29th APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၂၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အုပ်ချုပ်ရေးနယ်မြေများတွင် ထိထိ‌ရောက်ရောက် အုပ်ချုပ်ရေးလုပ်ငန်းများ ယခုထပ်ပိုမို ကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှာကြား
📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ်အသစ်ကို ပြင်သစ်နိုင်ငံမှ အပြင်းထန်ဆုံး ရှုတ်ချ
📌စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဘီယာနဲ့အရက်များကို ဆားလင်းကြီး SGZ LPDF က ဖမ်းဆီးပြီး ထုတ်ကုန်တွေကိုဖျက်ဆီး
📌ဒေါင်းလုလင် LPDF မှ တရားမဝင်သစ်များဖမ်းဆီး၍ ရောင်းချရငွေကို အိမ်ထောင်စု (၃၂) စုထံ တစ်စုလျှင်ကျပ်ခုနစ်သောင်းခွဲထောက်ပံ့ပေးခဲ့
📌ကလေး-ဂန့်ဂေါ် လမ်းမကို အသုံးမပြုရန် PDF (Kalay) ကြေညာ
📌MGF နှင့် I A နှစ်ဖွဲ့ပူးပေါင်း၍ လက်လုပ်ရှော့ဒုံး တီထွင်အောင်မြင်
📌သရုပ်ဆောင် ဟိန်းထက် မရှိဘဲ နေအိမ်ကို သေနတ်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်၍ အဖိုးဖြစ်သူကို ကျည်ထိမှန်သေဆုံး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အုပ်ချုပ်ရေးနယ်မြေများတွင် ထိထိ‌ရောက်ရောက် အုပ်ချုပ်ရေးလုပ်ငန်းများ ယခုထပ်ပိုမို ကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှာကြား

အုပ်ချုပ်ရေးနယ်မြေများတွင် ထိထိ‌ရောက်ရောက် အုပ်ချုပ်ရေးလုပ်ငန်းများ ယခုထပ်ပိုမို ကြိုးပမ်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှာကြားလိုက်ပါတယ်။ ဧပြီ ၂၈ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး (၉/၂၀၂၂)မှာ ပြည်ထောင်စုဝန်ကြီချုပ်ကပြောကြားခဲ့တာပါ။

"အုပ်ချုပ်ရေးနယ်မြေများတွင် ထိထိ‌ရောက်ရောက် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ယခုထက် ပိုမိုကြိုးပမ်းသွားကြရန်၊ ဖြစ်ပေါ်နေသည့် မြေပြင်အခက်အခဲများအပေါ် အချိန်နှင့်တပြေးညီ ဖြေရှင်းကိုင်တွယ်နိုင်ရေး လုပ်ဆောင်ကြရန်၊ ဝန်ကြီးဌာန တစ်ခုနှင့် တစ်ခုကြား ပိုမို အချိတ်ဆက်မိမိ လုပ်ဆောင်ကြရန်၊ မြေပြင်အတွက် လိုအပ်သည့် ဘတ်ဂျတ်များကိုလည်း လျာထားသတ်မှတ်နိုင်ရေး ကြိုးပမ်းပေးကြရန်"တို့ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။

ဒါ့အပြင် အစည်းအဝေးတွင် (၈/၂၀၂၂) အစည်းအဝေးမှ ချမှတ်ထားခဲ့သည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အထူးဒေသအုပ်ချုပ်ရေးအတွက် လိုအပ်သော ဘတ်ဂျတ်ချထားပေးမှုအပေါ် ဘတ်ဂျတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲသွားနိုင်ကြရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများကို မြေပြင်တွင် ပိုမို ထိထိရောက်ရောက် လုပ်ဆောင်လာနိုင်သည့်အပေါ် ဝန်ကြီးဌာနများ အချင်းချင်းကြားလည်း နားလည်မှုရှိရှိ အချိတ်ဆက်မိမိ ပိုမိုလုပ်ဆောင်သွားကြရေး၊ ကြားကာလ ပအဖ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လူထုကြား ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သွားနိုင်ရေး၊ မြေပြင်လုပ်ငန်းအဖွဲ့များနှင့် ထိထိမိမိ တွေ့ဆုံလုပ်ကိုင်သွားကြရေး တို့ကို ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။

အစည်းအဝေးသို့ ​ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီမှ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

=======================

📌📌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ်အသစ်ကို ပြင်သစ်နိုင်ငံမှ အပြင်းထန်ဆုံး ရှုတ်ချ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ်အသစ်ကို ပြင်သစ်နိုင်ငံမှ အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မတရားတရားစွဲဆိုမှုများ ပြုလုပ်ပြီးနောက် ချမှတ် လိုက်သော ထောင်ဒဏ်ကို ပြင်သစ်နိုင်ငံမှ အပြင်းထန်ဆုံး ရှုတ်ချလိုက်တယ်"လို့ ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနကထုတ်ပြန်ဖော်ပြပါတယ်။ ဤဆုံးဖြတ်ချက်သည် မြန်မာစစ်အစိုးရက ဒီမိုကရေစီနည်းတကျ ရွေးကောက်တင်မြှောက်ခံထားခြင်းခံရသော ခေါင်းဆောင်များ၏ တရားဝင်မှုကို ပျက်ပြားစေရန် ကြိုးပမ်းမှု အသစ်တစ်ခုဖြစ်ပြီး မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် လုံးဝကွဲလွဲနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ- ၁ ရက် အာဏာသိမ်းပြီးနောက် စစ်တပ်မှ ပြသခဲ့သော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများကို မထီမဲ့မြင်ပြုခြင်း၏ နောက်ထပ် လက္ခဏာတစ်ရပ်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ ပေးရတယ်ဆိုတဲ့ အမှုနဲ့ ဧပြီ ၂၇ ရက်နေ့က ထောင်ဒဏ် ၅ နှစ် မတရားချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

========================

📌📌စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဘီယာနဲ့အရက်များကို ဆားလင်းကြီး SGZ LPDF က ဖမ်းဆီးပြီး ထုတ်ကုန်တွေကိုဖျက်ဆီး

စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ ဘီယာနဲ့အရက်များကို ဆားလင်းကြီး SGZ LPDF က ဖမ်းဆီးပြီး ထုတ်ကုန်တွေကိုဖျက်ဆီးခဲ့ပါတယ်။ ဧပြီ ၂၈ ရက်နေ့မှာ ဘီယာနဲ့အရက်များကို ဆားလင်းကြီး SGZ LPDF က ဖမ်းဆီးဖျက်ဆီးတဲ့ရုပ်သံ ဖော်ပြခဲ့ပါတယ်။

"နွေဦးတော်လှန်ရေးတိုက်ပွဲမှာ စစ်တပ်ဒေါက်တိုင်မှန်သမျှကို ဖျက်ဆီးပစ်ဖို့အတွက် Social Media ကနေ "မသုံးနဲ့" ၊ "ဝေးဝေးရှောင်" စသော page များတွင် မသုံးသင့်သော စစ်တပ်ထုတ်ကုန်များကို ထုတ်​​ပြန်​လျှက်ရှိပါတယ်။ ပြည်သူများအနေနဲ့ စစ်တပ်ထုတ်ကုန်များကို အသုံးမပြုဘဲ Boycott လုပ်ကြရမှာဖြစ်ပါတယ်။ Boycott မလုပ်ဘဲဆက်လက်သုံးစွဲမှုပြုနေသော မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမဆို ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြင်းထန်သောပြစ်ဒဏ်များ ချမှတ်မှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ဖျက်ဆီးလိုက်တဲ့ စစ်ကောင်စီထုတ်ကုန်တွေထဲမှာ အက်ဒမန်ဂိုးဘီယာတွေနဲ့ Grand Royal ဝီစကီတွေ ပါဝင်တယ်လို့ သိရပါတယ်။

========================

📌📌ဒေါင်းလုလင် LPDF မှ တရားမဝင်သစ်များဖမ်းဆီး၍ ရောင်းချရငွေကို အိမ်ထောင်စု (၃၂) စုထံ တစ်စုလျှင်ကျပ်ခုနစ်သောင်းခွဲထောက်ပံ့ပေးခဲ့

ဒေါင်းလုလင် LPDF မှ တရားမဝင်သစ်များဖမ်းဆီး၍ ရောင်းချရငွေကို အိမ်ထောင်စု (၃၂) စုထံ တစ်စုလျှင်ကျပ်ခုနစ်သောင်းခွဲထောက်ပံ့ပေးခဲ့ပါတယ်။ ဧပြီ ၂၈ ရက် မှာ မီးဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ခဲ့တယ်လို့ ဒေါင်းလုလင် LPDF ကဆိုပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၏လမ်းညွန်ချက်အရ ဒေါင်းလုလင်-LPDF နှင့် ဒေသခံ ပကဖ၊ ပအဖအဖွဲ့များပူးပေါင်း၍ မတ်လ ၉ ရက်နေ့မှာ တရားမ၀င် သစ်များအားဖမ်းဆီးခဲ့ပါတယ်။ အဖွဲ့များ၏အစည်းဝေးဆုံးဖြတ်ချက်အရ ဖမ်းဆီးရမိသည့် သစ်များကို ထုခွဲရောင်းချပြီး ဧပြီ ၂၆ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးအုပ်စု၊ ဘန်ဘွေးမြောက်ရွာ၊ ထန်းဇင်ရွာနှင့် ရေသောက်ကန်တောပြင်ရှိ စကစ ဘက်တော်သားများ မီးရှို့ဖျက်ဆီးခဲ့တဲ့နေရာများကို ကူညီထောက်ပံ့ခဲ့ပါတယ်"လို့ဆိုပါတယ်။

မီးဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့ရာတွင် အိမ်ထောင်စု (၃၂) စုကို အိမ်ထောင်စုတစ်စုလျှင် ငွေခုနှစ်သောင်းငါးထောင် (၇၅၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း နှစ်ဆယ့်လေးသိန်း (၂၄၀၀၀၀၀) ကျပ်အား မီးဘေးသင့်ပြည်သူများလက်၀ယ်အရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။

========================

📌📌ကလေး-ဂန့်ဂေါ် လမ်းမကို အသုံးမပြုရန် PDF (Kalay) ကြေညာ

ကလေး-ဂန့်ဂေါ် လမ်းမကို အသုံးမပြုရန် PDF (Kalay) ကြေညာလိုက်ပါတယ်။ ဧပြီ ၂၈ ရက် မှစတင်၍ ကလေး-ဂန့်ဂေါလမ်းမကြီးအား မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုရန် PDF(Kalay) က ထုတ်ပြန်ထားပါတယ်။

အဆိုပါ လမ်းပိုင်း သတိပေးချက်ကြေညာခြင်းမှာ ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့်လည်းဖြသ်တယ်လို့ဆိုပါတယ်။ အသိပေးထုတ်ပြန်ချက်အား မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေး အန္တရာယ်နှင့် အကျိုးဆက်များကို သတိပြုစေလိုတယ်လို့လည်းဖော်ပြထားပါတယ်။

========================

📌📌MGF နှင့် I A နှစ်ဖွဲ့ပူးပေါင်း၍ လက်လုပ်ရှော့ဒုံး တီထွင်အောင်မြင်

MGF နှင့် I A နှစ်ဖွဲ့ပူးပေါင်း၍ လက်လုပ်ရှော့ဒုံး တီထွင်အောင်မြင်ခဲ့တယ်လို့သိရပါတယ်။ ဧပြီ ၂၇ ရက်ညပိုင်းမှာ လက်လုပ် ရှော့ဒုံးကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ MYINGYAN GUERRILLA FORCE (MGF) ကဖော်ပြပါတယ်။

"MGF နှင့် I A နှစ်ဖွဲ့ပူးပေါင်း၍ လျှော့ဒုံး လေယာဥ်ပစ်လက်နက်များထုတ်လုပ်ပြီး နယ်မြေခံ ပကဖများ၏ ခွင့်ပြုချက်ရယူပြီး ယနေ့ညစမ်းသပ်ခဲ့ပါတယ်။ တောင်သူများ တောလုပ်ရမည်ဖြစ်သောကြောင့် နေ့ခင်းတွင် စမ်းသပ်ရန်အဆင်မပြေသဖြင့် ယနေ့ညပိုင်း စမ်းသပ်ခဲ့ပါတယ်။ မီတာ ၇၀၀ ကျော်ရောက်ရှိပြီး ထိခိုက်မှုမရှိဘဲ လျှော့ဒုံး လေယာဥ်ပစ်လက်နက်များ စမ်းသပ်ထုတ်လုပ်အောင်မြင်ပါကြောင်း အလှူရှင်များနှင့် မိဘပြည်သူများကို သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ"လို့ ဆိုပါတယ်။

ဆက်လက်၍လည်း ဒီထက်ကာင်းမွန်ထိရောက်သော လက်နက်များ တီထွင်ကြံဆ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ MYINGYAN GUERRILLA FORCE (MGF) ကထုတ်ပြန်ပါတယ်။

========================

📌📌သရုပ်ဆောင် ဟိန်းထက် မရှိဘဲ နေအိမ်ကို သေနတ်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်၍ အဖိုးဖြစ်သူကို ကျည်ထိမှန်သေဆုံး

သရုပ်ဆောင် ဟိန်းထက် မရှိဘဲ နေအိမ်ကို သေနတ်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်၍ အဖိုးဖြစ်သူကို ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ ဧပြီ ၂၈ ရက်တွင် လူတစ်စုက သရုပ်ဆောင်ဟိန်းထက် အိမ်ကို သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့ပါတယ်။

" ကျ​နော့်အိမ်ကို လူတစ်စု သေနတ်နဲ့ လာပစ်သွားတယ်။ အဖိုး သေနတ်မှန်ပြီး ဆုံးသွားပြီ" လို့ သရုပ်ဆောင်ဟိန်းထက်က လူမှုကွန်ရက်မှာ အသိပေးရေးသားခဲ့ပါတယ်။

သရုပ်ဆောင် ဟိန်းထက်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်လှုပ်ရှားနေပြီး ပြည်သူ့ကာကွယ်ရေး တပ်သားလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ဟိန်းထက်ကို မိဘများက အမွေဖြတ် စွန့်လွတ်ကြောင်း ဧပြီလ ၇ ရက်နေ့တွင် ကြေညာထားပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment