၂၀၂၂ ဧပြီလ ၂၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဗမာ့ကျောင်းသားများအဖွဲ့အစည်း (BSO) သို့ ငွေကျပ်ငါးသိန်းကူညီထောက်ပံ့
📌CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းများလုပ်ဆောင်နေတဲ့ “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်း ၉၂ ဦးကို ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ထုတ်ပယ်
📌အမျိုးသားညီညွတ်ရေးအစိုးရက တစ်နှစ်တာကာလအတွင်း ကျပ်သိန်းပေါင်း ၁၆၇၀၀ ကျော်ကို CDM ကျန်းမာရေးဝန်ထမ်းများအတွက် ပံ့ပိုးပေးနိုင်ခဲ့
📌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး မဲလက်မှတ်များကို ဧပြီ ၂၇ ရက် စတင်ရောင်းချမယ်
📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း (၅၈) နှစ်ပြည့်သို့ သဝဏ်လွှာ ပေးပို့
📌စခန်းသိမ်းတိုက်ပွဲနှင့် မြို့ပေါ်တိုက်ပွဲတွေကို အကောင်းဆုံးဖန်တီးနိုင်ဖို့ အထူးကွန်မန်ဒို အဖွဲ့ (၁) ခုကို ဖွဲ့စည်းထားပြီးပြီလို့ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) မှအသိပေး
📌ယောဒေသ ကာကွယ်ရေး တပ် (YDF) အနေနဲ့ တာဝေးပစ် ပခုံးထမ်း လောင်ချာ အောင်မြင်စွာထုတ်လုပ်နိုင်
📌ပေါက်မြို့နယ် ညောင်ရင်းကျေးရွာမှ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ရာ စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ၁၇၉၄ ဦးထိရှိလာ
📌အရာတော်မြို့နယ် မီးဘေးသင့်ကျေးရွာများမှ ဒေသခံပြည်သူများအတွက် အဝတ်အစားမျိုးစုံနှင့် ငွေသား ၉၀၀,၀၀၀ ကျပ်ကို အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပို့ဆောင်ပေးနိုင်ခဲ့
📌စစ်ကောင်စီကို ဝင်ငွေရလမ်းရှာဖွေပေးနေတဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရုံးချုပ်က ဝန်ထမ်းသစ် ၁၃၅ ယောက်ခန့်ရာတွင် နီးစပ်ရာ ဆွေမျိုးရင်းများကို ခန့်အပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဗမာ့ကျောင်းသားများအဖွဲ့အစည်း (BSO) သို့ ငွေကျပ်ငါးသိန်းကူညီထောက်ပံ့
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဗမာ့ကျောင်းသားများအဖွဲ့အစည်း (BSO) သို့ ငွေကျပ်ငါးသိန်းကူညီထောက်ပံ့ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီလ နောက်ဆုံးပတ်မှာ ဗမာ့ကျောင်းသားများအဖွဲ့အစည်း (BSO) က ထုတ်ပြန်ခဲ့ပါတယ်။
"ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၏ နှစ်(၇၀) ပြည့် မွေးနေ့မှသည် နှောင်နှစ်ပေါင်း များစွာအထိ နိုင်ငံအကျိုးပြည်သူ့အကျိုးသယ်ပိုးနိုင်ပြီး စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် ဆောင်ရွက်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ဗျ။ မိမိတို့ဗမာ့ကျောင်းသားများအဖွဲ့အစည်း(BSO) သို့ မြန်မာကျပ်ငွေ (၅) သိန်းကျပ်ကိုထောက်ပံ့လှူဒါန်းပေးသည်အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ"လို့ ဆိုထားပါတယ်။ ဗမာ့ကျောင်းသားများအဖွဲ့အစည်း (BSO) ဟာ မြန်မာ့တော်ဝင်နဂါးတပ်ဖွဲ့နဲ့လည်း မဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်တယ်လို့သိရပါတယ်။
=======================
📌📌CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းများလုပ်ဆောင်နေတဲ့ “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်း ၉၂ ဦးကို ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ထုတ်ပယ်
CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းများလုပ်ဆောင်နေတဲ့ “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်း ၉၂ ဦးကို ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ထုတ်ပယ်လိုက်တယ်လို့သတင်းရရှိပါတယ်။ ဧပြီလ(၂၅) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ကြေညာချက်အမှတ် (၈/၂၀၂၂) နဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ပဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်းဖြစ် စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေဖြင့်လည်း အောက်တိုဘာလမှစတင်၍ အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့ကြသည့် ဝန်ကြီးဌာနမဖွဲ့ရသေးသော ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေး တို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။
သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ် ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပေဒနှင့်အညီ ပြန်ဆပ်ရန်မလိုတော့သည့် လစာချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများ စသည့် အမျိုးမျိုးသောဖိနှိပ်မှုများကိုကျူးလွန်နေသော “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (သာသနာရေးဦးစီးဌာန)” မှ အောက်ဖေါပြပါ ဝန်ထမ်းများအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရက တစ်နှစ်တာကာလအတွင်း ကျပ်သိန်းပေါင်း ၁၆၇၀၀ ကျော်ကို CDM ကျန်းမာရေးဝန်ထမ်းများအတွက် ပံ့ပိုးပေးနိုင်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရက တစ်နှစ်တာကာလအတွင်း ကျပ်သိန်းပေါင်း ၁၆၇၀၀ ကျော်ကို CDM ကျန်းမာရေးဝန်ထမ်းများအတွက် ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များကို အစီရင်ခံရာမှာထည့်သွင်းဖော်ပြခဲ့ပါတယ်။
တစ်နှစ်တာကာလအတွင်းမှာ ကျပ်သိန်းပေါင်း ၁၆၇၀၀ ကျော်ကို CDM ကျန်းမာရေးဝန်ထမ်းများအတွက် ပံ့ပိုးပေးနိုင်ခဲ့ပြီး ကျပ်သိန်းပေါင်း ၁၁၇၂၀ ကို ထိခိုက်ဒဏ်ရာရ PDF များ နဲ့ပြည်သူများကို ဆေးကုသခြင်း၊ စစ်ဘေးသင့်ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ COVID 19 ကာကွယ်ကုသခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးတပ်ဖွဲ့ ဖွဲ့စည်းရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ စုစုပေါင်းသင်တန်းသား၇၀၀၀ကျော်ကို ရှေးဦးသူနာပြုစုနည်းများပို့ချပေးခဲ့ပါတယ်။
========================
📌📌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး မဲလက်မှတ်များကို ဧပြီ ၂၇ ရက် စတင်ရောင်းချမယ်
ဒေါ််အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး မဲလက် မှတ်များကို ဧပြီ၂၇ ရက် စတင်ရောင်းချမယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆောင်းခဲ့ဖူးတဲ့ ပုသိမ်ထီးကို ပိုင်ရှင်ဖြစ်သူက နွေဦးတော်လှန်ရေးအတွက် ပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ ပုသိမ်ထီးကို "ပြည်သူ့ဘဝ လုံခြုံဖို့ အမေ့ထီးဖြင့်ကာကွယ်ဖို့" (One million in one month campaign) အမည်နဲ့ ကမ္ဘာတဝှမ်းလုံး raffle tickets မဲလက်မှတ်များ ရောင်းချပြီး မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။
မဲလက်မှတ်ဖိုးမှာ ဒေါ်လာ ၁၀ ဖြစ်ပြီးတော့ ကံစမ်းဖို့ကာလကတော့ ဧပြီလ ၂၇ ရက်နေ့က စတင်မယ်လို့သိရပါတယ်။
- CRPH- Official Fundraising Program network မှလည်း မြန်မာပြည် အပါအဝင် တကမ္ဘာလုံးမှ ဝယ်ယူနိုင်ရန် စီစဉ်ပေးမှာဖြစ်ကာ ရရှိလာသော မဲရောင်းရငွေရဲ့ 70% ကို NUGအစိုးရရဲ့ အနောက်မြောက်ဒေသ လွတ်မြောက်နယ်မြေတွေကို ထိန်းချုပ်နယ်မြေအဖြစ် ဖော်ဆောင်ရာမှာအသုံးပြုသွားမှာဖြစ်ပြီး ကျန်တဲ့ 30% ကိုတော့ ခုခံစစ်ဆင်နွှဲနေတဲ့ အဖွဲ့အစည်းတွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း (၅၈) နှစ်ပြည့်သို့ သဝဏ်လွှာ ပေးပို့
သဝဏ်လွှာ အပြည့်အစုံမှာ -
၁။ ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ(၂၄) ရက်နေ့တွင် ကျရောက်သော ရှမ်းပြည်တပ်မတော် (SSPP/SSA) တည်ထောင်ခြင်း (၅၈) နှစ်ပြည့် အထိမ်းအမှတ်သို့ ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
၂။ (၁၉၄၇) ပင်လုံကတိကဝတ်များနှင့်အညီ ရှမ်းပြည်သူလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ လူမျိုးစုအခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန် ရည်ရွယ်လျက် ရှမ်းပြည် တပ်မတော် (SSPP/SSA)ကို ထူထောင်ကာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။
၃။ ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ သပ်လျှိုသွေးခွဲအုပ်ချုပ်မှုများကြောင့် ရှမ်းပြည် အပါအဝင် ပြည်ထောင်စုတစ်ခုလုံး အပြောင်းအလဲများစွာဖြစ်ပေါ်ခဲ့ရပြီး ပြည်သူလူထုမှာလည်း နစ်နာမှုများစွာ ကြုံတွေခဲ့ရသည်။
၄။ လက်ရှိအချိန်သည် ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ကျွနု်ပ်တို့ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး အတူတကွ လက်တွဲတွန်းလှန်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ဦးတည်လျှောက်လှမ်းရန် အချိန်အခါကောင်းဖြစ်သည်ဟု လေးနက်စွာ ယုံကြည်ပါသည်။
၅။ ရှမ်းပြည်တပ်မတော်(SSPP/SSA)တည်ထောင်ခြင်း (၅၈) နှစ်ပြည့်မှသည် ရှမ်းအမျိုးသားများ အပါအဝင် ပြည်ထောင်စုသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုတိုးတက်ပေါကြွယ်ဝအောင် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤ သဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
========================
📌📌စခန်းသိမ်းတိုက်ပွဲနှင့် မြို့ပေါ်တိုက်ပွဲတွေကို အကောင်းဆုံးဖန်တီးနိုင်ဖို့ အထူးကွန်မန်ဒို အဖွဲ့ (၁) ခုကို ဖွဲ့စည်းထားပြီးပြီလို့ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) မှအသိပေး
စခန်းသိမ်းတိုက်ပွဲနှင့် မြို့ပေါ်တိုက်ပွဲတွေကို အကောင်းဆုံးဖန်တီးနိုင်ဖို့ အထူးကွန်မန်ဒို အဖွဲ့ (၁) ခုကို ဖွဲ့စည်းထားပြီးပြီလို့ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) မှအသိပေးပြောကြားလိုက်ပါတယ်။ ဧပြီ ၂၅ ရက်မှာ ပြည်သူ့တော်လှန်ရေး တပ်မတော်က အထူးကွန်မန်ဒို သင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။
"စခန်းသိမ်းတိုက်ပွဲ နှင့် မြို့ပေါ်တိုက်ပွဲတွေကို အကောင်းဆုံးဖန်တီးနိုင်ဖို့ အထူးကွန်မန်ဒို အဖွဲ့ (၁) ခုကို အကောင်းဆုံးဖွဲ့စည်းထားပြီးပါပြီ။ ယနေ့မှာတော့ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ မကြာခင်မှာ ပြည်သူတရပ်လုံး မြင်ချင်နေတဲ့ ပုံစံတွေကို မျက်ဝါးမြင်မြင်ကြုံတွေ့နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒီပွဲသေချာပေါက်နိုင်ရမယ်"လို့ ဗိုလ်ဂျပန် ပြည်သူ့တော်လှန်ရေး တပ်မတော်ကဆိုပါတယ်။ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) က လက်ရှိမှာ စကစတပ်များကိုလည်း အထိရောက်ဆုံးတော်လှန်တိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌ယောဒေသ ကာကွယ်ရေး တပ် (YDF) အနေနဲ့ တာဝေးပစ် ပခုံးထမ်း လောင်ချာ အောင်မြင်စွာထုတ်လုပ်နိုင်
ယောဒေသ ကာကွယ်ရေးတပ် (YDF) အနေနဲ့ တာဝေးပစ် ပခုံးထမ်း လောင်ချာ အောင်မြင်စွာထုတ်လုပ်နိုင်တယ်လို့သိရပါတယ်။ ဧပြီ ၂၅ ရက်မှာ ယောဒေသ ကာကွယ်ရေးတပ် (YDF) အနေနဲ့ တာဝေးပစ် ပခုံးထမ်း လောင်ချာ (Shoulder Launched Missile) ဖြစ်တဲ့ Patriot ကို စမ်းသပ်ပစ်ခတ်ပြတဲ့ ရုပ်သံဖော်ထုတ်ပြသခဲ့ပါတယ်။
"ရန်သူ စစ်ကောင်စီကို တိုက်ခိုက် ချေမှုန်းနိုင်ရေးအတွက် စစ်လက်နက် ပစ္စည်းများကို ကြိုးစား လုပ်လာခဲ့ရာမှာ ယခုအခါမှာတော့ ယောဒေသ ကာကွယ်ရေး တပ် (YDF) အနေနဲ့ တာဝေးပစ် ပခုံးထမ်း လောင်ချာ (Shoulder Launched Missile) ဖြစ်တဲ့ Patriot ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ စမ်းသပ် ပစ်ခတ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီး နည်းပညာ အဆင့်မြှင့်ဆောင်ရွက်လာခဲ့ရာ ယခုအခါမှာတော့ Patriot လို့ နာမည်ပေးထားတဲ့ ပခုံးထမ်း လောင်ချာကို တိုက်ပွဲဝင် အဆင့်အထိ ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်"လို့ ယော YDF က ဆိုပါတယ်။
တိုက်ပွဲဝင် အဆင့် ဆိုသည်မှာ ရောက်ရှိနိုင်သည့် အကွာအဝေး၊ ပေါက်ကွဲအား၊ ပစ်ခတ်သူအတွက် အန္တရာယ်ကင်းမှု စသည်တို့ကို စနစ်တကျ တိုင်းတာထားပြီး သုံးစွဲပစ်ခတ်မည့်သူများ စိတ်ချစွာနဲ့ ရန်သူကို ချေမှုန်းရေးကိုသာ အာရုံစိုက် လုပ်ဆောင်နိုင်မည့် အဆင့်ကို ဆိုလိုခြင်းဖြစ်တယ်လို့ ယော YDF ကဆိုပါတယ်။ Patriot လောင်ချာဟာ ရဟတ်ယာဉ်များကို ပစ်ခတ်နိုင်မည့် စွမ်းဆောင်နိုင်ရည် ရှိပြီး၊ ပစ်မှတ်ကို ပိုမိုတိကျအောင် ပစ်ခတ်နိုင်ရန် နည်းပညာ အဆင့်မြှင့်ခြင်းများကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
========================
📌📌ပေါက်မြို့နယ် ညောင်ရင်းကျေးရွာမှ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ရာ စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ၁၇၉၄ ဦးထိရှိလာ
မကွေးတိုင်း ပေါက်မြို့နယ် ညောင်ရင်းကျေးရွာမှ အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ရာ စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု ၁၇၉၄ ဦးထိရှိလာတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၂၅ ရက်နေ့မှာ AAPP ကထုတ်ပြန်ချက်အရသိရပါတယ်။
ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ညောင်ရင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား ဦးဝင်းဦးနှင့် ဦးကျော်မင်းလွင်တို့ကို အနီးကပ် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၇၉၄) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPP ကသတင်းရရှိပါတယ်။ လတ်တလောမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာ စကစတပ်များဟာ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးကာ တွေ့သမျှအရပ်သားများကို သတ်ဖြတ်လျက်ရှိပါတယ်။
========================
📌📌အရာတော်မြို့နယ် မီးဘေးသင့်ကျေးရွာများမှ ဒေသခံပြည်သူများအတွက် အဝတ်အစားမျိုးစုံနှင့် ငွေသား ၉၀၀,၀၀၀ ကျပ်ကို အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပို့ဆောင်ပေးနိုင်ခဲ့
အရာတော်မြို့နယ်မီးဘေးသင့်ကျေးရွာများမှ ဒေသခံပြည်သူများအတွက် အဝတ်အစားမျိုးစုံနှင့် ငွေသား ၉၀၀,၀၀၀ ကျပ်ကို အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ ဧပြီ ၂၄ ရက်မှာ မြို့နယ်ပအဖက ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။
"အရာတော်မြို့နယ်၊စစ်တပ်မီးဘေးသင့်ကျေးရွာများမှဒေသခံပြည်သူများအတွက် "ပြည်သူမှ ပြည်သူသို့" အားဖြည့်ကူညီကြသော အဝတ်အစားမျိုးစုံနှင့် ငွေသား ၉၀၀,၀၀၀ ကျပ်ကို မြို့နယ် ပအဖ မှတဆင့် ထပ်မံပို့ဆောင်နိုင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ ဧပြီ ၁၇ ရက်မှ ၂၃ ရက်အထိ စစ်ကိုင်းတိုင်းတွင် စကစတပ်များ မီးရှို့မှု ရှစ်မှု၊ သတ်ဖြတ်မှု ငါးမှု ကျူးလွန်ခဲ့ပါတယ်။
========================
📌📌စစ်ကောင်စီကို ဝင်ငွေရလမ်းရှာဖွေပေးနေတဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရုံးချုပ်က ဝန်ထမ်းသစ် ၁၃၅ ယောက်ခန့်ရာတွင် နီးစပ်ရာ ဆွေမျိုးရင်းများကို ခန့်အပ်
စစ်ကောင်စီကို ဝင်ငွေရလမ်းရှာဖွေပေးနေတဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရုံးချုပ်က ဝန်ထမ်းသစ် ၁၃၅ ယောက်ခန့်ရာတွင် နီးစပ်ရာ ဆွေမျိုးရင်းများကို ခန့်အပ်တယ်လို့ သတင်းရရှိပါတယ်။ ဝန်ထမ်းသစ်များ ခန့်အပ်ရာ Non CDM ဝန်ထမ်းများရဲ့ အမျိုးအဆွေများကို ခန့်အပ်တယ်လို့ CDM ဝန်ထမ်းများက အတည်ပြုပြောပါတယ်။
"နောက်တိုးဝန်ထမ်း ၁၃၅ ယောက် ထပ်ခန့်တယ်။ ရာထူးစုံတယ်။ နေ့စားသဘော ခန့်တာပေါ့။ လက်ရှိ Non CDM အမျိုးတွေလည်းပါတယ်"လို့ ဆိုပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး ရုံးမတက်နဲ့ရုန်းထွက် လှုပ်ရှားကြရာတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ဝန်ထမ်းများလည်း CDM လုပ်ဆောင်ခဲ့ပြီး ကျန်ရှိဝန်ထမ်းများမှာ စကစကိုထောက်ခံအားပေးကာ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ အရာထမ်းများဟာ လေလံတင်ရာတွင် လေလံဆွဲသူမှ ဂါရဝပြုခြင်း၊ ရေယာဥ်များ ဖြည့်သွင်းရတဲ့ ဆီများမှ ခိုးယူရာတွင် ခွဲတမ်းရရှိခြင်း၊ ပန်းဆိုးတန်း-ဒလ ကူးတို့လတ်မှတ်ဂိတ် ကုန်တင်ဝင်ပေါက်မှ အပိုဝင်ငွေရရှိခြင်းတို့နဲ့ပျော်မွေ့လျက်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment