25th APR 2022 - Morning Daily News by Radio NUG

၂၀၂၂ ဧပြီလ ၂၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌စိုးမိုးနယ်မြေတွေကို ခိုင်မာတိုးတက်အောင်လုပ်ဆောင်ပြီး နောက်ထပ်စိုးမိုးနယ်မြေတွေ ဆက်လက်လုပ်ဆောင်ကြဖို့အတွက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီအား ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်း
📌လာမယ့်နှစ်မှာ စစ်ရေးတင်မကပဲ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဘက်မှာပါ ပိုမိုထင်ရှားတဲ့ အောင်မြင်မှုတွေကိုရအောင် ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဆို
📌အထူးဒေသအတွက် ရရှိထားတဲ့ ဘဏ္ဍာငွေများအား ကျန်းမာရေးနှင့် ပညာရေးအပါအဝင် ကဏ္ဍအလိုက် စနစ်တကျ စိစစ်သုံးစွဲကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှာကြား
📌တော်လှန်ရေးကာလ တာဝန်ကျေပွန်သော အခွန်ထမ်း ပြည်သူများကို ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျေးဇူးတင်ရှိကြောင်းထုတ်ပြန်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌စိုးမိုးနယ်မြေတွေကို ခိုင်မာတိုးတက်အောင်လုပ်ဆောင်ပြီး နောက်ထပ်စိုးမိုးနယ်မြေတွေ ဆက်လက်လုပ်ဆောင်ကြဖို့အတွက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးကို မနေ့က ပြုလုပ်ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စိုးမိုးနယ်မြေတွေကို ခိုင်မာတိုးတက်အောင်လုပ်ဆောင်ပြီး နောက်ထပ်စိုးမိုးနယ်မြေတွေ ဆက်လက်လုပ်ဆောင်ကြဖို့အတွက် တိုက်တွန်းပြောကြား လိုက်ပါတယ်။
“ယခုမြေပြင်တွင် စိုးမိုးနယ်မြေများ ရရှိနေပြီဖြစ်သည့် အားလျော်စွာစိုးမိုးနယ်မြေများကို ခိုင်မာတိုး တက်အောင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး အခွန်ကောက်ခံမှုများ စနစ်တကျဖြစ်စေရေးဆောင်ရွက်ကြရန်နဲ့ နောက်ထပ်စိုးမိုးနယ်မြေများရရှိအောင် ဆက်လက်လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း” ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်တာပါ။
ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးချုပ်က အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရေးအတွက် အဓိကထားလုပ်ဆောင်ဖို့ ပြောကြားခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ တစ်နှစ်တာကာလအတွင်းမှာ ဒုက္ခများစွာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရပြီးဖြစ်တာမို့ အကြမ်းဖက်စစ်အာဏာရှင်လက်မှ လွတ်မြောက်နိုင်ဖို့အတွက် ဒုတိ ယနှစ်မှာ အပြီးသတ် လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က မြေပြင်ဆောင်ရွက်ထားချက်တွေနဲ့ ပတ်သက်ပြီးပြောကြားခဲ့သလို စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးမင်းဇေယျာဦးက ဘဏ္ဍာရေးကိစ္စ၊ အခွန်ငွေ ကောက်ခံခြင်းကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်တင်ပြခဲ့ကြပါတယ်။
အစည်းအဝေးတက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည် ထောင်စုဝန်ကြီးတွေနဲ့ အတွင်းဝန်တွေက ကြားကာလအထူးအုပ်ချုပ်ရေးဒေသအခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးဆွေးနွေးချက်တွေအပေါ် ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ပြည်ထောင်စုဝန်ကြီးချုပ်က အတည်ပြုပေးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး (၈/၂၀၂၂) ကို ဧပြီ ၂၃ ရက် နံနက် ၁၀:၀၀ နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယပြည်ထောင်စုဝန်ကြီးတွေနဲ့ အတွင်းဝန်တွေ တက်ရောက်ခဲ့ကြပြီး နံနက် ၁၁း၂၀ နာရီ တွင် အစည်းအဝေး အောင်မြင်စွာ ရပ်နားခဲ့ကြပါတယ်။

=======================

📌📌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီအား ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်း

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီအား ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တာ်လို့သတင်းရရှိပါတယ်။ ဧပြီ ၂၄ ရက်မှာ အမိန့်ကြော်ငြာစာအမှတ် (၀၁/၂၀၂၂) နဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများကို စုစည်း၍ CDM ဝန်ထမ်းများ၏ အရေးကိစ္စများနှင့် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ မြေပြင်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် (၁၄-၁၀-၂၀၂၁) ရက်နေ့တွင် အမိန့်အမှတ် (၆/၂၀၂၁) ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီအား ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါတယ်လို့ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများနှင့် ထိန်းချုပ်နယ်မြေများ၌ စစ်ကောင်စီ၏ လစ်လပ်သွားသော အုပ်ချုပ်ရေးယန္တရားတွင် အစားထိုးဝင်ရောက်၍ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ပြည်နယ်ကောင်စီများ၏ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးပေးနိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီအား ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးကြေညာချက်က ဆိုထားပါတယ်။

========================

📌📌လာမယ့်နှစ်မှာ စစ်ရေးတင်မကပဲ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဘက်မှာပါ ပိုမိုထင်ရှားတဲ့ အောင်မြင်မှုတွေကိုရအောင် ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဆို

လာမယ့်နှစ်မှာ စစ်ရေးတင်မကပဲ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဘက်မှာပါ ပိုမိုထင်ရှားတဲ့ အောင်မြင်မှုတွေကို ရအောင် ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဆိုပါတယ်။ ဧပြီ ၂၄ ရက် လူမှုကွန်ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က နယ်မြေစိုးမိုးနိုင်မှုကို အသိပေးရေးသားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

"တစ်နှစ်တာကာလအတွင်းမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်နိုင်ခဲ့တာ ၃၆ မြို့နယ် ရှိပါပြီ။ မြို့ကြီးတွေကလွဲရင် ကျေးလက်တွေရဲ ၈၀% ကို အဲဒီ ၃၆ မြို့နယ်မှာ စိုးမိုးထိမ်းချုပ်ထားပါပြီ။ လာမယ့်နှစ်မှာ စစ်ရေးတင်မကပဲ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးဘက်မှာပါ ပိုမိုထင်ရှားတဲ့ အောင်မြင်မှုတွေကိုရအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြို့တွေကို PDF တွေ ပကဖတွေ မြို့ပြပျောက်ကျားတွေ ပအဖတွေ ပလဖတွေက အခြေခံနယ်မြေ တည်ဆောက်ထားပြီးနေပါပြီ"လို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာ စိုးမိုးနယ်မြေများမှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန် NUG ပြည်ထဲရေးဝန်ကြီးဌာနက ရဲတပ်ဖွဲ့ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို တင်ပြထားပါတယ်။ အဆိုပါရဲတပ်ဖွဲ့ဥပဒေအတည်ပြုပြီးပါက CDM ရဲများနဲ့ ရဲတပ်ဖွဲ့များဖွဲ့စည်းကာ ရဲလုပ်ငန်းများဆောင်ရွက်မှာဖြစ်ပါတယ်။

========================

📌📌အထူးဒေသအတွက် ရရှိထားတဲ့ ဘဏ္ဍာငွေများအား ကျန်းမာရေးနှင့် ပညာရေးအပါအဝင် ကဏ္ဍအလိုက် စနစ်တကျ စိစစ်သုံးစွဲကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှာကြား

အထူးဒေသအတွက် ရရှိထားတဲ့ ဘဏ္ဍာငွေများအား ကျန်းမာရေးနှင့် ပညာရေးအပါအဝင် ကဏ္ဍအလိုက် စနစ်တကျ စိစစ်သုံးစွဲကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး မှာကြားလိုက်ပါတယ်။ ဧပြီ ၂၄ ရက် ကျင်းပတဲ့ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ အထူးဒေသအုပ်ချုပ်ရေး အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ အထူးဒေသအတွက် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးဆိုင်ရာ လုပ်ငန်းများ၊ အခွန်ငွေကောက်ခံမှုဆိုင်ရာ ကိစ္စရပ်များ၊ ရရှိထားသည့် ဘဏ္ဍာငွေများအား ကျန်းမာရေးနှင့် ပညာရေးအပါအဝင် ကဏ္ဍအလိုက် စနစ်တကျ စိစစ်သုံးစွဲကြရန် မှာကြားခဲ့ပါတယ်။ ဒါ့အပြင် မြေပြင်တွင်တွေ့ရသည့် အခက်အခဲ ပြဿနာရပ်များ စသည်တို့ကို တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးသို့ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်မှုဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးမင်းဇေယျာဦး နှင့် ဝန်ကြီးဌာန အသီးသီးမှ အတွင်းဝန်များ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အထူးဒေသအုပ်ချုပ်ရေး နယ်မြေခံခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။

========================

📌📌တော်လှန်ရေးကာလ တာဝန်ကျေပွန်သော အခွန်ထမ်း ပြည်သူများကို ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျေးဇူးတင်ရှိကြောင်းထုတ်ပြန်

တော်လှန်ရေးကာလ တာဝန်ကျေပွန်သော အခွန်ထမ်း ပြည်သူများကို ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျေးဇူးတင်ရှိကြောင်းထုတ်ပြန်လိုက်ပါတယ်။ ဧပြီ ၂၄ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်တွင်းအခွန်များဦးစီးဌာန ကဖော်ပြပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရကို အခွန်ပေးဆောင်မယ်ဆိုရင် ပေးဆောင်ရမယ့်ပမာဏကို အခွန်ထမ်းကိုယ်တိုင်ကသာ သတ်မှတ်ပေးဆောင်ရမှာဖြစ်လို့ နိုင်ရာဝန်သာထမ်းရမယ့် အစီအစဉ်ဖြစ်ပါတယ်။ စိတ်ချလုံခြုံတဲ့ အခွန်စနစ်ဖြစ်တာကြောင့် အခွန်ထမ်းဆောင်ဖို့ မိမိရဲ့ရပ်တည်မှုသာလျှင် အရေးကြီးပါတယ်။ ဒီအခွန်ဘဏ္ဍာတွေကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ပြည်သူလူထုလိုလားတဲ့ လူ့အခွင့်အရေးအပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ် တည်ဆောက်ရေးမှာ အကောင်းဆုံးအသုံးပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တော်လှန်ရေးကာလ တာဝန်ကျေပွန်သော အခွန်ထမ်း ပြည်သူများကို ပြည်တွင်းအခွန်များဦးစီးဌာနမှ ကျေးဇူးတင်ပါတယ်"လို့ဖော်ပြပါတယ်။ လက်ရှိမှာပြည်သူများဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့အခွန်ထမ်းစနစ်တွင်သာပါဝင်ပြီး စကစရဲ့ ရေခွန်၊ မီးခွန်များကို မဆောင်ဘဲ သပိတ်မှောက်လှုပ်ရှားလျက်ရှိပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment