30th APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၃၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကြားကာလပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို လူထုကိုပွင့်လင်းစွာချပြဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌အခြေခံပညာသင်ရိုးမှာ ဖက်ဒရယ်နဲ့မလျော်ညီတဲ့ လူမျိုးကြီး ဝါဒ အငွေ့အသက်ပါတဲ့ narrative တွေ၊ သင်ခန်းစာတွေကို ဖြုတ်ခဲ့တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်ကအသိပေး
📌ပြည်ထောင်စု သင်ရိုးညွှန်းတမ်းအညွှန်းဘောင် ရေးဆွဲဖို့ အစီအစဥ်ရှိ
📌တနင်္သာရီတိုင်းဒေသကြီး ပန်းဒလဲကျေးရွာတွင် ပျူစောထီးများ ဝင်ရောက် ရမ်းကားပစ်ခတ်၍ အရပ်သားနှစ်ဦး ကျည်ထိမှန်သေဆုံး
📌လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် အသက်မပြည့်သေးသည့် အခြေခံပညာကျောင်းသူတစ်ဦးဖမ်းဆီးခံရပြီး ထားဝယ်အကျဥ်းထောင်ကို ချက်ခြင်းပို့ဆောင်
📌စစ်တပ်က မွှေနှောက်သောင်းကျန်းနေ၍ ခင်ဦး - ရေဦး ကားလမ်းဘေးရွာများရှိ ပြည်သူများ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကြားကာလပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို လူထုကိုပွင့်လင်းစွာချပြဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

​ကြားကာလပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေကို လူထုကိုပွင့်လင်းစွာချပြဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ ဧပြီ ၂၉ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်း အဝေး (၉/၂၀၂၂) မှာ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။

" အုပ်ချုပ်ရေးနယ်မြေတွေမှာ ထိထိ‌ရောက်ရောက် အုပ်ချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် တာဝန်ရှိသူတွေအနေနဲ့ ယခုထက် ပိုမိုကြိုးပမ်းသွားကြရန်၊ ဖြစ်ပေါ်နေတဲ့ မြေပြင်အခက်အခဲတွေအပေါ် အချိန်နဲ့တပြေးညီ ဖြေရှင်းကိုင်တွယ်နိုင်ရေး လုပ်ဆောင်ကြရန် ဝန်ကြီးဌာနတစ်ခုနဲ့ တစ်ခုအကြား ပိုမိုအချိတ်ဆက်မိမိလုပ်ဆောင်ကြရန်နဲ့ မြေပြင်အတွက် လိုအပ်တဲ့ ဘတ်ဂျတ်တွေကိုလည်း လျာထားသတ်မှတ်နိုင်ရေး ကြိုးပမ်းပေးကြဖို့နဲ့ ကြားကာလ ပ.အ.ဖ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လူထုကြား ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သွားနိုင်ရေး၊ မြေပြင်လုပ်ငန်းအဖွဲ့တွေနဲ့ ထိထိမိမိ တွေ့ဆုံလုပ်ကိုင်သွားကြရေး"တို့ကို ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အစည်းအဝေးမှာ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆောင် ရွက်ပြီးစီးမှု အခြေအနေနဲ့ အထူးဒေသအုပ်ချုပ်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျတ်ချထားပေးမှုအပေါ် ဘတ်ဂျတ်လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ သုံးစွဲသွားနိုင်ကြရေး အစရှိတဲ့အချက် တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့အတူ ဗဟိုကော်မတီမှ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည်ထောင်စုဝန်ကြီးတွေ၊ အတွင်းဝန်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။


=======================

📌📌အခြေခံပညာသင်ရိုးမှာ ဖက်ဒရယ်နဲ့မလျော်ညီတဲ့ လူမျိုးကြီး ဝါဒ အငွေ့အသက်ပါတဲ့ narrative တွေ၊ သင်ခန်းစာတွေကို ဖြုတ်ခဲ့တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်ကအသိပေး

အခြေခံပညာသင်ရိုးမှာ ဖက်ဒရယ်နဲ့မလျော်ညီတဲ့ လူမျိုးကြီး ဝါဒ အငွေ့အသက်ပါတဲ့ narrative တွေ၊ သင်ခန်းစာတွေကို ဖြုတ်ခဲ့တယ်လို့ ဒုဝန်ကြီးဂျာထွယ်ပန်ကအသိပေးပြောကြားလိုက်ပါတယ်။ ဧပြီ ၂၉ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်က သင်ရိုးနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။

"ကြားကာလပညာရေးအတွက် NUG MOE ကနေ ရှိပြီးသား NLD အစိုးရကာလသင်ရိုးကို ပြင်ဆင်အသုံးပြုတာနဲ့ပါတ်သက်ပြီး နဲနဲပြောပြချင်ပါတယ်။ စဉ်ဆက်မပြတ်ပညာရေးကို ကျောင်းသားကျောင်းသူများအားလုံး လွယ်လင့်တကူရရှိနိုင်ဖို့ရည်ရွယ်ပြီး အင်တာနက်ရှိတာရော၊ မရှိတာရောဒေသစုံက ကျောင်းသားထု အတွက် ရယ် ဆရာ၊ ဆရာမ တွေအတွက်ပါ လွယ်လင့်တကူ သင်ကြား အသုံးပြုနိုင်တဲ့ သူတို့နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သင်ရိုးကို (modified လုပ်ပြီး) ဖြန့်ဖြူးပေးဖို့ ရေတိုအနေနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ Modify (ပြင်ဆင်တည်းဖြတ်) လုပ်တယ်ဆိုတာက ဖက်ဒရယ်နဲ့မလျော်ညီတဲ့ လူမျိုးကြီး ဝါဒ အငွေ့အသက်ပါတဲ့ narrative တွေ၊ သင်ခန်းစာတွေကို ဖြုတ်ခဲ့တာဖြစ်ပါတယ်။ ဒီ NLD လက်ထက်ကသင်ရိုးကို modify လုပ်ပြီး ERO တစ်ချို့ကလည်း ရေတိုအစီအစဉ်အနေနဲ့ သူတို့ရဲ့ကျောင်းတွေမှာ အသုံးပြုတာတွေလည်းရှိပါတယ်။ ပေးလာတဲ့အခြေအနေအရ အတတ်နိုင်ဆုံးနည်းလမ်းကို လုပ်ခဲ့ကြတာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ လက်ရှိမှာပညာရေးဝန်ကြီးဌာနဟာ စိုးမိုးထားတဲ့နယ်မြေတွေမှာ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ကျန်းမာရေးနဲ့ပညာရေးလုပ်ငန်းများစတင်နေပြီဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနကို အစိုးရအဖွဲ့ စတင်တဲ့ ဧပြီလမှာ တပြိုင်နက် ရေရှည်၊ ရေတို လုပ်ရမဲ့လုပ်ငန်းတွေကို မဟာဗျူဟာဆွဲပြီး ချက်ချင်းစတင်ခဲ့တာလို့ သိရပါတယ်။

========================

📌📌ပြည်ထောင်စု သင်ရိုးညွှန်းတမ်းအညွှန်းဘောင် ရေးဆွဲဖို့ အစီအစဥ်ရှိ

ပြည်ထောင်စု သင်ရိုးညွှန်းတမ်းအညွှန်းဘောင် ရေးဆွဲဖို့ အစီအစဥ်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဂျာထွယ်ပန်ကဆိုပါတယ်။ ဧပြီ ၂၉ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်က သင်ရိုးနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။

"အခုကြားကာလ သင်ရိုးနဲ့ပါတ်သက်ပြီးလုပ်နိုင်တာတွေကတော့ သမိုင်း၊ လူမှုရေးဘာသာနဲ့ ပါတ်သက်ပြီး ဘယ်လို နည်းစနစ်တွေနဲ့ ပြည်ထောင်စုနဲ့ဆိုင်တဲ့သမိုင်း၊ ပြည်နယ်၊ လူမျိုးတွေရဲ့သမိုင်းကို လေ့လာ ဖော်ထုတ် ကြမလဲ၊ ကလေးတွေကို ကိုယ်ပိုင် စဉ်းစားတတ်ပြီး၊ သမိုင်းသင်ခန်းစာ အကျိုးအပြစ်ကို သုံးသပ် ဝေဖန်တတ်လာအောင် ဘယ်လိုသင်ပေးကြမလဲဆိုတာနဲ့ပါတ်သက်ပြီး ဆွေးနွေးအဖြေရှာ၊ အသိအမြင်ဖလှယ်တာမျိုးတွေလုပ်လို့ရပါမယ်။ အားလုံးသဘောတူပြီး တိုင်းရင်းသား ပညာရေးကိုယ်စားလှယ်တွေအားလုံးရော ပါ၀င်နိုင်မယ်ဆိုရင်တော့ ကြားကာလအတွင်း အသုံးပြုမဲ့ ပြည်ထောင်စု သင်ရိုးညွှန်းတမ်းအညွှန်းဘောင် (curriculum framework) တွေ ဝိုင်းဆွဲဖို့ ဖြစ်လာနိုင်ပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။

လက်ရှိ တိုင်းသားဒေသများတွင် ပညာရေးအစီအစဥ်များကို တိုင်းရင်းသားခေါင်းဆောင်များ စီစဥ်မှုဖြင့် သင်ကြားမှုများဆက်လက်လုပ်ဆောင်နေလျက်ရှိပါတယ်။

========================

📌📌တနင်္သာရီတိုင်းဒေသကြီး ပန်းဒလဲကျေးရွာတွင် ပျူစောထီးများ ဝင်ရောက် ရမ်းကားပစ်ခတ်၍ အရပ်သားနှစ်ဦး ကျည်ထိမှန်သေဆုံး

တနင်္သာရီတိုင်းဒေသကြီး ပန်းဒလဲကျေးရွာတွင် ပျူစောထီးများ ဝင်ရောက် ရမ်းကားပစ်ခတ်၍ အရပ်သားနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ ဧပြီ ၂၉ ရက် မှာ နိုင်ငံရေးအကျဥ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆိုပါတယ်။

"ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး တစ်ဦး သတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် ထိုနေ့ ည ၉ နာရီခွဲ အချိန်ခန့်တွင် ပျူစောထီးအဖွဲ့ဝင်များမှ ကျေးရွာအတွင်းရှိ ဒေသခံများ၏ နေအိမ်များအတွင်းကို ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ နှစ်ဦးမှာ နေရာတွင်ပင် ကျဆုံးသွားခဲ့ပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရပါတယ်"လို့ဖော်ပြပါတယ်။

ကျဆုံးသွားခဲ့တဲ့ ဒေသခံနှစ်ဦးမှာ ဦးကျော်ထွေးနှင့် ဦးဖေသန်းတို့ဖြစ်ကြောင်း သိရှိရပါတယ်။ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၈၀၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။

========================

📌📌လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် အသက်မပြည့်သေးသည့် အခြေခံပညာကျောင်းသူတစ်ဦးဖမ်းဆီးခံရပြီး ထားဝယ်အကျဥ်းထောင်ကို ချက်ခြင်းပို့ဆောင်

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် အသက်မပြည့်သေးသည့် အခြေခံပညာကျောင်းသူတစ်ဦးဖမ်းဆီးခံရပြီး ထားဝယ်အကျဥ်းထောင်ကို ချက်ခြင်းပို့ဆောင်တယ်လို့သိရပါတယ်။ ဧပြီ ၂၉ ရက်မှာ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂက ထုတ်ပြန်ချက်အရသိရပါတယ်။

"လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် နေထိုင်သော အသက်မပြည့်သေးသည့်အခြေခံပညာကျောင်းသူ မသဲရတနာထွေးသည် ဧပြီလ ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က စစ်ကောင်စီရဲ့ မတရားဖမ်းဆီခြင်းကိုခံလိုက်ရပါတယ်။ စုံစမ်းချက်အရ မသဲရတနာထွေးကို ဖမ်းဆီးပြီးအချိန်ကတည်းက ထားဝယ်အကျည်း‌ထောင်သို့ ခေါ်ဆောင်သွားပြီး အခုချိန်ထိအပြင်လူနှင့် လုံးဝတွေ့ခွင့်မပေးဘူးလို့ သိရှိရပါတယ်"လို့ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၄၄၉) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၀၂၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၆၅) ဦးမှာ သေဒဏ်ချမှတ်ခံထားရပါတယ်။

========================

📌📌စစ်တပ်က မွှေနှောက်သောင်းကျန်းနေ၍ ခင်ဦး - ရေဦး ကားလမ်းဘေးရွာများရှိ ပြည်သူများ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရ

စစ်တပ်က မွှေနှောက်သောင်းကျန်းနေ၍ ခင်ဦး - ရေဦး ကားလမ်းဘေးရွာများရှိ ပြည်သူများ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရ တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၂၉ ရက်မှာ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ခင်ဦး - ရေဦး ကားလမ်းဘေးရွာများ အခြေအနေမှန်ကိုထုတ်ပြန်ခဲ့ပါတယ်။

"ခင်ဦး - ရေဦး ကားလမ်းဘေးရွာများရှိ ပြည်သူများသည်မိမိတို့ရွာများတွင်မနေရဲကြတော့သဖြင့် ပြည်သူပေါင်း၁သောင်းခန့် စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။လာသမျှ တွေ့သမျှ ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေ(အရပ်သားပြည်သူသေဆုံးမှုများရှိနေ)သောကြောင့် ခင်ဦး-ရေဦး လမ်းပိုင်းပေါ်အား မတက်ကြပါရန် သတိပေးတားမြစ်အပ်ပါတယ်"လို့ဖော်ပြထားပါတယ်။ မုံရွာ နမခ စကစတပ်မှလည်း ထောက်ပို့ယာဥ်များတက်လာတယ်လို့သိရပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment