19th MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၁၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌NUGအစိုးရရဲ့ တော်လှန်ရေးအောင်မြင်မှုသက်သေပြနိုင်ပါက အမေရိကန်မှာရှိတဲ့ တစ်ဘီလျံ ပြန်ရဖို့ပိုပြီးနီးစပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌ငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုးအထိရောင်းချရကာ ၁၄/အင်းလျားလမ်းနေအိမ်အမေရိကန်ဒေါ်လာ သန်းဖိုးအထိ နောက်ဆုံးရောင်းချရထား

📌စစ်ကောင်စီကလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲ စီစဉ်ခဲ့တဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်ပိုင်ပစ္စည်း အလွဲသုံးစားပြုမှုနဲ့ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်

📌ပြည်ထောင်စုဝန်ကြီး နော်ဆူစန်လှလှစိုးက ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် မယ်တော်ဆေးခန်း၏ မိခင်ကြီးဒေါက်တာစင်သီယာမောင်အား ဂုဏ်ပြုပန်းချီကား ရေးဆွဲပေးအပ်

📌ဧပြီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၀၀.၃၈) သန်းကို NUG အစိုးရက ထောက်ပံ့ပေးနိုင်ခဲ့



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌NUGအစိုးရရဲ့ တော်လှန်ရေးအောင်မြင်မှုသက်သေပြနိုင်ပါက အမေရိကန်မှာရှိတဲ့ တစ်ဘီလျံ ပြန်ရဖို့ပိုပြီးနီးစပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


NUGအစိုးရရဲ့ တော်လှန်ရေးအောင်မြင်မှုသက်သေပြနိုင်ပါက အမေရိကန်မှာရှိတဲ့ တစ်ဘီလျံ ပြန်ရဖို့ပိုပြီးနီးစပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုလိုက်ပါတယ်။


မေလ ၁၈ ရက်ကျင်းပတဲ့ The End of Dictatorship (EOD)  စီမံကိန်း အကြောင်းနဲ့  EOD ရဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ သတင်းစာရှင်းလင်း ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။


"တစ်ဘီလျံနဲ့ ပတ်သက်လို့ NUG သည် တော်လှန်ရေးမှာ နယ်မြေစိုးမိုးမှုတွေရမယ်။ တစ်နည်းအားဖြင့်တော်လှန်ရေးမှာအောင်နိုင်ခြေပေါ့ဗျာ။ နောက်တစ်ချက်ပြောရလို့ရှိရင် ကျနော်တို့ရဲ့ အောင်မြင်မှု ထင်ရှားတဲ့သက်သေ။ ဒီသက်သေပြနိုင်ရင်တော့ ဒီပိုက်ဆံကပြန်ရဖို့ ပိုပိုပြီးနီးစပ်လာပြီလို့ပြောရမှာဖြစ်တယ်" လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံရေးဝန်ကြီး ဒေါ်ဇင်မာအောင် အမေရိကန်ခရီးစဥ်မှာလည်း ၄င်း တစ်ဘီလျံ ပြန်လည်ရရှိရေးဆွေးနွေးခဲ့ပြီးတော့ ကောင်းမွန်တဲ့တုံပြန်မှုရရှိခဲ့တယ်လို့ဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။


=======================


📌📌ငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုးအထိရောင်းချရကာ ၁၄/အင်းလျားလမ်းနေအိမ်အမေရိကန်ဒေါ်လာ သန်းဖိုးအထိ နောက်ဆုံးရောင်းချရထား


ငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ ၃၇ သန်းဖိုးအထိရောင်းချရကာ ၁၄/အင်းလျားလမ်း​ေနအိမ်အမေရိကန်ဒေါ်လာ သန်းဖိုးအထိ နောက်ဆုံးရောင်းချရထားရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။


မေလ ၁၈ ရက်ကျင်းပတဲ့ The End of Dictatorship (EOD)  စီမံကိန်း အကြောင်းနဲ့  EOD ရဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်များကို ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာမှာထည့်သွင်းပြောကြားခဲ့ပါတယ်။


"ငွေတိုက်စာချုပ်က ခုနောက်ဆုံးအမေရိကန်ဒေါ်လာ ၃၇ သန်းဖိုးအထိရောင်းချပြီးပါပြီ။ ၁၄/အင်းလျားလမ်းအိမ်ကတော့ အမေရိကန်ဒေါ်လာ သန်းဖိုးအထိ ဒီနေ့ညနေ နောက်ဆုံးအခြေအနေပေါ့။ရောင်းချပြီးဖြစ်ပါတယ်။ အဲဒါတွေရယ်နွေဦးထီရယ်၊ အခွန်ရယ်စုစုပေါင်း ဆိုရင် ဒီနေ့ ဒီအချိန်မှ စီမံဘဏ္ဍဝန်ကြီးဌာနအနေနဲ့တော်လှန်ရေးစကတည်းက ဘဏ္ဍာရန်ပုံငွေရှာဖွေခဲ့တာ အမေရိကန်ဒေါ်လာအားဖြင့် ၄၂ သန်းလောက်ရှိတယ်လို့ပဲ ကျနော်အနေနဲ့ရှင်းလင်းတင်ပြလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ရန်ကုန်မြို့ရှိ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်အား EOD မှ အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် အစုရှယ်ယာများတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ရောင်းချပေးလျက်ရှိပါတယ်။


အဆိုပါအစုရှယ်ယာများမှာ လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ သန်းဖိုးရောင်းချပြီးဖြစ်ကာ အစုရှယ်ယာများပြန်လည်ရောင်းချခွင့်ကိုလည်း NUG အစိုးရက လွတ်လပ်စွာရောင်းချခွင့်ပြုမယ်လို့သိရပါတယ်။


========================


📌📌စစ်ကောင်စီကလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲ စီစဉ်ခဲ့တဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်ပိုင်ပစ္စည်း အလွဲသုံးစားပြုမှုနဲ့ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်


စစ်ကောင်စီကလုပ်တဲ့ ကျောက်မျက်ရတနာပြပွဲ စီစဉ်ခဲ့တဲ့ ဝန်ထမ်းတွေကို နိုင်ငံတော်ပိုင်ပစ္စည်း အလွဲသုံးစားပြုမှုနဲ့ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်ပါတယ်။


မေလ ၁၈ ရက်နေ့မှာအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကလုပ်တဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပါဝင်ခဲ့သူတွေကို  အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာလိုက်တာပါ။


ဒါ့အပြင် ဝယ်ယူခဲ့သူတွေကိုလည်း ခိုးရာပါပစ္စည်းလက်ခံမှုနဲ့ အမှုဖွင့်အရေးယူမှာဖြစ်ပြီး ပေးချေခဲ့ရတဲ့ တန်ဖိုး နှစ်ဆကို နိုင်ငံတော်ကို ပြန်လည်ပေးလျော်စေမယ်လိုကြေညာချက်မှာ ဖော်ပြထားပါတယ်။ 


ရတနာပြပွဲတွေမှာ ကျောက်မျက်ရတနာ၊ လက်ဝတ်ရတနာနဲ့ ပုလဲအတွဲတွေကို တင်ပြရောင်းချ၊ ဝယ်ယူခဲ့တဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အရောင်းဆိုင်တွေကိုလည်း မှတ်တမ်းထားရှိပြီး အမည်ပျက်စာရင်းရေးသွင်းတာနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်သိမ်းတာတွေ ပြုလုပ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့လည်း NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။


(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလနောက်ဆုံးပတ်မှာ နေပြည်တော်မှာ ကျင်းပခဲ့ပြီး ပုလဲအတွဲပေါင်း (၃၃၀) တွဲ၊ ကျောက်မျက်အတွဲပေါင်း (၅၄) တွဲ၊ ကျောက်စိမ်းအတွဲပေါင်း (၁၃၃၅) တွဲ ရောင်းချခဲ့ရတယ်လို့ စကစဘက်က ထုတ်ပြန်ထားပါတယ်။


========================


📌📌ပြည်ထောင်စုဝန်ကြီး နော်ဆူစန်လှလှစိုးက ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် မယ်တော်ဆေးခန်း၏ မိခင်ကြီးဒေါက်တာစင်သီယာမောင်အား ဂုဏ်ပြုပန်းချီကား ရေးဆွဲပေးအပ်


ပြည်ထောင်စုဝန်ကြီး နော်ဆူစန်လှလှစိုးက ဂွမ်ဂျူးလူ့အခွင့်အရေးဆုရှင် မယ်တော်ဆေးခန်း၏ မိခင်ကြီးဒေါက်တာစင်သီယာမောင်အား ဂုဏ်ပြုပန်းချီကား ရေးဆွဲပေးအပ်ခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးက လူမှုကွန်ရက်မှာ အသိပေးရေးသားပြောပါတယ်။


"2022 ဂွမ်ဂျူးလူ့အခွင့်အရေးဆု ရှင် မယ်တော်ဆေးခန်း၏ မိခင်ကြီးဒေါက်တာစင်သီယာမောင်အား ဂုဏ်ပြုပန်းချီကား ရေးဆွဲပေးအပ်ခဲ့ပါတယ်။ဆရာမကြီး၏ ရဲရင့်သောနှလုံးသား ဖြူစင်သန့်ရှင်းသောလက် တို့နှင့် မျှော်လင့်ခြင်း ကိုယ်စားပြု ပန်းနေကြာတို့ခြံရံ ထားတဲ့ မယ်တော်ဆေးခန်း လိုဂိုပုံဘဲဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒေါက်တာ စင်သီယာမောင်ဟာ စစ်ဘေးရှောင်များနဲ့ရွှေ့ပြောင်းလုပ်သားများကို ကျန်းမာရေးအထူးစောင့်ရှောက်ကုသမှုပေးတဲ့ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။


========================


📌📌ဧပြီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၀၀.၃၈) သန်းကို NUG အစိုးရက ထောက်ပံ့ပေးနိုင်ခဲ့


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဧပြီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၀၀.၃၈) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ မေလ ၁၈ ရက်နေ့မှာ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။


"အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အပြင်ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီး အမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ် များ၊ စေတနာ့ဝန်ထမ်းပြည်သူများနှင့် ထောက်ပံ့မှု ရန်ပုံငွေအတွက် လှူဒါန်းပေးလျက်ရှိသော ပြည်သူများကို ကျေးဇူးတင်ရှိတယ်လို့လည်းဆိုထားပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment