၂၀၂၂ ဧပြီလ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌စစ်အာဏာရှင်တို့ရဲ့ ကျဆုံးမှုဟာ လက်တကမ်းအလိုကို ရောက်နေပြီလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ပြောကြား
📌ကမ္ဘာလုံးဆိုင်ရာ မြန်မာပြည်ဖွားများအစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်မယ်
📌အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေအိမ်ကို ပြည်သူများအားလုံး ပါဝင်ဝယ်ယူနိုင်အောင် တန်ဖိုးသင့် အစုရှယ်ယာသဘောမျိုးဖြင့် ရောင်းချပေးသွားမယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
📌မြန်မာပြည်ပညာရေးအဆင့်အတန်းဟာ တစ်ချိန်က ကမ္ဘာက အသိအမှတ်ပြုခဲ့သော်လည်း ယနေ့အချိန် စစ်တပ်က အာဏာသိမ်းမှုကြောင့် ပညာရေးအဆင့်အောက်ဆုံးသို့ နိမ့်ကျသွားကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
📌PSPT မှ ထုတ်ပြန်ထားခဲ့တဲ့ Project A1 သေနတ်များ မကြာခင်ဖြန့်ဝေမယ်
📌ဂန့်ဂေါ-ကလေး လမ်းပိုင်းကို PDP အထူးတိုက်ခိုက်ရေး Drone တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေ စစ်ဆေးလျက်ရှိ
📌ညီနောင်မဟာမိတ် ( ၃ ) မြို့နယ် ပူးပေါင်း၍ ဆားလင်းကြီးမြို့နယ် ကျားတက်မြို့စခန်းအား စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာ စကစတပ်ဖွဲ့ဝင် ကိုးဦးသေဆုံး
📌မြင်းခြံ Zero အဖွဲ့မှ ဒုခေါင်းဆောင် CDM ရဲ ကိုဟိန်းထက် မြင်းမူနယ် ထီးစောင်းဘက်သို့ စစ်ကူသွားရင်း ကျဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌စစ်အာဏာရှင်တို့ရဲ့ ကျဆုံးမှုဟာ လက်တကမ်းအလိုကို ရောက်နေပြီလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ပြောကြား
စစ်အာဏာရှင်တို့ရဲ့ ကျဆုံးမှုဟာ လက်တကမ်းအလိုကို ရောက်နေပြီလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဧပြီလအတွင်းကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ Minnesota ပြည်နယ်ဈေးရောင်းပွဲတော် အခမ်းအနားမှာ ကပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေက အသက်တွေ ဘဝတွေရင်းပြီး တိုက်ပွဲဝင်နေကြသလို ပြည်ပရောက် ညီနောင်တိုင်းရင်းသားများကလည်း ငွေကြေး နည်းပညာနဲ့ စိတ်ဓာတ်အင်အားပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်တဲ့အတွက် စစ်အာဏာရှင်တို့ရဲ့ကျဆုံးမှုဟာ လက်တကမ်းအလိုရောက်နေပြီဆိုတာ သေချာတဲ့အဖြေဖြစ်နေပြီဖြစ်ပါတယ်" လို့ ဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီဒေသ၊ ကရင်ပြည်နယ်၊ချင်းပြည်နယ်တို့မှာ အထိနာ ကျဆုံးလျက်ရှိပါတယ်။
"ကျတော်တို့ရဲ့ ညီညွတ်မှုကြောင့် စစ်အုပ်စုဟာ တုန်လှုပ်ချောက်ချားနေပြီဖြစ်သလို ကမ္ဘာကလည်း မြန်မာပြည်သူတို့ရဲ့စစ်အာဏာရှင်ဆန့်ကျင့်ရေး သဘောထားကို မြင်တွေ့နေကြပြီ ဖြစ်ပါတယ်"လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဆိုခဲ့ပါတယ်။
========================
📌📌ကမ္ဘာလုံးဆိုင်ရာ မြန်မာပြည်ဖွားများအစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်မယ်
အာရှ နှင့် ဥရောပအတွက် လာမည့် မေလ ၁ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၆ နာရီ ခွဲ အမေရိကနှင့် ကနေဒါအတွက် ဧပြီလ ၃၀ ရက်နေ့၊ အမေရိကအရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီ၊ အနောက်ပိုင်းစံတော်ချိန် ညနေ ၅ နာရီမှာ ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ မြန်မာပြည်ဖွားများအစည်းအဝေး "Global Myanmar Forum" ကို မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများလည်း ပါဝင်တက်ရောက်မှာ ဖြစ်ပါတယ်။
အစည်းအဝေးကို ဝန်ကြီး ဦးရည်မွန်၊ ဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ ဝန်ကြီးဦးလွင်ကိုလတ်၊ ဝန်ကြီးဒေါက်တာဆာဆာ၊ ဝန်ကြီးနိုင်ကောင်းရွက် တို့နှင့်အတူ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့လည်းတက်ရောက် စကားပြောကြားကြမှာဖြစ်ပါတယ်။ ပြည်သူ့ဖက်တော်သားများဖြစ်ကြတဲ့ ဦးမျိုးရန်နောင်သိန်း၊ မပန်ဆယ်လို၊ မရွှေမိုး-ကိုရီးယား၊ ကိုရဲမင်း -AAC တို့ နဲ့အတူ နိုင်ငံတကာရောက် မြန်မာပြည်ဖွား ဦးဆောင်နေသူများ တက်ရောက်ဆွေးနွေးကြမှာလို့ သိရပါတယ်။
“ ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဖွားများအစည်းအဝေး "Global Myanmar Forum" ကို သုံးလတစ်ကြိမ် ကျင်းပမှာ ဖြစ်ပါတယ်။
========================
📌📌အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေအိမ်ကို ပြည်သူများအားလုံး ပါဝင်ဝယ်ယူနိုင်အောင် တန်ဖိုးသင့် အစုရှယ်ယာသဘောမျိုးဖြင့် ရောင်းချပေးသွားမယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေအိမ်ကို ပြည်သူများအားလုံး ပါဝင်ဝယ်ယူနိုင်အောင် တန်ဖိုးသင့် အစုရှယ်ယာသဘောမျိုးဖြင့် ရောင်းချပေးသွားမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က End of Dictatorship - အာဏာရှင်အဆုံးသတ်နိဂုံး” လုပ်ငန်းစဥ်များကို မိတ်ဆက်ရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
"ယခု စီမံကိန်းသည် နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်ပွဲဆင်နိုင်ဖို့ မဖြစ်မနေလိုအပ်လျက်ရှိတဲ့ ဘဏ္ဍာရန်ပုံငွေရှာဖွေရေး” လုပ်ငန်းစဥ်သစ် တစ်ရပ်လည်း ဖြစ်ပါတယ်။ဒီလုပ်ငန်းစဥ်ရဲ့ ကနဦးခြေလှမ်းတစ်ရပ်အဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄ နေအိမ်ကို ပြည်သူများအားလုံး ပါဝင်ဝယ်ယူနိုင်အောင် တန်ဖိုးသင့် အစုရှယ်ယာသဘောမျိုးဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
End of Dictatorship Facebook Page နဲ့ www.endofdictatorship.com Website Page တို့သည် “အကြမ်းဖက်စစ်ခေါင်းဆောင်များ၏ ပုဂ္ဂလိက ပိုင်ဆိုင်မှု အိမ်၊ ခြံ၊ မြေများကို NUG အစိုးရက ကြိုတင်ရောင်းချမည့် ပိုင့်လော့ ပရောဂျက်” နှင့်စပ်လျဉ်းသည့် စီမံကိန်းခြေလှမ်းများကို အချိန်နှင့်တပြေးညီ တင်ပြသွားရန် ဖွင့်လှစ်လိုက်သော တရားဝင် အင်တာနက်စာမျက်နှာများ ဖြစ်ပါတယ်။
"အောင်လံလွှင့်ချီ နွေဦးထီ၊ အခွန်ထမ်း တော်လှန်ရေး နှင့် အတိုးမဲ့ငွေတိုက်စာချုပ် လုပ်ငန်းစဥ်များမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတူ လက်တွဲညီညီပါဝင်ပေးနေကြတဲ့ တော်လှန်ပြည်သူများအနေဖြင့်လည်း ယခု End of Dictatorship လုပ်ငန်းစဥ်မှာ မဆုတ်မနစ် အားထည့် ပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား ကျွန်တော့်အနေနဲ့ အထူးလေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။
========================
📌📌မြန်မာပြည်ပညာရေးအဆင့်အတန်းဟာ တစ်ချိန်က ကမ္ဘာက အသိအမှတ်ပြုခဲ့သော်လည်း ယနေ့အချိန် စစ်တပ်က အာဏာသိမ်းမှုကြောင့် ပညာရေးအဆင့်အောက်ဆုံးသို့ နိမ့်ကျသွားကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
မြန်မာပြည်ပညာရေးအဆင့်အတန်းဟာ တစ်ချိန်က ကမ္ဘာက အသိအမှတ်ပြုခဲ့သော်လည်း ယနေ့အချိန် စစ်တပ်က အာဏာသိမ်းမှုကြောင့် ပညာရေးအဆင့်သည် အောက်ဆုံးသို့ နိမ့်ကျသွားကြောင်းကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ မိုးကုတ်ဖက်ဒရယ်ကျောင်းဖွင့်ပွဲ၌ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။
" တစ်ချိန်က အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ အဆင့် ၂ နေရာမှာ ရှိပါတယ်။ စင်ကာပူလိုနိုင်ငံမျိုး၊ ဩစတြေးလျလိုနိုင်ငံမျိုးကတောင် လာရောက် ပညာသင်ကြားရပါတယ်။ ဒီလိုအဆင့်အတန်းကို ၆၂ ခုနှစ်မှာ အာဏာသိမ်းတယ်။ နောက်တစ်ခါ အာဏာထပ်သိမ်းတယ်။ ယနေ့အချိန်မှာတော့ ကျနော်တို့နိုင်ငံရဲ့ပညာရေးဟာ စစ်အာဏာသိမ်းမှုကြောင့် ဟိုးအောက်ဆုံး အဆင့်အတန်းကို နိမ့်ကျနေပါပြီ" လို့ ဝန်ကြီးက ဆိုပါတယ်။ လက်ရှိမှာ အာဏာသိမ်း စကစဟာ ပညာရေးကို အနိမ့်ဆုံး စာမေးပွဲကျင်းပကာ အတန်းတင် ပညာရေးကို အရည်အသွေးမရှိဘဲ အတန်းတင်ပေးလျက်ရှိပါတယ်။
========================
📌📌PSPT မှ ထုတ်ပြန်ထားခဲ့တဲ့ Project A1 သေနတ်များ မကြာခင်ဖြန့်ဝေမယ်
People Soldier’s Production Team (PSPT) မှ ထုတ်ပြန်ထားခဲ့တဲ့ Project A1 သေနတ်များကို အမြောက်အများ ထုတ်လုပ်ဖြန့်ချီနေပြီး သေနတ်များမကြာခင် ဖြန့်ဝေမယ်လို့ ဧပြီ၂၉ ရက်မှာ PSPT က အသိပေးပြောကြားခဲ့ပါတယ်။
"People Soldier’s Production Team (PSPT) မှ ထုတ်ပြန်ထားခဲ့တဲ့ Project A1 သေနတ်များကို အမြောက်အများ ထုတ်လုပ်ဖြန့်ချီလျက် ရှိပါတယ်။ လက်နက် လိုအပ်နေတဲ့ ချိတ်ဆက်ထားတဲ့ PDF/ LDF/ ပကဖများဆီကို ထောက်ပို့တပ်သားတွေရဲ့ နာမည်လေးတွေနဲ့ ပေးအပ်ပြီးဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ထုတ်လုပ်နေဆဲ လက်ကျန် သေနတ်များကိုလည်း မကြာမီ ပို့ဆောင်ပေးနိုင်ပါတော့မယ်" လို့ ဖော်ပြပါတယ်။
ယခု နောက်ထပ် ထပ်တိုးထုတ်လုပ်မှုအနေနဲ့ Urban Warfare တွေမှာ စစ်ကောင်စီတပ်ကို ကောင်းကောင်းခြိမ်းခြောက်နိုင်မယ့် မောင်းပြန်ကို နောက်လထဲမှာ မိတ်ဆက်ပေးသွားမယ်လို့ သတင်းရရှိပါတယ်။
"ဒီ project တွေရဲ့ Trial Production ဟာလည်း အောင်မြင်ပြီးသား ဖြစ်ပါတယ်။ Mass Production အဆင့် ထုတ်လုပ်နိုင်မယ့် အနေအထားထိ ရောက်အောင် လိုအပ်တဲ့ စက်ပစ္စည်း နဲ့ ကုန်ကြမ်းတွေအတွက် ပြည်သူတွေရဲ့ ထောက်ပံ့မှု ထပ်မံလိုအပ်နေပါသေးတယ်ခင်ဗျ။ Sub Machine Gun တစ်လက်ကို သိန်း ၅၀ နီးပါးလောက်ထိ စျေးကွက်ထဲမှာ ပေးဝယ်နေရချိန်မှာ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ စျေးနှန်း ၄ ဆ လောက် သက်သာတဲ့ မောင်းပြန်တွေကို ပြည်သူ့ကာကွယ်ရေး တပ်သားတွေအတွက် ထုတ်လုပ်ပေးမှာပါ။ ဒီလက်နက်အပြင် ဘာတွေ ထပ်မံထုတ်လုပ်ထားလဲဆိုတာကိုလည်း ပြည်သူတွေကို မကြာခင် ချပြသွားဖို့ ရှိပါတယ်" PSPT ကဆိုပါတယ်။
========================
📌📌ဂန့်ဂေါ-ကလေး လမ်းပိုင်းကို PDP အထူးတိုက်ခိုက်ရေး Drone တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေ စစ်ဆေးလျက်ရှိ
ဧပြီ ၂၉ ရက်နေ့မှာ ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ ပျူစောထီးကျေးရွာတွေကို ဆေးဝါးနဲ့ ရိက္ခာလမ်းကြောင်းပိတ်ဆို့ထားတဲ့အတွက် ခိုးယူသယ်ဆောင်မှုမရှိစေရေးနဲ့ စစ်ကောင်စီထုတ်ကုန်တွေသယ်ယူရောင်းချခြင်းမရှိစေဖို့ PDP အထူးတိုက်ခိုက်ရေး Drone တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက သွားလာယာဥ်တွေကို နေ့စဥ်စစ်ဆေးလျက်ရှိပါတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း Mytel Sim Card နဲ့ မြန်မာဘီယာ Ruby စီးကရက် စတဲ့ စစ်တပ်ထုတ်ကုန်တွေသယ်ယူပို့ဆောင်ခြင်း ရောင်းဝယ်ဖောက်ကားခြင်းတွေကို ကာကွယ်ရေးတပ်တွေက တားမြစ်ထားတာလည်းဖြစ်ပါတယ်။
========================
📌📌ညီနောင်မဟာမိတ် ( ၃ ) မြို့နယ် ပူးပေါင်း၍ ဆားလင်းကြီးမြို့နယ် ကျားတက်မြို့စခန်းအား စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာ စကစတပ်ဖွဲ့ဝင် ကိုးဦးသေဆုံး
ဧပြီ ( ၂၈ ) ရက် ဆားလင်းကြီးမြို့နယ် ကျားတက်မြို့စခန်းအား မွန်းတည့် ( ၁၂ ) နာရီမှ ညနေ (၄း၃၀) နာရီထိ ( ၄း၃၀) နာရီကြာ ညီနောင်မဟာမိတ် ( ၃ ) မြို့နယ် ပူးပေါင်း၍ ဆားလင်းကြီးမြို့နယ် ကျားတက်မြို့စခန်းအား စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာ စကစတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုက ဆိုပါတယ်။
စကစတပ်က ( ၉ ) ဦးသေပြီး စခန်းအားမီးရှို့နေစဥ် ပုလဲမှစကစတပ်များ အကူများရောက်ရှိလာသောကြောင့် ဆုတ်ခွာပေးခဲ့ပါတယ်" လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲဆင်နွဲနေစဥ်အတွင်း ပုလဲမှ စစ်ကူလာသော စစ်ကားများ ပုလဲ-ကျားတက် လမ်းပေါ်တွင်လမ်းကြောင်း ဖြတ်တောက်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားများ ပျက်စီးသွား၍ အများအပြားထိခိုက်သွားခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (SSTF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တို့ပါဝင်ခဲ့ပါတယ်။
========================
📌📌မြင်းခြံ Zero အဖွဲ့မှ ဒုခေါင်းဆောင် CDM ရဲ ကိုဟိန်းထက် မြင်းမူနယ် ထီးစောင်းဘက်သို့ စစ်ကူသွားရင်း ကျဆုံး
ဧပြီ ၂၉ ရက်မှာ မြင်းခြံ Zero အဖွဲ့မှ ဒုခေါင်းဆောင် CDM ရဲ ကိုဟိန်းထက်သည် မြင်းမူနယ် ထီးစောင်းဘက်သို့ စစ်ကူသွားရင်းကျဆုံးခဲ့ကြောင်း မြင်းမူ GTR MMU က ထုတ်ပြန်ပါတယ်။
"မြင်းခြံ Zero အဖွဲ့မှ ဒုခေါင်းဆောင် CDM ရဲ ကိုဟိန်းထက်၊ မြင်းမူနယ် ထီးစောင်းဘက်သို့ စစ်ကူသွားရင်း ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးသွားပါပြီတဲ့။ကျွန်တော်တို့တစ်သက် ကျွန်တော်တို့ရင်ထဲမှာ ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးသွားပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးသူရဲကောင်း ကိုဟိန်းထက် (ခေါ်) ရခိုင် အား အမြဲလေးစားဦးညွှတ်စွာနဲ့ အောက်မေ့သတိရနေပါ့မယ်ခင်ဗျာ" လို့ ဆိုထားပါတယ်။
စကစတပ်များဟာ စစ်ကိုင်းတိုင်းရှိ နယ်မြေများကို ပြန်လည်စိုးမိုးမှုရရှိရေး စစ်ကြောင်းထိုး တိုက်ခိုက်သော်လည်း ယနေ့အချိန်ထိ နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိသေးဘူး ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment