1st APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၁ ရက်နေ့ ညခင်းပိုင်း နောက်ဆုံး ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အနာဂတ် ဖယ်ဒရယ်ဒီမိုက​ရေစီနိုင်ငံတော်သစ်မှာ ဝိုင်းဝန်းဖယ်ကျဥ်တာမခံရ​အောင် တတ်နိုင်တဲ့နည်းနဲ့ ပါဝင်ကြပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌ကသာနယ် ကျောက်ကြီးရွာမှ ထွက်လာသော စကစလက်နက်ရိက္ခာတင် စက်လှေ ၆ စီးအား မြို့လှ PDF တပ်ဖွဲ့မှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်
📌ရွှေပြည်သာမြို့နယ်ခန်းမ ပေါက်ကွဲမှုဖြစ်ပွား
📌တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နဲ့ အရေးကြီးသတင်းများပေးပို့ရာတွင် စကစ ပြည်ထဲရေးဝန်ကြီးနဲ့ ကိုယ်ရေးအရာရှိတို့ကို သတင်းပို့ရန် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြား
📌စစ်ကောင်စီကကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ ဝင်ရောက်ပူးပေါင်းခြင်းမပြုရန် အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ သဘောထားထုတ်ပြန်
📌ဆားလင်းကြီးမြို့ရဲစခန်းအား စိန်ပြောင်း (၈) လက်၊ (၆၀) မမ အဖူး (၃၅)လုံးဖြင့် မဟာမိတ်တပ်များပစ်ခတ်
📌"နွေဦးစာကြည့်တိုက်" အမှတ်(၃) ဖယ်ခုံ ဖွင့်လှစ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အနာဂတ် ဖယ်ဒရယ်ဒီမိုက​ရေစီနိုင်ငံတော်သစ်မှာ ဝိုင်းဝန်းဖယ်ကျဥ်တာမခံရ​အောင် တတ်နိုင်တဲ့နည်းနဲ့ ပါဝင်ကြပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီးဆို

ဧပြီ ၁ ရက်နေ့ လူမှုကွန်ရက်မှာ CDM စစ်သားတွေနဲ့ပတ်သတ်လို့ အနာဂတ် ဖယ်ဒရယ်ဒီမိုက​ရေစီနိုင်ငံတော်သစ်မှာ ဝိုင်းဝန်းဖယ်ကျဥ်တာမခံရ​အောင် တတ်နိုင်တဲ့နည်းနဲ့ ပါဝင်ကြပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက ဆိုလိုက်ပါတယ်။

"သြစီဗီဇာအ​ကြောင်း ဆက်သွယ်​မေးမြန်းမှု​တွေများလာတာနဲ့ပတ်သက်ပြီး ဆွေး​နွေးရင်း ကို​မင်းကိုနိုင်​ပြောတဲ့စကား​လေးကို သ​ဘောကျမိတယ်။ စကားလုံးအတိအကျ​တော့ မဟုတ်ဘူး။ "သြစီဗီဇာထက် အနာဂတ်နိုင်ငံ​တော်ရဲ့ဗီဇာကိို ရ​အောင်လုပ်ကြပါ။ အနာဂတ်နိုင်ငံ​တော်မှာ လိပ်ပြာလုံလုံနဲ့​​နေထိုင်နိုင်ဖို့ စစ်အာဏာရှင်ကို တတ်စွမ်းသရွေ့တွန်းလှန်ကြပါ" တဲ့။ ကိုယ်လုပ်ခဲ့တာအတွက်
၊ ကိုယ်မလုပ်ခဲ့တာအတွက်၊ ကိုယ်​တွေ​ဝေခဲ့တာအတွက်၊ ကိုယ်နူတ်ဆိတ်ခဲ့တာအတွက် ​နောင်တရပြီး အနာဂတ်ဖယ်ဒရယ်ဒီမိုက​ရေစီနိုင်ငံတော်သစ်မှာ ဝိုင်းဝန်းဖယ်ကျဥ်တာမခံရ​အောင် တတ်နိုင်တဲ့နည်းနဲ့ ပါဝင်ကြပါ။​ နေရာတိုင်း အချိန်တိုင်းမှာ ​တော်လှန်​ရေးအတွက် လုပ်စရာ​တွေရှိပါတယ်"လို့ ဆိုပါတယ်။

လက်ရှိမှာ CDM ဝင်လာတဲ့ စကစတပ်နဲ့ ရဲများအင်အားဟာ အားကောင်းနေဆဲဖြစ်ပြီးတော့ ပြည်ပခိုလှုံခွင့်ရမယ့်သတင်းကြောင့် စကစတပ်များ CDM ဝင်ရောက်မှု ပိုမိုလာခဲ့ပါတယ်။​ ဩစတြေးလျဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံမှ ခိုလှုံသူ အယောက်၂၀၀၀ ကိုလက်ခံသွားမယ်လို့ဆိုထားပါတယ်။

========================

📌📌ကသာနယ် ကျောက်ကြီးရွာမှ ထွက်လာသော စကစလက်နက်ရိက္ခာတင် စက်လှေ ၆ စီးအား မြို့လှ PDF တပ်ဖွဲ့မှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့နယ် ကျောက်ကြီးရွာမှ ထွက်လာသော စကစလက်နက်ရိက္ခာတင် စက်လှေ ၆ စီးအား မြို့လှ PDF တပ်ဖွဲ့မှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်၍ စက်လှေများပျက်စီးကာထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့သတင်းရရှိပါတယ်။

ဧပြီ ၁ ရက်နေ့ မနက် ၇ နာရီ အချိန် လက်နက်ရိက္ခာတင် စက်လှေ ၆ စီးကို မြို့လှရွာဖက်သို့ စုန်ဆင်းထွက်ခွာစဥ် ဗိုလ်မိုဃ်းကြိုးဦးဆောင်သော မြို့လှ PDF တပ်မှတိုက်ခိုက်ခဲ့တယ်လို့ မြို့လှ PDF ကဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ရိက္ခာတင်စက်လှေအချို့ ထိခိုက်ပျက်စီးခဲ့ပြီး စကစဖက်မှ ထိခိုက်မှုအများအပြားရှိနိုင်တယ်လို့ဆိုပါတယ်။ စကစဖက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့ပြီး တော့သေဆုံးထိခိုက်မှုကို စုံစမ်းနေဆဲ​ဖြစ်ပါတယ်။

========================

📌📌ရွှေပြည်သာမြို့နယ်ခန်းမ ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ခန်းမ ပေါက်ကွဲမှုဖြစ်ပွားတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၁ ရက် မနက် ၅ နာရီ​ခွဲ အချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ MSI YDF ကဆိုပါတယ်။ "စောစောစီးစီး မင်္ဂလာရှိလိုက်တာနော် ဧပြီလ အစကို မင်္ဂလာရှိစွာဖြတ်သန်းလိုက်ပါတယ်။ ရွှေပြည်သာမြို့နယ်ခန်းမ အုံး "လို့ ဖော်ပြထားပါတယ်။

မတ်လ ၉ ရက် ည ၇ နာရီခွဲ ဝန်းကျင်ကလည်း ရွှေပြည်သာ မြို့နယ်ခန်းမပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ခဲ့ပါတယ်။

ယင်းမြို့နယ်ခန်းမဝင်းအတွင်း စစ်ကောင်စီ တပ်စွဲထားပြီး ရွှေပြည်သာမြို့နယ်အတွင်း မတရား သိမ်းဆည်း ထားတဲ့ ဆိုင်ကယ်များ ထားရှိကြောင်း သိရပါတယ်။

========================

📌📌တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နဲ့ အရေးကြီးသတင်းများပေးပို့ရာတွင် စကစ ပြည်ထဲရေးဝန်ကြီးနဲ့ ကိုယ်ရေးအရာရှိတို့ကို သတင်းပို့ရန် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြား

တပ်တွင်းဖရဲသီး၏ သတင်းပေးချက်အရ တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နဲ့ အရေးကြီးသတင်းများပေးပို့ရာတွင် စကစ ပြည်ထဲရေးဝန်ကြီးနဲ့ ကိုယ်ရေးအရာရှိတို့ကို သတင်းပို့ရန် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြားတယ်လို့သတင်းရရှိပါတယ်။

သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသ​ဖြင့် မပေါက်ကြားစေရန် စကစလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး၏ ညွှန်ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြားတယ်လို့ Myanmar Police CDM Channel - MPCC ကဖော်ပြပါတယ်။

ရုံးစာများ၊ အရေးကြီးသတင်းများ၊ ထူးခြားဖြစ်စဉ်များမှာ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပေါက်ကြားလျက်ရှိနေရာ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးမှ သတင်းပေါက်ကြားမှုများအား စိုးရိမ်ထိတ်လန့်နေသဖြင့် တိုင်းနဲ့ပြည်နယ် ရဲတပ်ဖွဲ့မှူးများအား ထူးခြားဖြစ်စဉ်နဲ့ အရေးကြီးသတင်းများပေးပို့ရာတွင် စကစ ပြည်ထဲရေးဝန်ကြီး၏ ဖုန်းနံပါတ်သို့လည်းကောင်း၊ ၎င်း၏ PSO ဖုန်းနံပါတ်သို့လည်းကောင်း တိုက်ရိုက်ဖုန်းဆက်ကြရန်ညွှန်ကြားသည့် လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြားလျက်ရှိပါတယ်လို့ ဆိုပါတယ်။

ကြေးနန်းစာတွင် ပြည်နယ်/တိုင်း ရဲတပ်ဖွဲ့မှူးများမှ ထူးခြားဖြစ်စဉ်များ တင်ပြရာတွင် ပြည်ထဲရေးဝန်ကြီးထံသို့ တိုက်ရိုက်သော်လည်းကောင်း၊ PSO ထံသို့လည်းကောင်း ဖုန်းဖြင့်ကနဦးတင်ပြသွားရန်နှင့် ရုံးစာများ၊ ညွှန်ကြားစာများ ပေါက်ကြားမှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ကွပ်ကဲဆောင်ရွက်သွားကြရန် ညွှန်ကြားထားပါတယ်။

========================

📌📌စစ်ကောင်စီကကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ ဝင်ရောက်ပူးပေါင်းခြင်းမပြုရန် အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ သဘောထားထုတ်ပြန်

ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ စစ်ကောင်စီကကျင်းပတဲ့ အတုအယောင် ပျော်ပွဲရွှင်ပွဲများအပါအဝင် သင်္ကြန်ပွဲတော်မှာပါ ဝင်ရောက်ပူးပေါင်းခြင်းမပြုရန် အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ သဘောထားထုတ်ပြန်လိုက်ပါတယ်။

ဧပြီလ ၁ ရက်နေ့မှာထုတ်ပြန်ချက်အရ မကြာမီကျရောက်လာမည့် မြန်မာသင်္ကြန်ကာလတွင် အင်းစိန်အကျဉ်းဦးစီးအပါအဝင် စစ်ကောင်စီနှင့် လက်ပါးစေများက ထောင်တွင်းထောင်ပြင် ပျော်ပွဲရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ကြားသိရပါတယ်။

စစ်ကောင်စီ အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ ခုနှစ် မှစ၍ တနိုင်ငံလုံးအတိုင်းအတာနှင့် အချုပ်အနှောင်ခံနေရချိန်တွင် ထောင်တွင်းသင်္ကြန်နှင့် နိုင်ငံနေရာအနှံ့အပြားတွင် ကျင်းပပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲများသည် တန်ဖိုးအားဖြင့် ခြားနားခြင်းမရှိဟု မှတ်ယူပါတယ်။

ထိုပျော်ပွဲရွှင်ပွဲများသည် တော်လှန်ရေးတရပ်လုံး၏ အန္တိမပန်းတိုင် မှေးမှိန်သွားစေရန် (တော်လှန်ရေးဈာန်လျှောသွားစေရန်) ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော အတုအယောင် ပျော်ပွဲရွှင်ပွဲများဖြင့် အဓမ္မပျော်ရွှင်စေခြင်းမျိုးဖြစ်ပါတယ်။

မိမိတို့ နိုင်ငံရေးအချုပ်အနှောင်ခံများသည် ထောင်တွင်းသင်္ကြန်အား လုံးဝ (လုံးဝ) ပူးပေါင်းပါဝင်မည် မဟုတ်ပါကြောင်း ‌သဘောထားထုတ်ပြန်လိုက်တယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူတရပ်လုံးအနေဖြင့်လည်း ရန်သူတို့ဖန်တီးလုပ်ယူထားသော အတုအယောင် ပျော်ပွဲရွှင်ပွဲများ၊ အတုအယောင် လူနေမှုပုံစံများတွင် ဝင်ရောက်ပူးပေါင်းခြင်း မပြုကြပါရန် တပါတည်း တိုက်တွန်းလိုက်တယ်လို့ဆိုပါတယ်။

========================

📌📌ဆားလင်းကြီးမြို့ရဲစခန်းအား စိန်ပြောင်း (၈) လက်၊ (၆၀) မမ အဖူး (၃၅)လုံးဖြင့် မဟာမိတ်တပ်များပစ်ခတ်

ဆားလင်းကြီးမြို့ရဲစခန်းအားစိန်ပြောင်း (၈) လက်၊ (၆၀) မမ အဖူး (၃၅)လုံးဖြင့် ယမန်နေ့ညက မဟာမိတ်တပ်များပစ်ခတ်တိုက်ခိုက်၍ စကစတပ်များ ထိခိုက်သေဆုံးခဲ့ပါတယ်။

မတ်လ ၃၁ ရက် ည ၉ နာရီ ၁၅ မိနစ် အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ရဲစခန်းအား မဟာမိတ်တပ်များ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Unity Force monywa ကဆိုပါတယ်။

" ရဲစခန်းအား Brother Defense Force နှင့် Unity Force monywa မဟာမိတ် ပူးပေါင်း (၈) ဖွဲ့တို့နှင့် အတူ အဝေးပစ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပါတယ်။ ၄င်းရဲစခန်းနှင့် စကစများ ကင်းပုန်း ဝပ်နေသော နေရာများလည်း လက်နက်ကြီး ထိမှန်ခဲ့ပြီး သေဆုံးမှုရှိနိုင်ပါတယ်"လို့ ဆိုပါတယ်။ မဟာမိတ်တပ်ဖွဲ့ဝင် ရဲဘော်များ ထိခိုက် မှုမရှိခဲ့ဘဲ ဘေးကင်းလုံခြုံသောနေရာသို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။

========================

📌📌"နွေဦးစာကြည့်တိုက်" အမှတ်(၃) ဖယ်ခုံ ဖွင့်လှစ်

မတ်လ (၂၈) ရက်နေ့က ကရင်နီ/ကယန်းဒေသ၊ ဖယ်ခုံမြို့နယ်ကျေးရွာတစ်ရွာမှာ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂက နွေဦးစာကြည့်တိုက်တခု ထပ်မံဖွင့်လှစ်ပေးနိုင်ခဲ့သလို
တတိယမြောက်ဖွင့်လှစ်နိုင်ခဲ့တဲ့ စာကြည့်တိုက်တခုလည်းဖြစ်တယ်လို့သတင်းရရှိပါတယ်။

နွေဦးစာကြည့်တိုက် (၁) နှင့် (၂) ကိုတော့ ဒီးမော့ဆိုမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး စာကြည့်တိုက်လုပ်ငန်းစဉ်များလည်ပတ်နေတာ (၄) လခန့် ရှိပြီဖြစ်ပါတယ်။
ယခုစာကြည့်တိုက်မှာ သုတ၊ ရသ၊ ဘာသာပြန်၊ ကာတွန်း၊ အင်္ဂလိပ်စာပေ၊ နိုင်ငံရေး၊ ကဗျာ၊ ကလေးပုံပြင်နှင့် ရုပ်ပြ စသဖြင့် (၁၆) မျိုးခွဲပေးထားပြီး စာအုပ်ပေါင်း (၃၀၀၀) ခန့် ဖြည့်ဆည်းထားတယ်လို့သိရပါတယ်။

ယခုစာကြည့်တိုက်ရေရှည်လည်ပတ်နိုင်ရေးအတွက် ဒေသခံလူထုနှင့် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စာကြည့်တိုက်များအတွက်လှူဒါန်းလိုပါက m.me/FundraisingByYTUSU ကိုဆက်သွယ်နိုင်တယ်လို့သတင်းရရှိပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment