၂၀၂၂ မေလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး သွေးထဲမှာ ပင်လုံစာချုပ်ကို တိုင်းရင်းသား ညီကိုမောင်နှမ အားလုံးချုပ်ဆိုပြီးပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
📌အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေအိမ်ကို ပြန်လည်ဝယ်ယူရန် ပြည်သူလူထု ၉၈ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့
📌မြန်မာနိုင်ငံတွင် အပြည်အပြည်ဆိုင်ရာ လုပ်သားဝန်ထမ်းစံချိန်စံညွှန်းများကို လျစ်လျူရှုမှုများနှင့် ပတ်သက်၍ ILO က စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ချက် နော်ဝေကြိုဆို
📌ကသာမြို့နယ် ပျဉ်လေးပင်ကျေးရွာမှ ခြောက်မျက်နှာ ကျေးရွာဘက်သို့ လာသော စကစ တပ်သားများအား ကသာ ပကဖနဲ့ ပူးပေါင်းအဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်၍ စကစ တပ်သား (၁၅) ဦး သေဆုံး
📌စစ်ပွဲဒဏ်ကို သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေက အဓိကခံစားနေရပြီး စစ်ကိုင်းတိုင်းကို စစ်တပ်ကပိုပြီးဖိအားပေးလာတဲ့အတွက် တစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီပေးစေချင်တယ်လို့ စစ်ကိုင်းဒေသခံတွေက ပြော
📌မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ပန်းဆက်၊ တောင်ဖြူကျေးရွာဆိပ်ကမ်းတွေမှာ စစ်သားတွေက စက်လှေတစ်စီးကို ငွေကျပ်နှစ်သောင်းနှုန်း ဆပ်ကြေးကောက်ခံ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး သွေးထဲမှာ ပင်လုံစာချုပ်ကို တိုင်းရင်းသား ညီကိုမောင်နှမ အားလုံးချုပ်ဆိုပြီးပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး သွေးထဲမှာ ပင်လုံစာချုပ်ကို တိုင်းရင်းသား ညီကိုမောင်နှမ အားလုံးချုပ်ဆိုပြီးပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက မေ ၁ ရက်နေ့မှာကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဖွားများအစည်းအဝေးမှာ ဆိုလိုက်ပါတယ်။
"အရင်က ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်ကို စာချုပ်ထဲမှာချုပ်ဆိုခဲ့တယ်။ ဒါကို စစ်ဗိုလ်ချုပ်တွေက တစ်ခုမှ အကောင်အထည်မဖော်ဘူး။ ဒီကနေ့ ပင်လုံစာချုပ်ကို မြန်မာပြည်သူလူထုက သွေးထဲမှာချုပ်တယ်။ နှလုံးသားထဲရေးတယ်။ မြန်မာပြည်မှာ ဘာသာမရွေး၊ တိုင်းရင်းသားမရွေး ပင်လုံစာချုပ်ကိုသွေးထဲမှာချုပ်တာသည် နံပါတ်တစ်အချက်က စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်က ချုပ်ငြိမ်းရေးပဲ။ နံပါတ်နှစ်က ပြည်သူလူထုပိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တန်းတူရေး ကိုယ့်ကြမ္မာကိုဖန်တီးနိုင်ရေးပါတဲ့ အခြေခံဥပဒေကို ပြည်သူလူထုက ရေးဆွဲရေးဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။
========================
📌📌အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေအိမ်ကို ပြန်လည်ဝယ်ယူရန် ပြည်သူလူထု ၉၈ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေအိမ်ကို ပြန်လည်ဝယ်ယူရန် ပြည်သူလူထု ၉၈ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မေလ ၁ ရက်နေ့မှာ ပြည်သူလူထု ကဆန္ဒပြုတဲ့ “၄၈ နာရီ ရလဒ်” ကို ထုတ်ပြန်ခဲ့ပါတယ်ဆိုပါတယ်။
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နေအိမ်ကို ပြန်လည်ဝယ်ယူရန် ပြည်သူလူထု ၉၈ ရာခိုင်နှုန်းက ဆန္ဒပြုခဲ့ခဲ့သူ ၁ သောင်း ၃ ထောင်ကျော် ရှိခဲ့ပါတယ်။ ၉၈% က မင်းအောင်လှိုင်နှင့် အပေါင်းအပါများ မတရား ရယူထားသော ပိုင်ဆိုင်မှုများကို ပြန်လည်သိမ်းယူပြီး ရောင်းချပါက ဝယ်ယူလိုပါသည်လို့ ဆန္ဒပြုကြပါတယ်။ ပြည်သူအများစုက စစ်အာဏာရှင် စနစ်ကို ရွံမုန်းနေတယ်၊ အမြစ်ဖြတ်ချင်ကြတယ်ဆိုတဲ့ ပကတိ အခြေအနေကို ထင်ဟပ်ပြတာ ဖြစ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ဝယ်ယူရာမှာ သုံးစွဲရန် လျာထားငွေ စုစုပေါင်းဟာ ကျပ် သိန်းပေါင်း ၁ သိန်း ၅ သောင်း ရှိကာအမေရိကန်ဒေါ်လာ ၇.၅ သန်းဖြစ်ပါတယ်။ ဆန္ဒပြုထားပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မဝယ်ဖြစ်မယ့် သူတွေ ရှိနိုင်သော်လည်း တကယ်ရောင်းချချိန်မှ ထပ်တိုးလာမယ့် သူများလည်း ရှိနိုင်တယ်လို့သိရပါတယ်။
"စစ်ကောင်စီဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သတင်းပေးလိုသူတွေ ၄၀၀၀ ထောင်နီးပါး ရှိပြီး၊ သတင်းပေးပို့မှု ၂၀၀ ကျော်လက်ခံ ရရှိထားပါတယ်။ ဘယ်လို ရောင်းချသင့်တယ် ဆိုတာနဲ့ အခြား အကြံပြုချက်များစွာလည်း ရရှိထားပါတယ်။ ပြည်သူ့အသံမို့ လေးစားစွာ နားထောင်ဖတ်ရှုနေပါတယ်။ အများစုရဲ့ အကြံပေးချက်က များများနဲ့ မြန်မြန် သိမ်းယူရောင်းချဖို့၊ ရရှိသမျှကို တော်လှန်ရေး အောင်မြင်ဖို့ မှန်မှန်နဲ့ မြန်မြန် အသုံးချဖို့။ EOD ပရောဂျက် အနေနဲ့လည်း ပထမဆုံး အရောင်းကို စတင်ဖို့ ကြိုးစားနေပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးကထပ်မံဆိုပါတယ်။
========================
📌📌မြန်မာနိုင်ငံတွင် အပြည်အပြည်ဆိုင်ရာ လုပ်သားဝန်ထမ်းစံချိန်စံညွှန်းများကို လျစ်လျူရှုမှုများနှင့် ပတ်သက်၍ ILO က စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ချက် နော်ဝေကြိုဆို
မြန်မာနိုင်ငံတွင် အပြည်အပြည်ဆိုင်ရာ လုပ်သားဝန်ထမ်းစံချိန်စံညွှန်းများကို လျစ်လျူရှုမှုများနှင့် ပတ်သက်၍ ILO က စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ချက် နော်ဝေကြိုဆိုလိုက်တယ်လို့သိရပါတယ်။ မေလ ၁ ရက်နေ့မှာ ရန်ကုန် နော်ဝေသံရုံးကထုတ်ပြန်ခဲ့ပါတယ်။
"နှစ်စဉ် မေလ ၁ ရက်နေ့ရောက်တိုင်း အလုပ်သမားများ၏ အခွင့်အရေးများကို အသိအမှတ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ကမ္ဘာ့အလုပ်သမားနေ့ကို ကျင်းပကြပါတယ်။ မြန်မာနိုင်ငံမှ လုပ်သားထုကြီးသည် လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်လာစေရေးတွင် ရှေ့တန်းမျက်နှာစာ၌ ရှိနေကြသလို မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး ရုန်းကန်လှုပ်ရှားမှုတွင်ပါ တစ်တပ်တစ်အား ပါဝင်လျက်ရှိကြပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးနှင့် ပြီးခဲ့သောနှစ် မြန်မာစစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင် လုပ်သားဝန်ထမ်းများသည် ပိုမိုဆိုးဝါးလာသော လုပ်ငန်းခွင်အခြေအနေများ၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုများနှင့်အတူ အထူးခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်လာရပါတယ်။ ဤနေ့တွင် မိမိတို့အနေဖြင့် ၎င်းတို့၏ စွန့်လွှတ်အနစ်နာခံမှုများကို အလေးထားဂုဏ်ပြုမည်ဖြစ်သလို လုပ်ငန်းခွင်အခြေအနေများ တိုးတက်ကောင်းမွန်ရေးအတွက် ၎င်းတို့၏ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းမှုများကိုလည်း တိုက်တွန်းအားပေးသွားမည် ဖြစ်ပါတယ်"လို့ ဖော်ပြပါတယ်။
========================
📌📌ကသာမြို့နယ် ပျဉ်လေးပင်ကျေးရွာမှ ခြောက်မျက်နှာ ကျေးရွာဘက်သို့ လာသော စကစ တပ်သားများအား ကသာ ပကဖနဲ့ ပူးပေါင်းအဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်၍ စကစ တပ်သား (၁၅) ဦး သေဆုံး
ဧပြီ ၃၀ ရက် မနက် ၁၀ နာရီ ၃၀ အချိန် ကသာမြို့နယ်၊ ပျဉ်လေးပင်ကျေးရွာမှ ခြောက်မျက်နှာ ကျေးရွာဘက်သို့ လာသော စကစ တပ်သားများအား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စကစ တပ်သား (၁၅) ဦး သေဆုံးပြီး (၂၀) ခန့် ခြေပြတ် လက်ပြတ်များဖြစ်သွားခဲ့တယ်လို့ ကသာ ပကဖကဆိုပါတယ်။ PDF ရဲဘော် (၁)ဦး မိမိလက်နက်လက်ကိုင်နှင့် ထိခိုက်မိ၍ အနည်းငယ် ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌စစ်ပွဲဒဏ်ကို သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေက အဓိကခံစားနေရပြီး စစ်ကိုင်းတိုင်းကို စစ်တပ်ကပိုပြီးဖိအားပေးလာတဲ့အတွက် တစ်နိုင်ငံလုံးက ဝိုင်းဝန်းကူညီပေးစေချင်တယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောဆိုတဲ့သတင်းကိုတင်ပြပေးပါ့မယ်
စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလကစပြီး စစ်ကောင်စီက အကြမ်းဖက်နယ်မြေထိန်းချုပ်ဖို့ကြိုးစားခဲ့တာပါ။ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုကို အဆိုးဆုံးခံနေရတဲ့ဒေသဖြစ်ပြီး သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ စစ်ပွဲရဲ့သားကောင်ဖြစ်လာတယ်လို့ ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။
(စစ်ကိုင်းဒေသခံတစ်ဦး)
စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာလမ်းပိုင်းကစပြီး တန့်ဆည်-လမ်းဆုံ-ရေဦး မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေကို ဧပြီ ၂၉ ရက်နေ့ကစပြီး PDF တွေက ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ပါတယ်။ ပြည်သူတွေရဲ့အိမ်စီးကား၊ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေမှာ စစ်သားတွေကြားညှပ်လိုက်ပါလာလေ့ရှိတာကြောင့် PDF တွေက ကြားဖြတ်တိုက်ခိုက်ဖို့ခက်ခဲနေတဲ့အတွက် လမ်းပိုင်းတွေကို ယာယီပိတ်ဆို့လိုက်တာဖြစ်ပါတယ်လို့ ရေဦးဒေသခံတစ်ဦးကပြောဆိုရာမှာတော့
(ရေဦးဒေသခံတစ်ဦး)
ဧပြီ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်းတိုင်းကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်သွားမယ်လို့ ပြောဆိုခဲ့ပြီး မြေပြင်မှာလည်း အင်အားတိုးမြှင့်လာတာကြောင့် PDF တွေက စစ်ကောင်စီလမ်းကြောင်းတွေကိုဟန့်တားဖို့ကြိုးစားတာဖြစ်ပါတယ်။ စစ်ကောင်စီက အင်အားအလုံးအရင်းအသုံးပြုပြီး မုံရွာ - မန္တလေး -မြင်းမူလမ်းနဲ့ မုံရွာ-အမြင့် လမ်းပိုင်းတွေက PDF စခန်းတွေကို ဆက်တိုက် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
========================
📌📌မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ပန်းဆက်၊ တောင်ဖြူကျေးရွာဆိပ်ကမ်းတွေမှာ စစ်သားတွေက စက်လှေတစ်စီးကို ငွေကျပ်နှစ်သောင်းနှုန်း ဆပ်ကြေးကောက်ခံနေတဲ့သတင်းကိုတင်ပြပေးပါ့မယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ပန်းဆက်-တောင်ဖြူ-မောက္ကတောကျေးရွာ ဆိပ်ကမ်းတွေမှာ စစ်သားတွေက စက်လှေတစ်စီးကို ငွေကျပ်နှစ်သောင်းနှုန်း ဆပ်ကြေးသဘောမျိုးကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီဆိပ်ကမ်းတွေဟာ အနီးအနားဆိပ်ကမ်းတွေသာဖြစ်ပြီး တစ်နေရာဝင်ရင် ၂ သောင်း နှုန်းပေးနေရတဲ့အတွက် ဒေသတွင်း ကုန်သယ်စက်လှေတွေဟာ အခက်အခဲတွေ့နေရတဲ့အကြောင်းကို မင်းကင်းမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
(မင်းကင်းမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦး)
မင်းကင်းမြို့နယ်ထဲက သံပေါက်၊ ဇင်ကလဲ၊ ဘင်၊ မုဿာစတဲ့ရွာတွေဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံထားရတာကြောင့် ဒေသခံရွာသားတွေဟာ စားဝတ်နေရေးနဲ့ ဆေးဝါးအရေးတကြီးလိုအပ်နေပါတယ်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ထန်းတောရွာကိုလည်း ဧပြီ ၃၀ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။
(တန့်ဆည်မြို့နယ်၊ ထန်းတောရွာသားတစ်ဦး)
စစ်ကိုင်းတိုင်း ခင်ဦးနဲ့ ရေဦးမြို့နယ်တွေမှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ စစ်ကောင်စီက တပ်သားတွေကို ထောက်ပို့ဖို့ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရိက္ခာသယ်ဆောင်တာတွေပြုလုပ်နေတာကြောင့် မင်းကင်းနဲ့ ကနီနယ်ခံ PDF တွေက အခွင့်အရေးရရင်ရသလို ကြားဖြတ်တိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment