သတင်းခေါင်းစဉ်များ -
📌မြန်မာ့နှစ်သစ်ကူး ရန်ပုံငွေ စျေးပွဲတော်တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းပါဝင်ကူညီရောင်းချပေး၍ အမေရိကန်ဒေါ်လာ ၁၀၁၅၀၀ ရရှိ
📌အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများ၏ ရသုံးငွေစာရင်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်အနေနဲ့ စစ်ဆေးပြီးပါက အများပြည်သူသို့ ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်များထုတ်ပြန်မယ်
📌ကောလင်းမြို့နယ် အရှေ့ မြေနီဘက်သို့ စစ်ကောင်စီတပ်များ ယနေ့မနက် စစ်ကြောင်းထိုး
📌ကိုင်းကျေးရွာအနောက်ဘက် နှောပင်လမ်းခွဲအနီး ဖြတ်သန်းလာသော စစ်ကောင်စီတပ်သားများကိုပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၇ ဦးခန့်ထိခိုက်သေဆုံး
📌နွားထိုးကြီး-တောင်သာ လမ်းမပေါ်တွင် နွားထိုးကြီး PDF က ခရီးသွားကားများကို စတင်စစ်ဆေး
📌စစ်တပ် ၀င်ရောက်ပစ်ခတ်မီးရှို့မှုများကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ရတဲ့ကျေးရွာမှ ပြည်သူလူထုများ နေရာစုံပြောင်းရွှေ့နေထိုင်နေရ
📌မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို နှစ်ရက်တာ တိုက်ခိုက်မှုတွင် လက်နက်ကြီးများ ရဲစခန်းထဲကျ၍ သုံးဦး သေ၊ ငါးဦး ထိခိုက်ဒဏ်ရာရ
📌မြန်မာ့အရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ဒုတိသက်တမ်းအတွက် ရွေးကောက်ပွဲတွင် ဆက်လက်အနိုင်ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြန်မာ့နှစ်သစ်ကူး ရန်ပုံငွေ စျေးပွဲတော်တွင် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းပါဝင်ကူညီရောင်းချပေး၍ အမေရိကန်ဒေါ်လာ ၁၀၁၅၀၀ ရရှိ
အမေရိကန်နိုင်ငံနယူးဂျာစီတွင် မြန်မာ့နှစ်သစ်ကူး ရန်ပုံငွေ စျေးပွဲတော်၌ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းပါဝင်ကူညီရောင်းချပေး၍အမေရိကန်ဒေါ်လာ ၁၀၁၅၀၀ ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
မြန်မာ့နှစ်သစ်ကူး ရံပုံငွေ စျေးပွဲတော်ကို (Helping Hands for Burma) နွေဦးအတွက် ကမ်းလက်များအဖွဲ့ က ဦးစီးပြီး အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်က လောကချမ်းသာစေတီတော်မှာ ဧပြီ ၂၄ ရက်နေ့ တနင်္ဂနွေနေ့က ၃ နာရီကြာ ကျင်းပသွားခဲ့ပါတယ်။
ဒီပွဲမှာ မြန်မာအစားအစာ အမျိုးပေါင်း ၆၀ ကျော် နဲ့ မြန်မာ့ အမှတ်တရ ပစ္စည်းများ ရောင်းချခဲ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကနေ ငွေတိုက်စာချုပ် ဝယ်ယူတဲ့အပြင် ပါဝင်ကူညီရောင်းချပေးခဲ့တယ်လို့သတင်းရရှိပါတယ်။
ရန်ပုံငွေပွဲကို မြန်မာပြည်ဖွားတိုင်းရင်းသား ၁၅၀၀ ကျော် လာရောက်အားပေး လှူဒါန်းခဲ့ကာအစားအသောက် ရန်ပုံငွေ ၄၁,၃၆၀ ရရှိခဲ့ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများ၏ ရသုံးငွေစာရင်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်အနေနဲ့ စစ်ဆေးပြီးပါက အများပြည်သူသို့ ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်များထုတ်ပြန်မယ်
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနများ၏ ရသုံးငွေစာရင်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်အနေနဲ့ စစ်ဆေးပြီးပါက အများပြည်သူသို့ ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်များထုတ်ပြန်မယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ဧပြီ ၂၅ ရက် တွေ့ဆုံမေးမြန်းတဲ့ အင်တာဗျူးအစီအစဥ်မှာပြောကြားခဲ့တာဖြစ်ပါတယ်။
"NUG ဝန်ကြီးဌာနတွေမှာ အလှူခံရရှိတဲ့ ဝင်ငွေတွေ၊ ရငွေတွေ အကုန်လုံးစာရင်းပြုစုထားရပါတယ်။ ပြီးလို့ရှိရင် ဘယ်လိုသုံးစွဲရမယ်ဆိုတဲ့ အကြောင်းကို ညွှန်ကြားထားတာရှိပါတယ်။ အဲဒီဝန်ကြီးဌာန အသီးသီးက လစဥ်သူတို့ရဲ့ ရသုံးငွေစာရင်းကို MOPFI ကို ပေးရပါတယ်။ကျနော်တို့က စုစည်းထားရှိပြီးတော့ အခုဆိုရင် အစိုးရတနှစ်ပြည့်ပါပြီ။ ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးရေးလုပ်ငန်းတွေစတင်ပါတော့မယ်။ဒါပြီးလို့ရှိရင်တော့ပြည်သူလူထုကိုအသိပေးဖို့ ထုတ်ပြန်ပါမယ်"လို့ဆိုပါတယ်။
စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနအနေနဲ့ဥပဒေများ ပြင်ဆင်ရေးဆွဲခြင်း၊ဘဏ္ဍာငွေများစီစစ်သုံးစွဲခြင်း၊ ဝန်ကြီးဌာနများသို့လုပ်ငန်းဆောင်တာများ ကူညီဆောင်ရွက်ပေးခြင်းတို့လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌ကောလင်းမြို့နယ် အရှေ့ မြေနီဘက်သို့ စစ်ကောင်စီတပ်များ ယနေ့မနက် စစ်ကြောင်းထိုး
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ မြေနီဘက်သို့ စစ်ကောင်စီတပ်များ ယနေ့မနက် စစ်ကြောင်းထိုးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဧပြီ ၂၅ ရက် မနက်ပိုင်းမှ စတင်ကာ စကစတပ်ကလက်နက်ကြီးပစ်ခတ်သံများ ကြားခဲ့ရတယ်လို့ကောလင်း info ကအတည်ပြုဆိုပါတယ်။စစ်ကြောင်းသွားမယ့်လမ်း လက်နက်ကြီးနဲ့ပစ်ခတ် လမ်းရှင်းတယ်လို့ သိရပါတယ်"လို့ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်များဟာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကလေး၊ ကောလင်း၊ ဝန်းသို၊ ကသာ၊ ဒီပဲယင်း၊ ရေဦး၊တန့်ဆည်၊ ခင်ဦးမြို့နယ်များသို့ လှည့်ပတ် စစ်ကြောင်းထိုးလျက်ရှိပါတယ်။
========================
📌📌ကိုင်းကျေးရွာအနောက်ဘက် နှောပင်လမ်းခွဲအနီး ဖြတ်သန်းလာသော စစ်ကောင်စီတပ်သားများကိုပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၇ ဦးခန့်ထိခိုက်သေဆုံး
ဧပြီ ၂၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် ပခုက္ကူမြို့နယ် ကိုင်းကျေးရွာအနောက်ဘက် နှောပင်လမ်းခွဲအနီး ဖြတ်သန်းလာသော စစ်ကောင်စီတပ်သားများအား ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် ၇ ဦး ခန့်ထိခိုက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူများအနေဖြင့် စစ်ရေးပစ်မှတ်များနှင့် အနီးကပ်သွားလာခြင်းမှ ရှောင်ရှားကြရန် တော်လှန်ရေးရဲဘော်များအား ဝိုင်း၀န်းကူညီပေးကြရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
========================
📌📌နွားထိုးကြီး-တောင်သာ လမ်းမပေါ်တွင် နွားထိုးကြီး PDF က ခရီးသွားကားများကို စတင်စစ်ဆေး
“ဧပြီ ၂၄ ရက်နေ့မှစ၍ NPDF အဖွဲ့သားများမှ စစ်တပ် ထုတ်ကုန်များ၊မူးယစ်ဆေးဝါးများနှင့် တရားမ၀င်ပစ္စည်းများကို အထူးစစ်ဆေးအရေးယူရန် ယနေ့ နွားထိုးကြီး-တောင်သာ လမ်းမပေါ်တွင် စတင်စစ်ဆေးမှု့များ ပြုလုပ်ခဲ့ပြီး ခရီးသွားပြည်သူများ ဆောင်ရန် ရှောင်ရန်အချက်အလက်များကို ရှင်းပြခြင်းများနှင့်ကားမှန်များချ၍ မောင်းနှင်ကြရန် အထူးသတိပေးခြင်းများကို NPDF အဖွဲ့သားများမှ ပြုလုပ်ခဲ့ပါတယ်"ဟု နွားထိုးကြီး PDF ကဆိုပါတယ်။ ထိုသို့စစ်ဆေးရာတွင် ခရီးသွားပြည်သူများကလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရပါတယ်။
========================
📌📌စစ်တပ် ၀င်ရောက်ပစ်ခတ်မီးရှို့မှုများကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ရတဲ့ကျေးရွာမှ ပြည်သူလူထုများ နေရာစုံပြောင်းရွှေ့နေထိုင်နေရ
စစ်ကိုင်းမြို့အနောက်မြောက် ဆားတောင်တိုက်နယ်အတွင်းရှိ သာစည်လေး၊ ဘုရားလှ၊ ညောင်ပင်ရှည် ကျေးရွာများအား ဧပြီ ဒုတိယအပတ်မှစတင်ကာ စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်၀င်ရောက်မီးရှို့ခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ရတဲ့အတွက် နေရာစုံပြောင်းရွှေ့နေထိုင်နေရတယ်လို့သတင်းရရှိပါတယ်။
လက်ရှိမှာရှောင်နေရတဲ့ကျေးရွာ ၁၅ ရွာ ရှိပြီးတော့အစားအစာနဲ့ အဝတ်အထည်တို့လိုအပ်နေတယ်လို့သိရပါတယ်။
ဧပြီ ၁၇ ရက်မှ ၂၃ ရက်အထိ စစ်ကိုင်းတိုင်းတွင် စကစတပ်များ မီးရှို့မှု ရှစ်မှု၊ သတ်ဖြတ်မှု ငါးမှု ကျူးလွန်ခဲ့တယ်လို့ ဧပြီ ၂၄ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
========================
📌📌မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို နှစ်ရက်တာ တိုက်ခိုက်မှုတွင် လက်နက်ကြီးများ ရဲစခန်းထဲကျ၍ သုံးဦး သေ၊ ငါးဦး ထိခိုက်ဒဏ်ရာရ
"ဧပြီ ၁၉ ရက်နဲ့ ၂၀ ရက်ည ၁၁ နာရီအချိန်ခန့်တွင်ကျောက်ရစ်ရဲစခန်းအား လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စခန်းအတွင်းသို့ကျည်ဖူးများကျရောက်ခဲ့ပြီး သုံးဦးသေဆုံးပြီး ငါးဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွင် မြောင်တာတေကြီး၊ MUA တပ်ရင်း ၁ ၊ YFPDF တို့မှမြို့နယ် ပကဖ ဒုတာဝန်ခံဗိုလ်တောက်ထွန်း၏ လက်နက်ကူညီမှုဖြင့် ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌မြန်မာ့အရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ဒုတိသက်တမ်းအတွက် ရွေးကောက်ပွဲတွင် ဆက်လက်အနိုင်ရရှိ
မြန်မာ့အရေးတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် ဒုတိသက်တမ်းအတွက် ရွေးကောက်ပွဲတွင် ဆက်လက်အနိုင်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထောက်ခံမဲ ၁၈သန်းကျော် သို့မဟုတ် ခိုင်လုံမဲအားလုံး၏ ၅၈ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့တယ်လို့ ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
မက်ခရွန်၏ အနီးကပ်ပြိုင်ဘက်ဖြစ်သူ လက်ယာယိမ်းပါတီ ကိုယ်စားလှယ် မာရင်းလီပန် (Marine Le Pen) က ထောက်ခံမဲ ၁၃ သန်းကျော် သို့မဟုတ် ခိုင်လုံမဲ ၄၁ ဒသမ ၄၆ ရာခိုင်နှုန်း ရရှိခဲ့တာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံသား (၄၉ သန်းနီးပါး) က မဲပေးရန် မှတ်ပုံတင်ထားကြသော်လည်း အမှန်တကယ်မဲပေးသူ (၃၅ သန်းကျော်) ကသာ မဲရုံများသို့သွားရောက်မဲထည့်ခဲ့ကြပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်ဟာ မြန်မာပြည်သူများကို ၄င်းအနေနဲ့တစ်သားတည်းရှိကြောင်း လူမှုကွန်ရက်မှာဖော်ပြခဲ့သူလည်းဖြစ်ပြီး မြန်မာ့အရေးကို ကူညီဖို့ ပြင်သစ်အစိုးရကခြေလှမ်းပြင်နေဆဲကာလ လည်းဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment