၂၀၂၂ ဧပြီလ ၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) မှ ထောက်ပံ့သော ငွေကြေးအထောက်အပံ့ တစ်ကြိမ်တစ်ခါမျှ မရရှိသေးသော CDM ရဲတပ်ဖွဲ့ဝင်များကို ထောက်ပံ့ကြေးပေးမယ်
📌စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ၂၀၂၂ ခုနှစ် မတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့နေအိမ်၊ အဆောက်အဦး အရေအတွက် အလုံး ၅၀၀ ကျော်ထိရှိလာ
📌ပြည်သူလူထုနေအိမ် ၈,၀၀၀ နီးပါးဟာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရပီးဖြစ်တယ်လို့ သိရပါတယ်
📌၇ ဦးသာပါဝင်တဲ့ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် တက်ရောက်သူများအပေါ် သစ္စာဖောက်လက်ပါးစေများဟု သမဂ္ဂက ကြေငြာခဲ့ပါတယ်
📌ကုန်စည်သယ်ယူမှု စစ်ကောင်စီ ကန့်သတ်တားမြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) မှ ထောက်ပံ့သော ငွေကြေးအထောက်အပံ့ တစ်ကြိမ်တစ်ခါမျှ မရရှိသေးသော CDM ရဲတပ်ဖွဲ့ဝင်များကို ထောက်ပံ့ကြေးပေးမယ်
အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) မှ ထောက်ပံ့သော ငွေကြေးအထောက်အပံ့ တစ်ကြိမ်တစ်ခါမျှ မရရှိ သေးသော CDM ရဲတပ်ဖွဲ့ဝင်များကို ထောက်ပံ့ကြေးပေးမယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၁ ရက်နေ့မှာ CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီက အသိပေးကြေညာပါတယ်။
"၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီ (၁) ရက်နေ့နောက်ပိုင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ ပြည်သူနှင့် အတူရပ်တည်ပြီး Civil Disobedience Movement တွင် ပါဝင်ခဲ့သော CDM ရဲတပ်ဖွဲ့ဝင်များထဲမှ CDM ပြုလုပ်ပြီးနောက် အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) မှ ထောက်ပံ့သော ငွေကြေးအထောက်အပံ့ တစ်ကြိမ်တစ်ခါမျှ မရရှိ သေးသော CDM ရဲတပ်ဖွဲ့ဝင်များနှင့် CDM CODE/ ဂုဏ်ပြုမှတ်တမ်းလွှာ မရရှိသေးသော CDM ရဲတပ်ဖွဲ့ဝင်များသည် အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) မှ ထောက်ပံ့သော ငွေကြေးအထောက်အပံ့ရရှိနိုင်ရန်နှင့် CDM CODE/ ဂုဏ်ပြုမှတ်တမ်းလွှာ ရရှိနိုင်ရန်အတွက် CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီထံစာရင်းပေးသွင်းနိုင်တယ်လို့ဆိုပါတယ်။
စာရင်းပေးသွင်းမှုအား (https://t.me/CDMPOLICE) တွင် လာရောက်စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။ CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီအနေဖြင့် CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင် ( ၈၀၄) ဦးအား ထောက်ပံ့ပေးခဲ့ပြီး၊ စစ်ကောင်စီအား တွန်းလှန်ရင်း တိုက်ပွဲကျ ( ၂ ) ဦး၊ ဒဏ်ရာရ ( ၁ ) ဦး၊ ကျန်းမာရေးအတွက် ( ၅၀ ) ဦးတို့အပါအဝင် စုစုပေါင်း ( ၈၅၈) ဦးအား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ၂၀၂၂ ခုနှစ် မတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့နေအိမ်၊ အဆောက်အဦး အရေအတွက် အလုံး ၅၀၀ ကျော်ထိရှိလာ
စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ၂၀၂၂ ခုနှစ် မတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရတဲ့နေအိမ်၊ အဆောက်အဦး အရေအတွက် အလုံး ၅၀၀ ကျော်ထိရှိလာတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကဆိုပါတယ်။
AAPP မှ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် မတ်လကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း (၅၄၇) ခုထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။
စကစတပ်များဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များရဲ့နေအိမ်များ၊ CDM ဆရာဆရာမနေအိမ်များ၊ NLD ပါတီအမတ်နေအိမ်များနဲ့ PDF တို့ရဲ့နေအိမ်များကို အဓိကသိမ်းဆည်းခဲ့ပါတယ်။ အဆိုပါ နေအိမ်များ သိမ်းဆည်းခံရမှုနဲ့ပတ်သတ်၍ တိုင်ကြားနိုင်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
========================
📌📌ပြည်သူလူထုနေအိမ် ၈,၀၀၀ နီးပါးဟာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရပီးဖြစ်တယ်လို့ သိရပါတယ်
အကြမ်းဖက်စစ်ကောင်စီတပ်များ ခုခံတွန်းလှန်စစ်များ ပြင်းထန်တဲ့ဒေသများမှာ ပြည်သူ့ရပ်ရွာမီးရှီု့ခြင်းအား စစ်ဆင်ရေးတခုသဖွယ်ကျူးလွန်ခဲ့ကြပြီး ယခုတစ်ပတ်အတွင်းမှာလည်း နေအိမ်မီးရှို့မှုများကြောင့် အိမ်ခြေ ၂၅၀ ခန့် ထပ်မံပျက်စီးခဲ့ပီဖြစ်ပါတယ်။ ဧပြီလ ၁ ရက်နေ့ရက်စွဲဖြင့် Data for Myanmar အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေပေါင်းဟာ ၈,၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း သိရပါတယ်
စာရင်းပြုစုချက်များအရ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ မတ်လ ၃၁ ရက်အတွင်း နေရာပေါင်း ၂၂၂ နေရာမှာ မီးရှို့ဖျက်ဆီးခဲ့ကြရာ အနီးစပ်ဆုံးခန့်မှန်းခြေ လူနေအိမ်ခြေ ၇,၉၇၃ လုံး ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်အထိ စာရင်းများအရ နေရာပေါင်း ၂၁၂ နေရာမှ နေအိမ် ၇,၇၂၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ရာ ယခုတစ်ပတ်အတွင်း နေရာ ၁၀ ခုမှ အိမ်ခြေ ၂၄၄ လုံးထပ်မံ ဖျက်ဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ စာရင်းအချက်အလက်များကို သတင်းမီဒီယာများ၌ ဖော်ပြသည့် တိုက်ပွဲသတင်းများ နေအိမ်မီးရှို့ခံရမှုများကို ပြန်လည်စိစစ် ရေတွက်ထားခြင်းဖြစ်တယ်လို့ data for myanmar ကဆိုပါတယ်။ ဒေသခံ လူအခွင့်အရေးအဖွဲ့များနှင့် စစ်ရှောင်ကူညီရေး အဖွဲ့များက ထုတ်ပြန်သည့် စာရင်းများကို အခြေခံထားကြောင်း၊ မပြည့်စုံသည့် အချက်အလက်များ ချန်ထားခဲ့ကြောင်းနှင့် မီးရှို့ဖျက်ဆီးခံရသည့် အရေအတွက်မှာ မြေပြင်၌ ပိုများနိုင်ကြောင်း ကိုလည်း ရေးသားဖော်ပြထားပါတယ်။ စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် အိမ်ခြေ ၈,၀၀၀ နီးပါးအနက် ၅,၀၀၀ နီးပါးသည် စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်သူလူထု နေအိမ်များဖြစ်ပါတယ်။ မကွေးတိုင်းအတွင်းမှ ပြည်သူလူထု နေအိမ် ၁,၃၀၀ နီးပါး၊ ချင်းပြည်နယ်မှ အိမ်ခြေ ၁,၁၀၀ ကျော် ၊ ကယားပြည်နယ်မှ အိမ်ခြေ ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ ဆက်လက်ပီးတော့လည်း စစ်ကောင်စီတပ်များက ပြည်သူလူထု နေအိမ်များကို ပစ်မှတ်ထား တိုက်ခိုက် ဖျက်ဆီးမှုများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေဆဲဖြစ်ပါတယ်။
========================
📌📌၇ ဦးသာပါဝင်တဲ့ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် တက်ရောက်သူများအပေါ် သစ္စာဖောက်လက်ပါးစေများဟု သမဂ္ဂက ကြေငြာခဲ့ပါတယ်
မန္တလေး နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားကို မတ်လ ၂၉ ရက်နှင့် ၃ဝ ရက်နေ့တွင် တက္ကသိုလ် ပင်မဆောင် အသစ်၌ ပြုလုပ်ခဲ့ပါတယ်။ ကျောင်းသား ကျောင်းသူ ၇ ဦးသာပါဝင်ပြုလုပ်ခဲ့တဲ့ပွဲဖြစ်ပြီး ဘွဲ့ယူသူများမှာ သစ္စာဖောက် လက်ပါးစေများဖြစ်ကြောင်း နည်းပညာ တက္ကသိုလ် မန္တလေး ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ ဘွဲ့တက်ရောက်ရယူသည့် ကျောင်းသား ကျောင်းသူ ၇ ဦးထဲတွင် နည်းပညာ တက္ကသိုလ် မန္တလေး ကျောင်းသားများ သမဂ္ဂမှ အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ၂ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော အောင်ခိုင်မင်းလည်း ပါဝင်ခဲ့ပြီး သူ့အား သမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော မှတ်တမ်းများကို ဖျက်သိမ်းကြောင်း အမိန့်ပြန်တမ်းကို နည်းပညာ တက္ကသိုလ် မန္တလေး ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ကြေညာခဲ့ပါတယ် နည်းပညာ တက္ကသိုလ် မန္တလေးသည် မေဂျာ တစ်ခုလျှင် ကျောင်းသားကျောင်းသူ ၁ဝဝ ကျော်ဖြင့် နှစ်စဉ် ဘွဲနှင်းသဘင်ကို ကျောင်းသား ကျောင်းသူ ၇ဝဝ ကျော်မှ ၁ဝဝဝ ကြား အရေအတွက်ဖြင့် ကျင်းပခဲ့သော အစဉ်အလာရှိပါတယ်။ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျောင်းသား ကျောင်းသူ ၇ ဦး ဖြင့်သာ ပြုလုပ်ခဲ့ရပါတယ်။
========================
📌📌ကုန်စည်သယ်ယူမှု စစ်ကောင်စီ ကန့်သတ်တားမြစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့တွင် စစ်ကောင်စီက ကုန်စည်သယ်ယူမှုများကို ကန့်သတ်တားမြစ်ထားသည်ဟု ဒေသခံများက ပြောသည်။ ကုန်တင်ယာဉ်ဖြင့် လိုက်ပါဝယ်ယူကြသည့် ဒေသခံတစ်ဦးလျှင် ဆန်တစ်အိတ်၊ ဆီတစ်ဗုံးကိုသာ သယ်ယူခွင့်ပြုသည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“အဓိက ပုလောနဲ့ သရက်ချောင်းဘက် တောက်လျှောက် မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိနေတော့ အဲဒီဘက်ရှိတဲ့ အင်အားစုတွေ ဖြတ်တောက် စစ်ဆေးချင်တာရယ်၊ အထောက်အပံ့ မရအောင် လုပ်ချင်တာရယ်ကြောင့်ပါ။ အဲဒီတော့ ဒေသက လက်ကားပြန်ရောင်းသူတွေနဲ့ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။
သတ်မှတ်ချက်ထက် ကုန်ပိုတင်ဆောင်မှုများရှိပါက စစ်ကောင်စီတပ်ဖွဲ့ဝင်ဂိတ်များက သိမ်းဆည်းမှုများ ပြုလုပ်နေသည်ဟု စစ်ဘေးရှောင်ကူညီမှုများ ဆောင်ရွက်နေသည့် ကိုသော်လွင်အောင်က ပြောသည်။
“ဆန်ဆိုရင် တစ်အိတ်ပေါ့၊ ပိုတင်လာတာ တွေ့ရင် ယူသိမ်းတာတွေ၊ စစ်ဆေးတာတွေ တောက်လျှောက် လုပ်ပါတယ်။ ဆီ၊ကြက်သွန်တွေလည်း အဲဒီလိုမျိုး အကန့်အသတ်နဲ့ပဲ တင်ခွင့်ပေးတယ်” ဟု ၎င်းက ဆိုသည်။
မတ်လ ၂၆ ရက်မှ ၂၉ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့များက သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ၃၀၀၀ စစ်ဘေးရှောင်နေရသည်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment