30th MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၃၀ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌စစ်ရေးအရှိန်မြှင့်ရမယ်လို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလဆို

📌အညာဒေသတွင်စကစတပ်များက နေ့စဥ်ရက်ဆက် မီးရှို့နေပြီး NUG နဲ့ MOD အပါအဝင် PDF တွေကိုပြည်သူစိတ်ပျက်လာအောင် စကစကသွေးခွဲနေတာဖြစ်တယ်လို့  ကာကွယ်​ေရးဝန်ကြီးဦးရည်မွန်ကဆို

📌ဇွန်လအတွင်း ငွေတိုက်စာချုပ်ဝယ်ယူသူများအတွက် ပို့စကတ်တွင် ဦးမင်းကိုနိုင်ရဲ့ ပန်းချီနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အမှတ်တရစကားတို့ပါ လက်ဆောင်ရမယ်

📌Yaw Funding Japan မှ ဂျပန်နိုင်ငံတွင် ယောဒေသ စစ်ဘေးရှောင်များအတွက် အလှူခံရာ ဂျပန်ယန်း ကိုးသောင်းငါးထောင်ကျော်ရရှိ

📌ခမရ ၅၁၂ တပ်မှ ရှေ့တန်းတွင် ထွက်ပြေးလာသောစကစတပ်ဖွဲ့ဝင်သုံးဦးကို ကျောက်ထု PDF (YRPA) က၎င်းတို့သွားလိုရာ ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့

📌"ဖက်ဒရယ်မိုးကြိုး" လက်နက်ကြီးကို ရေစကြို PDF ထုတ်လုပ်အောင်မြင်

📌မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌စစ်ရေးအရှိန်မြှင့်ရမယ်လို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလဆို


စစ်ရေးအရှိန်မြှင့်ရမယ်လို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။


"ကျနော်တို့ စစ်ရေးကိုလည်း အရမ်းဂရုစိုက်ပါတယ်။သူတို့က ဘယ်တော့မှလည်း အရှုံးပေးမှာ မဟုတ်ဘူး။အမှားကိုဝန်ခံမှာ မဟုတ်ဘူးဆိုတာ ကျနော်တို့လည်း သူတို့သဘောထား တီးခေါက်မိပါတယ်။ ဒါကြောင့်လည်း စစ်ရေးအရ အရှိန်မြှင့်ရမယ်"လို့ ယာယီသမ္မတ ကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ စကစတပ်များကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်မှာ ခုခံတိုက်ခိုက်ဖို့ တစ်နိုင်ငံလုံးကိုကြေညာခဲ့ပါတယ်။


"စစ်ရေးအရှိန်မြှင့်ဖို့ကို ကျနော်တို့က ကိုယ်ထူကိုယ်ထဖြစ်တဲ့အတွက်ကြောင့် သိကြတဲ့အတိုင်းပဲကိုယ့်ရဲ့လက်လုပ်သေနတ်တွေနဲ့စတင်ခဲ့တာဖြစ်တယ်။အခုတော့ ကျနော်တို့ AUTO လက်နက်တွေလည်း တော်တော်များများတပ်ဆင်ပြီးဖြစ်ပါတယ်။ ဒါကြောင့်ပြောရရင် အရှိန်အဟုန်တော်တော်များလာပြီ"လို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ထပ်မံဆိုပါတယ်။


=======================


📌📌အညာဒေသတွင်စကစတပ်များက နေ့စဥ်ရက်ဆက် မီးရှို့နေပြီး NUG နဲ့ MOD အပါအဝင် PDF တွေကိုပြည်သူစိတ်ပျက်လာအောင် စကစကသွေးခွဲနေတာဖြစ်တယ်လို့  ကာကွယ်​ေရးဝန်ကြီးဦးရည်မွန်ကဆို


အညာဒေသတွင်စကစတပ်များက နေ့စဥ်ရက်ဆက် မီးရှို့နေပြီး NUG နဲ့ MOD အပါအဝင် PDF တွေကိုပြည်သူစိတ်ပျက်လာအောင် စကစကသွေးခွဲနေတာဖြစ်တယ်လို့  ကာကွယ်​ေရးဝန်ကြီးဦးရည်မွန်ကဆိုလိုက်ပါတယ်။ မေလ ၂၉ ရက်ကျင်းပတဲ့ နွေဦးအောင်နိုင်ရေးခရီးစ၍ မိတ်ဆက်ပွဲအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကဆိုပါတယ်။


"ပြည်သူ့တော်လှန်ရေးကို တစ်ဖက်က စစ်ကောင်စီက ပြည်သူနဲ့တော်လှန်ရေးအင်အားစုတွေကို သေချာပေါက် သွေးခွဲမဲ့အလုပ်ကိုလုပ်နေတယ်။ဒါကိုက သူတို့ရဲ့မဟာဗျူဟာဖြစ်တယ်။အညာမှာဆိုရင် နေ့စဥ်ရက်ဆက်ကို မီးရှို့နေတယ်။ဒီလို ကျေးရွာတွေကို မီးရှို့တာ နံပါတ်တစ်ကျေးရွာကပြည်သူတွေနဲ့ PDF တွေအဆက်ဖြတ်ဖို့ပဲ။ဒတိယအချက်က ရွာတွေဒီလောက် မီးရှို့ခံနေရတာ NUG ဘာလုပ်နေလဲ။ MOD ဘာလုပ်နေလဲ။ PDF ဘာလုပ်နေလဲဆိုပြီး ပြည်သူတွေ စိတ်ပျက်လာအောင် ပြစ်တင်လာအောင် ဒါက စကစရဲ့ ထောက်ချောက်ပဲ"လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိ စစ်ကိုင်းတိုင်းထဲမှာ တန့်ဆည်၊ရေဦး၊ဒီပဲယင်း၊မြောင်မြို့နယ်၊ ကန့်ဘလူ၊ခင်ဦး စတဲ့မြို့နယ်က ရွာများကို စကစတပ်များဟာ ရွာလုံးကျွတ်နေ့စဥ် မီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။


"မှန်ပါတယ်။ကျနော်တို့ စကစရဲ့ ရွာတွေကို မီးရှို့တဲ့ရန်က အကာအကွယ်မပေးနိုင်သေးတာဝန်ခံပါတယ်။သို့သော် ဒီလို စကစရဲ့ထောင်ချောက်ထဲကို အခုတလော နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ကိုယ်တိုင်တည့်တည့်မတ်မတ်ကြီး ဝင်သွားပါတယ်။ လူမှုကွန်ရက်မှာ NUG ကို ပြစ်တင်ဝေဖန်လာတာတွေများလာပါတယ်။ဒါပေမဲ့ဒါဟာ စကစရဲ့အရေးကြီးတဲ့ဗျူဟာ ဖြစ်ပါတယ်"လို့ ဝန်ကြီးဦးရည်မွန်ကထပ်မံဆိုပါတယ်။


========================


📌📌ဇွန်လအတွင်း ငွေတိုက်စာချုပ်ဝယ်ယူသူများအတွက် ပို့စကတ်တွင် ဦးမင်းကိုနိုင်ရဲ့ ပန်းချီနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အမှတ်တရစကားတို့ပါ လက်ဆောင်ရမယ်


ဇွန်လအတွင်း ငွေတိုက်စာချုပ်ဝယ်ယူသူများအတွက် ပို့စကတ်တွင် ဦးမင်းကိုနိုင်ရဲ့ ပန်းချီနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အမှတ်တရစကားတို့ပါ လက်ဆောင်ရမယ်လို့သိရပါတယ်။ မေလ ၂၉ ရက်မှာ ယူနိုက်တက်ဘွန်း က ဇွန်လ အစီအစဥ်များကိုကြေညာခဲ့ပါတယ်။


"April လအတွင်း ပေးပို့ခဲ့တဲ့ ငွေတိုက်စာချုပ်များမှာ လက်ဆောင်အဖြစ်ထည့်ပေးခဲ့တဲ့  ဦးမင်းကိုနိုင် ရဲ့ပန်းချီကား Postcard လေး ကို နှစ်ခြိုက်သဘောကျပြီး အမှတ်တရသိမ်းထားနိုင်ဖို့ အတွက် ငွေတိုက်စာချုပ်များ အပြေးအလွှားဝယ်ယူခဲ့ကြတာကို  သိရလို့ လေးစားဂုဏ်ပြုတဲ့အနေနဲ့ June ‘2022 လအတွင်း ငွေတိုက်စာချုပ် ဝယ်ယူသူများအတွက်လဲ ဦးမင်းကိုနိုင် မှ ပန်းချီကားနောက်တစ်ခု ထပ်မံရေးဆွဲပေးခဲ့ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မိမိတို့ရိုးသားစွာရှာဖွေထားတဲ့ ငွေကြေးများနဲ့ တော်လှန်ရေးအတွက်  အရေးတကြီးလိုအပ်နေတဲ့ ရန်ပုံငွေ များဖြည့်ဆည်းနိုင်ဖို့ ငွေတိုက်စာချုပ်များဝယ်ယူပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ကူညီကြတဲ့ ပြည်သူများကို တော်လှန်ရေးကာလ ဂုဏ်ပြု လက်ဆောင်အဖြစ် ပေးဖို့ 

 United Bonds  မှ စီစဥ်ထားတဲ့ June ‘2022 ရဲ့ Postcard လေးမှာတော့  ဦးမင်းကိုနိုင်ရဲ့ ပန်းချီနဲ့အတူ ပြည်သူများအတွက် အမှတ်တရစကားရေးပေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ပြည်ထောင်စုဝန်ကြီး ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် စကားလည်းပါဝင်မှာဖြစ်ပါတယ်။


========================


📌📌Yaw Funding Japan မှ ဂျပန်နိုင်ငံတွင် ယောဒေသ စစ်ဘေးရှောင်များအတွက် အလှူခံရာ ဂျပန်ယန်း ကိုးသောင်းငါးထောင်ကျော်ရရှိ


Yaw Funding Japan မှ ဂျပန်နိုင်ငံတွင် ယောဒေသ စစ်ဘေးရှောင်များအတွက် အလှူခံရာ ဂျပန်ယန်း ကိုးသောင်းငါးထောင်ကျော်ရရှိခဲ့ပါတယ်။2022 ခုနှစ်၏ ဆယ့်ရှစ်ကြိမ်မြောက် အလှုခံခြင်းအစီအစဉ်ကို Yaw Funding Japan မှ Kitasenju Station တွင် မေလ၂၉ ရက်နေ့က လုပ်ဆောင်ခဲ့ပါတယ်။


 "အလှူငွေ( 66,571 )Yen ကောက်ခံရရှိခဲ့ပါတယ်ခင်ဗျာ။ထပ်တိုးအလှူရှင်များကြောင့် စုစုပေါင်း  ( 95,071) Yen ကောက်ခံရရှိခဲ့ပါတယ်။ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်တဲ့အတွက် နေရပ်စွန့်ခွါထွက်ပြေးနေရတဲ့ ယောဒေသ စစ်ဘေးရှောင်များကို အဓိကထား လှူဒါန်းသွားမှာ ဖြစ်ပါတယ်"လို့သိရပါတယ်။


စာနာထောက်ထားမှုဖြင့် ယန်းကစ အလှူငွေများထည့်ဝင်ပေးကြပါသော ဂျပန်ပြည်သူများ ဂျပန်ရောက်နိူင်ငံခြားသားများ အား လည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့ Yaw Funding Japan ကထုတ်ပြန်ပါတယ်။


========================


📌📌ခမရ ၅၁၂ တပ်မှ ရှေ့တန်းတွင် ထွက်ပြေးလာသောစကစတပ်ဖွဲ့ဝင်သုံးဦးကို ကျောက်ထု PDF (YRPA) က၎င်းတို့သွားလိုရာ ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့


ခမရ ၅၁၂ တပ်မှ ရှေ့တန်းတွင် ထွက်ပြေးလာသောစကစတပ်ဖွဲ့ဝင်သုံးဦးကို ကျောက်ထု PDF (YRPA) က၎င်းတို့သွားလိုရာ ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ယင်းထွက်ပြေးလာတဲ့ စကစတပ်ဖွဲ့ဝင်သုံးဦးမှာ  ကျောက်ထု မှ ပခုက္ကူ သို့ထွက်ခွာလာသည့် စကစတပ်ဖွဲ့ အစီး၈၀ ကျော်ယာဥ်တန်းအတွက်ရှေ့ပြေး စကစတပ်ဖွဲ့ဝင်များထဲကဖြစ်ပါတယ်။


ရှေ့ပြေး စကစတပ်ဖွဲ့ဝင် တစ်ရာကျော်ထဲမှ ထွက်ပြေးလာသော စကစတပ်ဖွဲ့ဝင်များကို ကျောက်ထု - ပခုက္ကူ လမ်းပိုင်းတစ်နေရာတွင် ကျောက်ထု PDF (YRPA) မှဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။


၄င်းတို့ထံတွင် လက်နက်မပါခဲ့သည့်တိုင် ကောင်းမွန်စွာဖြင့် အထိအခိုက်မရှိ ၎င်းတို့သွားလိုရာ ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ကျောက်ထုPDFကသတင်းထုတ်ပြန်ပါတယ်။ လက်နက်အပြည့်အစုံဖြင့်စကစတပ်များ ထွက်ခွာလာပါက ဆုကြေးငွေ ကျပ်သိန်း ၈၀ ကိုပါ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါ၍ ထွက်ခွာလိုသူများအနေနဲ့ ကျောက်ထု PDF (YRPA) ထံဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ဆိုပါတယ်။


========================


📌📌"ဖက်ဒရယ်မိုးကြိုး" လက်နက်ကြီးကို ရေစကြို PDF ထုတ်လုပ်အောင်မြင်


ဖက်ဒရယ်မိုးကြိုး" လက်နက်ကြီးကို ရေစကြို PDF ထုတ်လုပ်အောင်မြင်တယ်လို့သတင်းရရှိပါတယ်။ မေလ နောက်ဆုံးပတ်မှာ  "ဖက်ဒရယ်မိုးကြိုး"ကို စမ်းသပ် ပစ်ခတ်အောင်မြင်တယ်လို့ ရေစကြို PDF ကဆိုပါတယ်။


"အသက်တွေနဲ့ရင်းပြီး ထုတ်လုပ်လိုက် စမ်းသပ်လိုက်ဖြင့် ဇွဲမလျှော့ပဲကြိုးစားခဲ့ခြင်းတွေရဲ့ အသီးအပွင့်တွေ ဖူးပွင့်ဝေဆာခဲ့ပါပြီ တာဝေး/တာနီး နှစ်မျိုးစလုံးပစ်ခတ်နိုင်တဲ့ လက်နက်ကြီးနည်းပညာကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပါပြီ။ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွက် အသုံးတော်ခံမည်ဖြစ်တာကြောင့် "ဖက်ဒရယ်မိုးကြိုး"လို့ နာမည်ပေးထားတာဖြစ်ပါတယ်"လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုတွေ ရှိရာအရပ်ကို "ဖက်ဒရယ်မိုးကြိုးတွေ"ပစ်ချဖို့အတွက် အမြောက်အများထုတ်လုပ်နိုင်ဖို့အတွက်က ရန်ပုံငွေများ လိုအပ်လျှက်ရှိတယ်လို့သိရပါတယ်။


"ကျွန်ုပ်တို့ " Yesagyo PDF"သည် လက်တွေ့ စစ်မြေပြင်မှရန်သူ အကြမ်းဖက်စစ်ကောင်စီကို သတိဝီရိယကြီးကြီးဖြင့် ရင်ဆိုင်တိုက်ခိုက်နေသလို ရေရှည်စစ်ပွဲအတွက်လည်း လိုအပ်သည့် စစ်အင်အား/စစ်ပညာ များကို စနစ်တကျ စည်းရုံးလေ့ကျင့်နေပြီး မရှိမဖြစ်အရေးကြီးဆုံးသော စစ်လက်နက်များ တပ်ဆင်ရေးအတွက်လည်း တစိုက်မက်မက် ကြိုးစားထုတ်လုပ်ရင်း "စစ်ကို စစ်လိုတိုက်ဖို့" စစ်ဗျူဟာကျကျ ပြင်ဆင်နေပါတယ်" လို့လည်း ရေစကြို PDF ကထပ်မံဆိုပါတယ်။


========================


📌📌မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီး


စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ မြောင်မြို့နယ်၊ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေကမေလ ၂၉ ရက် မနက် နာရီခွဲက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများထံကသတင်းရရှိပါတယ်။ ဒေသခံတွေက ပြောကြားချက်အရ မိသားစု ၅၂ စုရဲ့  အိုးအိမ်ပေါင်း ၁၀၀ လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ဇရပ်ကုန်း ရွာကို မီးရှို့ဖျက်ဆီးပြီးနောက် မကျန်းကန်ကျေးရွာကို ဝင်ရောက်ကာ ထပ်မံမီးရှို့ခဲ့တယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment