုတော့ ဒီတိုင်းဆက်သွားမယ် ဆိုရင်တော့ ပြည်သူလူထုအနေနဲ့တော့ စီးပွားရေး ဂယက်ရိုက်နိုင်တယ်”

စစ်ကိုင်းတိုင်းထဲမှာ စပါး၊ မြေပဲ၊ နှမ်း၊ ပဲ၊ နေကြာ၊ ကြက်သွန်၊ ကွမ်း စတာတွေကို စိုက်ပျိုးပြီး ဒေသခံတွေဟာ စားဝတ်နေရေးလည်ပတ်ခဲ့တာဖြစ်ပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment