သတင်းခေါင်းစဉ်များ -
📌မဟာဗျူဟာအရ စစ်ကောင်စီ အရေးနိမ့်နေပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဖွင့်ဟပြောကြား
📌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး ကံစမ်းမဲလတ်မှတ် ဝယ်ယူကြရန် ပြည်ထဲရေးဝန်ကြီးတိုက်တွန်း
📌ကမ္ဘာ့အလုပ်သမားနေ့မှာ စစ်ဘေးရှောင်ကိုယ်ဝန်သည် အမျိုးသမီးနှစ်ဦးကို ကနီဆေးအဖွဲ့က အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့
📌ပဲခူးတိုင်းကို အုပ်ချုပ်မှုနယ်မြေအဖြစ် KNU နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးအသိပေးပြောကြား
📌ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၃ က မှာယူထားတဲ့ လက်နက်များရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌မဟာဗျူဟာအရ စစ်ကောင်စီ အရေးနိမ့်နေပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဖွင့်ဟပြောကြား
မဟာဗျူဟာအရ စစ်ကောင်စီ အရေးနိမ့်နေပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဖွင့်ဟပြောကြားလိုက်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ မြန်မာပြည်ဖွားများအစည်းအဝေး မေလ ၁ ရက်နေ့ ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
"မဟာဗျူဟာပိုင်းအရ သူတို့အရေးနိမ့်နေပြီဆိုတာ စစ်ကောင်စီကောင်းကောင်းသိပါတယ်။ ဘာကြောင့်လဲ။ ပြည်သူကို ရန်သူလို သဘောထားပြီး တိုက်နေရတဲ့ စစ်ပွဲမျိုးဒါ ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ပါဘူး။ မဟာဗျူဟာပိုင်းအရ ကျနော်တို့ ပြည်သူ့တော်လှန်ရေးအင်အားစုတွေ အသာစီးရနေပြီ။ မဟာဗျူဟာပိုင်းအရ စစ်ကောင်စီအရေးနိမ့်နေပြီဆိုတာ သေချာပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အကြောင်းပြလို့ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပါတယ်။
"အခုဆိုရင် စစ်ကောင်စီဟာ ဆောက်တည်ရာမရဖြစ်လာတယ်။ ထွက်ပေါက်အမျိုးမျိုးရှာတော့တယ်။ အလောသုံးဆယ်တောင် တိုင်းရင်းသားအဖွဲ့တွေကို သူကိုယ်တိုင် တွေ့ပါမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ထွက်ပေါက်ရှာလာတယ်။ သူ့အတွက် ထွက်ပေါက်တစ်ခုထဲကတော့ ပြည်သူ့အာဏာ ပြည်သူပြန်အပ်ဖို့ပါပဲ။ ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်မအပ်နှင်းသမျှ အခု စစ်အာဏာရှင်တွေအတွက် ဘယ်လိုထွက်ပေါက်မျိုးမှ မရှိဘူး"လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကထပ်မံဆိုပါတယ်။ လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်း၊ မကွေးနဲ့ ကရင်နီဒေသ၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ အထိနာ ကျရှုံးလျက်ရှိနေပါတယ်။
=======================
📌📌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး ကံစမ်းမဲလတ်မှတ် ဝယ်ယူကြရန် ပြည်ထဲရေးဝန်ကြီးတိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ထီး ကံစမ်းမဲလတ်မှတ် ဝယ်ယူကြရန် ပြည်ထဲရေးဝန်ကြီးကတိုက်တွန်းလိုက်ပါတယ်။ မေ ၁ ရက်နေ့မှာ ပြည်ထဲရေး ဝန်ကြီး ဦးလွင်ကိုလတ်က လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။
"ပြည်သူ့ဘဝ လုံခြုံဖို့ အမေ့ထီးနဲ့ ကာကွယ်စို့ဆိုတဲ့ ရံပုံငွေရှာဖွေမှုဟာ လက်ရှိတော်လှန်ရေးရဲ့အခြေအနေကို ထင်ဟပ်ပြနေတယ်လို့ ပြောရမှာပါပဲ။ အခြေခံနယ်မြေတည်ဆောက်ပြီးရင် ခုခံတိုက်ခိုက်ပြီး နယ်မြေကိုထိမ်းသိမ်း နောက်တစ်ဆင့် အုပ်ချုပ်မှုတည်ဆောက်ပြီး လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကို တာဝန်ခံပြီး လူထုကို လူမှုစီးပွားဘဝ လုံခြုံမှုရှိအောင် အကာအကွယ် ပေးကြရပါတယ်။ လက်ရှိအခြေအနေထိ တိုင်းရင်းသားအားလုံးရဲ့ ပူးပေါင်းမှုနဲ့ မြို့နယ် ၃၆ မြို့နယ်မှာ မြို့ကြီးတွေကလွဲပြီး ကျေးလက်တွေအားလုံးကို တော်တော်ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ဆက်လက်ထိန်းချုပ်ကာကွယ်ရေးက အင်မတန်အရေးကြီးပါတယ်။ စစ်ရေးအရ ကာကွယ်မှုအစီအမံနဲ့ဆက်ပြီး ကာကွယ်ထားရမယ်။ အမေ့ထီးရန်ပုံငွေဟာ ထိန်းချုပ်မှုနှင့် အုပ်ချုပ်မှုအတွက် အားအင်တစ်ရပ် ဖြစ်စေဦးမယ်လို့လည်း ယုံကြည့်ပါတယ်။ ဒါ့ကြောင့် လတ်မှတ် ဝယ်ဖြစ်အောင် ဝယ်ပြီး တော်လှန်ရေးမှာ ဆက်ပါဝင်ရင်း အမေ့ထီးလေးကိုလည်း ကံကောင်းသူ မြတ်နိုးစွာ ပိုင်ဆိုင်ခွင့်ရပါစေ"လို့ ဝန်ကြီးကဆိုပါတယ်။
ဧပြီ ၂၇ ရက်နေ့က စတင်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုသိမ်ထီး မဲလတ်မှတ်များကို တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၀ နဲ့ စတင်ရောင်းချခဲ့ပါတယ်။အဆိုပါ ကံစမ်းမဲလတ်မှတ်ကိုစောင်ရေ တစ်သိန်းထိ ရောင်းချသွားမှာဖြစ်ကာ မဲလတ်မှတ်ရောင်းချရငွေများကို စိုးမိုးထိန်းချုပ်နိုင်တဲ့နယ်မြေများအတွက်အပါအဝင် တော်လှန်ရေးအင်အားစုများကို ထောက်ပံ့ပေးပို့သွားမှာဖြစ်ပါတယ်။
========================
📌📌ကမ္ဘာ့အလုပ်သမားနေ့မှာ စစ်ဘေးရှောင်ကိုယ်ဝန်သည် အမျိုးသမီးနှစ်ဦးကို ကနီဆေးအဖွဲ့က အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့
ကမ္ဘာ့အလုပ်သမားနေ့မှာ စစ်ဘေးရှောင်ကိုယ်ဝန်သည်အမျိုးသမီးနှစ်ဦးကို ကနီဆေးအဖွဲ့က အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။ မေလ ၁ ရက်နေ့မှာ မနက်ပိုင်း တစ်ယောက်မွေးဖွားပေးခဲ့ပြီး ဒုတိယတစ်ယောက်ကို ခွဲစိပ်မွေးဖွားနိုင်ခဲ့တယ်လို့ township medical department kani က ထုတ်ပြန်ပါတယ်။
"နေသာသော ဆန်းဒေး May Day အမှတ်တရ ကျနော်တို့ CMN Kani base မှာ မနက်စောစော NSVD တယောက် မွေးဖွားပေးပါတယ်။ နေကောင်း ကျန်းမာတဲ့ သမီးလေးပါ။ ကျနော်တို့ TMD-Kani တာဝန်ခံဆရာဝန်မှ ဧကရီမေလို့ ကလေးကို နာမည်ပေးခဲ့ပါတယ်။ ဒုတိယ ကလေးအနေနဲ့ LSCS တယောက် ခွဲမွေးပေးဖြစ်ခဲ့ပါတယ်။ သားယောက်ကျားလေး ဖြစ်ပါတယ်။ သားသားရော မေမေရော နေကောင်းကျန်းမာပါတယ်။ သားသားနာမည်ကို နေ့နံကိုက် အောင်အောင်မေဒေး လို့ နာမည်ပေးခဲ့ကြပါတယ်"လို့ CMN_Kani_base ကဆိုပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်နေရာများနဲ့ ရှေ့တန်းနယ်မြေများမှာ ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းများက စစ်ဘေးရှောင်များကို ကုသမှုပေးလျက်ရှိပါတယ်။
========================
📌📌ပဲခူးတိုင်းကို အုပ်ချုပ်မှုနယ်မြေအဖြစ် KNU နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးအသိပေးပြောကြား
ပဲခူးတိုင်းကို အုပ်ချုပ်မှုနယ်မြေအဖြစ် KNU နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးအသိပေးပြောကြား လိုက်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ မြန်မာပြည်ဖွားများအစည်းအဝေး မေလ ၁ ရက်နေ့ ကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားခဲ့ပါတယ်။
"အခုဆိုရင် ကျနော်တို့က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းသိပ်အားကောင်းတယ်။ ၃၆ မြို့နယ်လောက်ကို ကောင်းကောင်းထိန်းထားနိုင်နေပြီ။ အဲဒီမှာ ၃၆ မြို့နယ်တင်မဟုတ်ဘဲ အုပ်ချုပ်မှုနယ်မြေထပ်တိုးချဲ့တာရော၊ ဖိအားတစ်ခု နည်းနာတစ်ခု အနေနဲ့ရော ဒုတိယရွေးချယ်လိုက်တာ ပဲခူးတိုင်းဖြစ်ပါတယ်။ ဒီပဲခူးတိုင်းကို အုပ်ချုပ်မှုနယ်မြေအဖြစ် ဆောင်ရွက်နေတယ်။ EAO တွေကအစ ကောင်းကောင်းညှိနှိုင်းထားပြီးဖြစ်တယ်။ KNU နဲ့ ကျနော်တို့နဲ့က ခိုင်မာတဲ့ စစ်ရေး၊ နိုင်ငံရေး ဆက်ဆံမှုက ရှိသွားပြီဖြစ်တဲ့အတွက် ပဲခူးတိုင်းကိစ္စကို ကျနော်တို့သေချာပြင်ဆင်နေတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
စကစတပ်များကို ခုခံတော်လှန်ရန် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း ပိုင်းလော့ပရော့ဂျက်အနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေ ၉ မြို့နယ်တွင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေးနဲ့ ကြားကာလ ပညာသင်ကြားရေးလုပ်ငန်းများ စတင်နေပြီဖြစ်ပါတယ်။
========================
📌📌ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၃ က မှာယူထားတဲ့ လက်နက်များရရှိ
ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၃ က မှာယူထားတဲ့ လက်နက်များရရှိတယ်လို့ သတင်းရရှိပါတယ်။ မေလ ၁ ရက်နေ့မှာ လက်နက်များရောက်ရှိတဲ့အကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၃ ဖယ်ခုံဇုန်က ဆိုပါတယ်။
"အကြွေးတွေနဲ့ ယူထားလိုက်ပါပြီ။ တော်လှန်ရေးအတွက် တာဝန်သိစွာဖြင့် ထပ်မံပါဝင် အားဖြည့်ပါအုံးလို့ ပြည်တွင်း၊ ပြည်ပမှ မိဘပြည်သူများထံ အကူအညီတောင်းပါရစေ။ တပ်ရင်းအတွက် ပုံမှန်ကူညီထောက်ပံ့ပေးခဲ့သော အလှူရှင်တစ်ဦးချင်းစီကိုလည်း အထူးပင်ကျေးဇူးတင်ရှိသလို ထပ်မံ၍ ပါဝင်ပေးပါဦးလို့ မေတ္တာရပ်ခံပါတယ်"လို့ ဆိုပါတယ်။ ကရင်နီဒေသမှာ စကစတပ်များဟာ ပြင်းထန်စွာ စစ်ကြောင်းထိုးလျက်ရှိပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment