သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ဖွဲ့စည်း
📌အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်နေတဲ့ (FOEIM) က ကျောင်းသားသစ်တွေ ခေါ်ယူသွားမယ်
📌ခလယ်-တံခွန်တိုင်ကျေးရွာသားတွေ မုဒုံမြို့နယ်ထဲကိုထွက်ပြေးတိမ်းရှောင်
📌မှောင်ခိုကားလာဝယ်သူ အယောင်ဆောင်တဲ့ဒုရဲအုပ် တစ်ဦးကို သထုံပြည်သူ့ပြောက်ကျားများအဖွဲ့က ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်
📌မြိုင်ပြည်သူကာကွယ်ရေးပူးပေါင်းတပ်များ လက်နက်ကြီးနဲ့ စကစတပ် တပ်စွဲရာ ကိုင်းရွာသို့ ပစ်ခတ်၍ ခုနစ်ဦး သေဆုံး
📌ထီးလင်းမြို့နယ် အကြည်ဝါးဘင်းရွာထဲမှထွက်ခွာလာသော အင်အား (၉၀) ခန့်ပါ တပ်မ (၁၁) ကို YDF ထီးလင်းကြားဖြတ်တိုက်ခိုက်ရာ အကျအဆုံးများနဲ့စကစတပ်များဆုတ်ခွာ
📌ကလေးမြို့နယ်၊ နတ်မြောင်းကျေးရွာအနီး စကစတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ နှစ်ကြိမ်ထိတွေ့တိုက်ပွဲတွင် စကစတပ်က ကိုးဦးသေဆုံး
📌စစ်ကိုင်းတိုင်းမှာ လျှပ်စစ်မီးပုံမှန်မရတော့တာကြောင့် ဆန်စက်၊ ဆီစက်တွေ လုပ်ငန်းလည်ပတ်ဖို့ မဖြစ်နိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန ဖွဲ့စည်း
ဧပြီ ၂၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၀၄/ ၂၀၂၂) နဲ့ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနကို ဖွဲ့စည်းလိုက်ပါတယ်။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် အထောက်အပံ့များပြုနိုင်စေရန် ရည်ရွယ်ပြီး ပြည်သူ့အုပ်ချုပ်ရေး အာဏာသက်ရောက်ခြင်းဖြင့် နိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ ဖက်ဆစ်လုပ်ရပ်များ၊ အကြမ်းဖက်မှု များကို ကာကွယ်လျက် ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှု နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ရှိစေသော နိုင်ငံတော်လုံခြုံရေးကို တည်ဆောက်နိုင်ရန် အလို့ငှာ “အထူးစုံစမ်းထောက် လှမ်းရေးဦးစီးဌာန” ကို ဖွဲ့စည်းလိုက်တယ်လို့ဖော်ပြထားပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်နေတဲ့ (FOEIM) က ကျောင်းသားသစ်တွေ ခေါ်ယူသွားမယ်
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်နေတဲ့ (FOEIM) က ကျောင်းသားသစ်တွေ ခေါ်ယူသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ကြားကာလ ပညာရေးအတွက် ဖွင့်လှစ်နေတဲ့ အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ Free Online Educational Institution Myanmarမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဇူလိုင် ၁၀ ရက်နေ့မှာ ကျောင်းအပ်လက်ခံသွားမယ်လို့ ဖော်ပြပါတယ်။
အခြေခံပညာ မူလတန်းအဆင့်တွေကို လာမယ့် ဇူလိုင် ၁၀ ရက်မှာ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး ဩဂုတ် ၁ ရက်မှာ ကျောင်းစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ အလယ်တန်း အဆင့်တွေကိုတော့ ဩဂုတ် ၂၀ မှာ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်မှာ ကျောင်းစတင်တက်ရောက်ရမှာဖြစ်တယ်လို့သိရပါတယ်။
အခြေခံပညာ အထက်တန်းအဆင့်တွေကိုတော့ လာမယ့် စက်တင်ဘာ ၁၅ ရက်မှာ ကျောင်းအပ်လက်ခံသွားမှာဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်မှာ ကျောင်းစတင်တက်ရောက်ရမှာ ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
========================
📌📌ခလယ်-တံခွန်တိုင်ကျေးရွာသားတွေ မုဒုံမြို့နယ်ထဲကိုထွက်ပြေးတိမ်းရှောင်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေဟာ မုဒုံမြို့နယ်ဘက်ကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မုဒုံမြို့ခံတစ်ယောက်ကပြောပါတယ်။
ဧပြီလ ၂၃ ရက်နေ့က ခလယ်-တံခွန်တိုင်ကျေးရွာအနီး ရဲစခန်းအနီးမှာ စစ်တပ်နဲ့နယ်မြေခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံအမျိုးသမီးတစ်ယောက်သေဆုံးပြီး အမျိုးသား ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ တံခွန်တိုင်ဘုန်းကြီးကျောင်းအနီးနားက အိမ်တစ်လုံးကို လက်နက်ကြီးကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။
ဧပြီ ၂၃ ရက်နေ့တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ ဒေသခံကျေးရွာသား ၃ဝ ကျော်လောက်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
========================
📌📌မှောင်ခိုကားလာဝယ်သူ အယောင်ဆောင်တဲ့ဒုရဲအုပ် တစ်ဦးကို သထုံပြည်သူ့ပြောက်ကျားများအဖွဲ့က ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်
"ဧပြီ ၂၃ ရက် မနက် ၁၀ နာရီ ဝန်းကျင် သထုံခရိုင် KNU/KNLA တပ်မဟာ ၁၊ တပ်ရင်း (၂) လက်အောက်ခံ PDF တပ်ရင်း (၂) ၊ တပ်ခွဲ (၁) ၏သိမ်ဆိပ်လေးကေလမ်းပေါ်ရှိ ထုံးဘိုကြီး၊ ထုံးဘိုလေးရွာကြား ကျွန်ုပ်တို့ စစ်ဆေးရေးဂိတ်တွင် စကစလက်ပါးစေတပ်သားများ၊ ရဲများ၊ ဒလန်များ ပြည်သူအယောင်ဆောင် ရွာသားအယောင်ဆောင်ကာ လှုပ်ရှားမှုများရှိသည်ကိုသိရ၍ လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးနေစဉ် ဒုရဲအုပ် မင်းမင်းဦးဆိုသူအား ကျွန်ုပ်တို့ဘက်မှဖမ်းဆီးရရှိခဲ့ပါတယ်"လို့ သထုံပြည်သူ့ပြောက်ကျားများအဖွဲ့ကဆိုပါတယ်။
၄င်း ရဲဟာမှောင်ခိုကားလာဝယ်သူဟု အယောင်ဆောင်ကာ သထုံခရိုင်အတွင်းရှိ ခွေးစစ်တပ်တော်တော်များများအား ပိုက်ဆံထောက်ပံ့မှုများရှိသည်ကို တွေ့ရတယ်လို့ဖော်ပြထားပါတယ်။ ရဲအားဆက်လက်စစ်ဆေးရာ မောင်းနှင်လာသော ကား၌ ခြောက်လုံးပြူးသေနက် တစ်လက်၊ ပိုက်ဆံ သိန်း ၂၀နှင့်အထက်၊ ထိုသူ၏ဖုန်းမှ ခွေးဇာတ်ခန်း ဖောက်ပြန်ထားသော VD များ ၊ကားနံပါတ်အတုများထပ်မံတွေ့ရှိရတယ်လို့ဆိုပါတယ်။
========================
📌📌မြိုင်ပြည်သူကာကွယ်ရေးပူးပေါင်းတပ်များ လက်နက်ကြီးနဲ့ စကစတပ် တပ်စွဲရာ ကိုင်းရွာသို့ ပစ်ခတ်၍ ခုနစ်ဦး သေဆုံး
ဧပြီ ၂၅ ရက်နေ့ မွန်းတည့်ချိန် ၁၂ နာရီ အချိန်တွင် ကိုင်းရွာတနေရာတွင် တပ်စွဲထားသော စကစတပ်များကို မြိုင်ပြည်သူကာကွယ်ရေးပူးပေါင်းတပ်များက လက်လုပ် လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့၍ ခုနစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ တိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ နဂါးနီအဖွဲ့, မြိုင်တပ်ခွဲ-၂ , KG အဖွဲ့, မြိုင်မြို့ပြပျောက်ကြားအဖွဲ့ နှင့် Pakokku PDF များ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌ထီးလင်းမြို့နယ် အကြည်ဝါးဘင်းရွာထဲမှထွက်ခွာလာသော အင်အား (၉၀) ခန့်ပါ တပ်မ (၁၁) ကို YDF ထီးလင်းကြားဖြတ်တိုက်ခိုက်ရာ အကျအဆုံးများနဲ့စကစတပ်များဆုတ်ခွာ
ဧပြီ ၂၅ ရက် မနက် ၇ နာရီခန့်တွင် ထီးလင်းမြို့နယ် အကြည်ဝါးဘင်းရွာထဲမှထွက်ခွာလာသော အင်အား (၉၀) ခန့်ပါ တပ်မ (၁၁) ကို တိုက်ခိုက်ခဲ့ရာ အကျအဆုံးများနဲ့ စကစတပ်များ ဆုတ်ခွာသွားခဲ့ပါတယ်လို့ YDF ထီးလင်းကအတည်ပြုဆိုပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲကြာချိန် (၄၅) မိနစ်ခန့်တွင် အထိနာလာသောစစ်ခွေးများမှ ကျဆုံးဒဏ်ရာရသူများအားထမ်းပိုးကာ အကြည်ဝါးဘင်းရွာတွင်းသို့ ပြန်လည် ဆုတ်ပြေးသွားခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။ YDF ဖက်မှထိခိုက်ဒဏ်ရာရသူမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
========================
📌📌ကလေးမြို့နယ်၊ နတ်မြောင်းကျေးရွာအနီး စကစတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ နှစ်ကြိမ်ထိတွေ့တိုက်ပွဲတွင် စကစတပ်က ကိုးဦးသေဆုံး
ကလေးမြို့နယ်၊ နတ်မြောင်းကျေးရွာအနီး စကစတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ နှစ်ကြိမ်ထိတွေ့တိုက်ပွဲတွင် စကစတပ်က ကိုးဦးသေဆုံးခဲ့တယ်လို့ ဧပြီလ ၂၅ ရက် တွင် စစ်ရေးသတင်းကို ချင်းအမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၂၄ ရက်မှာ အကြမ်းဖက်စစ်ကောင်စစ်တပ်များနှင့် CNDF တပ်မဟာ (၁)၊ တပ်ရင်း (၂) နှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အနည်းဆုံး (၄) ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ထို့အပြင် စကစဖက်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်လာကြရာ ညနေ (၅:၃၀) နာရီခန့်တွင် ထိတွေ့တိုက်ခိုက်မှုတစ်ကြိမ်ထပ်မံဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ (၅)ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ ပူးပေါင်းတပ်ဖွဲ့မှ အထိခိုက်မရှိဟုသတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနချင်းအမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။
========================
📌📌စစ်ကိုင်းတိုင်းမှာ လျှပ်စစ်မီးပုံမှန်မရတော့တာကြောင့် ဆန်စက်၊ ဆီစက်တွေ လုပ်ငန်းလည်ပတ်ဖို့ မဖြစ်နိုင်
စစ်ကိုင်းတိုင်းမှာ မီးပုံမှန်မလာတာကြောင့် လုပ်ငန်းပုံမှန်မလည်ပတ်နိုင်တဲ့အတွက် ဆန်စက်၊ ဆီစက်လုပ်သားတွေကို လုပ်အားခပုံမှန်ရှင်းပေးဖို့တောင် အခက်အခဲဖြစ်နေရတယ်လို့ စစ်ကိုင်းဒေသခံ ဆန်စက်လုပ်ငန်းရှင်တစ်ယောက်က အခုလိုပြောပါတယ်။
(လုပ်ငန်းရှင်အပြော)
“အခုလက်ရှိဖြစ်နေတာကတော့ စစ်ကိုင်းတိုင်းမှာက မီးက အမြဲတန်းလိုလိုဖြတ်တောက်မှုဖြစ်နေတယ် လာချင်တဲ့ အချိန်လာတယ်။ လုပ်ငန်းလုပ်ရတဲ့လူတွေအနေနဲ့က မီးလာမယ့် အချိန််ကိုစောင့်ရတဲ့အခါမှာ လုပ်အားခပေးရတဲ့ အတိုင်းအတာကလည်း ဆုံးရှုံးမှုတွေဖြစ်တယ် ဒီရေနံဆီဘာညာနဲ့ လည်ပတ်ပြီးသွားရမယ်ဆိုရင်လည်း အခုခေတ် ဒီဇယ်ဆီစျေးနှုန်းအနေအထားကျတော့ မကိုက်ညီဘူးဖြစ်နေတာ.. ဒီတော့လုပ်ငန်းရှင်အနေနဲ့ကျတော့လည်း မီးတကယ်လာမှသာလျင်လည်း ဒီအလုပ်ရဲ့တန်ဖိုးကိုဖြေရှင်းပေးလို့ရတာပေါ့... ဒီမီးမလာတဲ့အတွက် တခါတလေ အလုပ်သမားတွေမှာလည်း စောင့်နေရတဲ့အချိန်တွေကြန့်ကြာသွားတယ် ကျနော်တို့ကလည်း မီးလာမှပဲ နာရီနဲ့ပဲ ကြည့်ကျက်ရှင်းရတဲ့ အခါကျတော့ သူတို့လည်းနစ်နာတယ် ကျနော်တို့လည်းနစ်နာတယ် ဆုံးရှုံးမှုတွေတော့ အဲ့လိုပဲဖြစ်နေတယ်”
စစ်ကိုင်းတိုင်းထဲမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် အခုနှစ် ရာသီမှာ စိုက်ပျိုးဧရိယာရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ပျိုးနိုင်တော့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အခြေခံသွင်းအားစုတွေဖြစ်တဲ့ ဓါတ်မြေဩဇာနဲ့ ပိုးသတ်ဆေးဈေးတွေကလည်း ၂ ဆလောက်တက်ကုန်တဲ့အတွက် တွက်ခြေမကိုက်လို့ မစိုက်တော့တာလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ဆည်ရေကိုလည်း စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနက ပုံမှန်မပေးတော့ဘူးလို့ဆိုပါတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကောင်းကောင်းမရတာကြောင့် အလုပ်လုပ်ဖို့ဆက်သွယ်ရခက်ခဲသလို Kpay၊ Wave money တို့လို အွန်လိုင်းငွေလွှဲတွေနဲ့လည်း အလုပ်လုပ်လို့မရတော့ဘူးလို့ မုံရွာမြို့ခံတစ်ယောက်ကပြောပါတယ်။
(ဒေသခံအပြော)
“စျေးဆိုင်တွေမှာကျတော့လည်း ဒီလျှပ်စစ်နဲ့လုပ်ရတဲ့ အအေးခန်းနဲ့ထားရတဲ့ပစ္စည်းတွေ ပျက်စီးတယ် အချိန်မှန်မှုကမရှိတော့ မီးရေးထင်းရေးကအစ ရေတင်ရတာကအစ အဆင်မပြေဘူးလေး မီးလာတဲ့အချိန်ကျတော့ မော်တာတွေကပြုန်တင်ကြတာလေ သူတင်ကိုယ်တင်ဆိုတော့.. မီးအားတွေကနဲတယ် မီးအားနဲတော့ မီးတွေကပြတ်ကျတယ် အင်ဂျင်နဲ့တင်ပြန်တော့လည်း ဒီဇယ်စျေး လောင်ဆာစျေးကများနေတာဆိုတော့ မြင့်နေတာဆိုတော့ အဆင်မပြေဘူးအင်ဂျင်နဲ့တင်ရတာကျတော့ နောက်တခါကျတော့ ဒီမှာအခု ထင်းတို့ဆိုတာလည်း အခက်အခဲရှိတယ်လေ အရင်တုန်းကဆိုရင် ၄ ထောင် ဝန်းကျင်လောက်ရှိတယ် တောဒေသဘက်ပေါ့.. အခုဆိုရင် ၆ ထောင် ၇ ထောင်၊ MPT ကတော့ မီးလာသည်ဖြစ်စေ မလာသည်ဖြစ်စေ MPT ကတော့ ပျက်ချင်တဲ့အချိန်ပျက်တယ် Oredoo ကတော့ မီးပျက်တဲ့ အချိန်ကတော့ ခေါ်လို့ကိုမရဘူး ဆက်သွယ်ရေးလိုင်းကပိုဆိုးတယ်”
စစ်ကိုင်းတိုင်း၏အခုနှစ်အခြေအနေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေကိုကောင်းကောင်းမလုပ်နိုင်တာ၊ စစ်ဘေးသင့်ပြီးထွက်ပြေးတိမ်းရှောင်နေရတာ၊ ပုံမှန်ဝင်ငွေမရှိကြတာတွေကြောင့် နောင်နှစ်ကြရင်ပိုဆိုးတဲ့အခြေအနေနဲ့ စစ်ကိုင်းဒေသခံတွေဟာ တွေ့ကြုံလာရနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment