31st MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၃၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌PDF တပ်မတော်သည် အနာဂတ်ဖက်ဒရယ်တပ် မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌ရှေ့တန်း ရဲဘော်များဆီ ယာယီသမ္မတကြီးကြည့်ရှုစစ်ဆေး

📌သေဘောဘိုးစခန်းအား သိမ်းယူနိုင်ခဲ့သည့် မဟာမိတ်ပူးပေါင်းအဖွဲ့ထံ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

📌ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်လှစ်သည့် ကျောင်းများတွင်သာ မိမိတို့၏ သားသမီးများကို ပညာဆည်းပူးကြစေရန် Chinland Joint Defense Committee တိုက်တွန်း

📌ဗျိုင်းဖြူစစ်ဆင်ရေးအဖြစ် ရေးမြို့နယ် ၅၉၁ တပ်ဝင်းအတွင်း အရာရှိရိပ်သာနဲ့ လက်နက်တိုက်အား MSRO က ဒရုန်းနဲ့တိုက်ခိုက်

📌နိုင်ငံပျောက်သူ Short Film ဟာ ယူကျုမှာ ပြသချိန် (၁၂) နာရီအတွင်းမှာပဲ ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌PDF တပ်မတော်သည် အနာဂတ်ဖက်ဒရယ်တပ် မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


PDF တပ်မတော်သည် အနာဂတ်ဖက်ဒရယ်တပ် မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ မေလ ၃၀ ရက်နေ့ ရှေ့တန်း စစ်မြေပြင်ရောက်ရှိနေတဲ့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ကာကွယ်ရေး ရဲဘော်များကိုပြောကြားခဲ့ပါတယ်။


"မိမိတို့ PDF တပ်မတော်သည် အနာဂတ်ဖက်ဒရယ်တပ် မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်၍ ယခုကတည်းကပင် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီသဘော တရားတို့ကို လက်ကိုင်ပြု ကျင့်ကြံဖို့ လိုအပ်ကြောင်း၊ PDF သည် ပြည်သူ့အတွက် အားကိုးယုံကြည်ရာသာ ဖြစ်ရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဖို့ အထူးလိုအပ်ကြောင်း၊ ပြည်သူနှင့် PDF သည် ရေနှင့်ငါးကဲ့သို့ပင် ကျင့်ကြံရမည်ဖြစ်ကြောင်း"ယာယီသမ္မတကြီးကပြောကြားခဲ့ပါတယ်။


လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ညီနောင်တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်းနဲ့ မြို့နယ်ပကဖပေါင်း ၂၅၀ ဖွဲ့စည်းပြီးဖြစ်ပါတယ်။ LDF နဲ့လူငယ် မြို့ပြပြောက်ကျားပေါင်း ၄၀၁ ဖွဲ့ရှိကာ MOD နဲ့ချိတ်ဆက်ဆောင်ရွက်နေတဲ့အဖွဲ့ ၆၀ ရာခိုင်နှုန်းရှိပါတယ်။


=======================


📌📌ရှေ့တန်း ရဲဘော်များဆီ ယာယီသမ္မတကြီးကြည့်ရှုစစ်ဆေး


ရှေ့တန်း ရဲဘော်များဆီ ယာယီသမ္မတကြီးကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ မေလနောက်ဆုံးပတ်မှာ စစ်မြေပြင်ကို နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ရောက်ရှိခဲ့ပါတယ်။


"ရဲဘော်များသည် တိုင်းပြည်၏ သူရဲကောင်းများဖြစ်သလို မျှော် လင့်ချက်လည်း ဖြစ်၍ အထူးလေးစားဂုဏ်ယူပါကြောင်း၊ ပြည်သူ့တော်လှန်ရေးအတွက် မိမိတို့ အသက်ခန္ဓာကိုပါ စတေးထည့်ဝင်နေကြသည့်  PDF စစ်သည်တော်များအပါအဝင် ခုခံတွန်းလှန်စစ်တွင် ပါဝင်နေကြသူအားလုံးကို သမိုင်းက ကောင်းစွာ မော်ကွန်းကဗ္ဗည်းတင်ပြီးဖြစ်သလို ဤအရင်းအနှီးများသည် လုံးဝ အဟောသိံကံ ဖြစ်မည်မဟုတ်ကြောင်း၊ ဤသို့သော ရင်းနှီးပါဝင်ခြင်းများကြောင့် ထိုက်တန်သည့် အကျိုးရလဒ်ကောင်းများကိုလည်း မုချရရှိမည်မှာ သေချာကြောင်း၊ မိမိတို့ PDF တပ်မတော်သည် အနာဂတ်ဖက်ဒရယ်တပ် မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်၍ ယခုကတည်းကပင် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီသဘော တရားတို့ကို လက်ကိုင်ပြု ကျင့်ကြံဖို့ လိုအပ်ကြောင်း"ရဲဘော်များကို သမ္မတကြီးကဆိုခဲ့ပါတယ်။


ပြီးခဲ့တဲ့လများကလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ ရှေ့တန်းစခန်းကိုရောက်ရှိခဲ့ပါသေးတယ်။


"PDF သည် ပြည်သူ့အတွက် အားကိုးယုံကြည်ရာသာ ဖြစ်ရမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒကို မဆန့်ကျင်ဖို့ အထူးလိုအပ်ကြောင်း၊ ပြည်သူနှင့် PDF သည် ရေနှင့်ငါးကဲ့သို့ပင် ကျင့်ကြံရမည်ဖြစ်ကြောင်း၊ Professional စံပြတပ်မတော်တရပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် ပြည်သူနှင့်တသားတည်းရှိမှု၊ စည်းကမ်း‌ကောင်းမွန်မှု၊  အမိန့်နာခံမှု၊ စွမ်းရည်ပြည့်ဝမှုတို့သည် အရေးကြီးကြောင်း၊ ယခုအခါ တနိုင်ငံလုံးတွင် PDF တပ်မတော်၏ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာ စနစ်တကျ စုဖွဲ့လာနိုင်ပြီဖြစ်၍ လူထုက များစွာအားတက်လျက်ရှိကြောင်း၊ PDF သည် နွေဦး‌ပြည်သူ့တော် လှန်ရေး၏ အသက်ပမာ အရေးကြီး၍ လူထုမျှော်လင့်ချက်ပန်းတိုင်ရောက်သည်အထိ ဉာဏ်ပညာ ဇွဲ သတ္တိ လုံ့လ ဝိရိယအပြည့်ဖြင့် ဦးဆောင်ပါဝင်သွားကြရန် လိုအပ်ကြောင်း "ယာယီသမ္မတ ဒူဝါလရှီးလကထပ်မံဆိုခဲ့ပါတယ်။


========================


📌📌သေဘောဘိုးစခန်းအား သိမ်းယူနိုင်ခဲ့သည့် မဟာမိတ်ပူးပေါင်းအဖွဲ့ထံ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့


သေဘောဘိုးစခန်းအား သိမ်းယူနိုင်ခဲ့သည့် မဟာမိတ်ပူးပေါင်းအဖွဲ့ထံ NUGကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့သတင်းရရှိပါတယ်။မေလ ၃၀ ရက်နေ့မှာ ကော်ပရာ စစ်ကြောင်းက ဂုဏ်ပြုသဝဏ်လွာကို ဖော်ပြခဲ့ပါတယ်။



၁။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ() တည်ရှိရာ ဒူးပလာယာခရိုင်၊ တောင်ပိုင်းစစ်ဒေသတွင် KNU KNLA KNDO PDF နှင့် အခြားမဟာမိတ်အင်အားစုများ ပါဝင်သော တော်လှန်ရေးပူးပေါင်းအဖွဲ့သည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်၊ လေးကေကော်တိုက်ပွဲမှ စတင်၍ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲလာရာ ယနေ့အထိ ရန်သူ့စခန်း()ခုနှင့်ရန်သူ့လက်နက် အမြောက်အများကို လက်ရသိမ်းပိုက်နိုင်ခဲ့ပါတယ်။


၂။ ထိုတိုက်ပွဲစဉ်အတွင်း ၂၀၂၂ခုနှစ်၊ မေလ(၁၈)ရက်တွင် ရန်သူက အနှစ်(၃၀)ကျော် သိမ်းပိုက်ထားခဲ့သော သေဘောဘိုးစခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်မက ရန်သူလက်နက်မျိုးစုံ(၁၅)လက်၊ ကျည်မျိုးစုံ (၇၀၀၀)ကျော်ကိုပါ လက်ရသိမ်းဆည်းနိုင်ခဲ့ပါတယ်။ 


၃။ စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွတ်ရွတ်ချွံချွံ ဆင်နွှဲလျက်ရှိသော KNU KNLA KNDO PDF နှင့် အခြားမဟာမိတ်အင်အားစုများပါဝင်သော ပူးပေါင်းအဖွဲ့၏ ထူးချွန်ပြောင်မြောက်သည့် စစ်ရေးစွမ်းဆောင်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူး ဂုဏ်ပြုအပ်ပါတယ်လို့ ဖော်ပြပါရှိပါတယ်။


========================


📌📌ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်လှစ်သည့် ကျောင်းများတွင်သာ မိမိတို့၏ သားသမီးများကို ပညာဆည်းပူးကြစေရန် Chinland Joint Defense Committee တိုက်တွန်း


ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်လှစ်သည့် ကျောင်းများတွင်သာ မိမိတို့၏ သားသမီးများကို ပညာဆည်းပူးကြစေရန် Chinland Joint Defense Committee တိုက်တွန်းလိုက်ပါတယ်။ မေလ (၃၀) ရက်မှာ Chinland Joint Defense Committee ကထုတ်ပြန်ခဲ့တာပါ။


နိုင်ငံတော်အာဏာသိမ်းယူရန်ကြိုးပမ်းနေသည့် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီ သည် ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း တစ်နိုင်လုံးအတိုင်းအတာဖြင့် ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင် ရွက်နေသည်ကို သိရှိရပါတယ်။ ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်မှုသည် စစ်ကောင်စီ ယန္တရားလည်ပတ်နိုင်သည်ဟု နိုင်ငံတကာအား ပြသရန်နှင့် တရားဝင်မှုရရှိနိုင်ရန် ကြိုးစားမှုသာဖြစ်သည် ဟု ရှုမြင်ပါတယ်။ 


ထို့ကြောင့်ချင်းပြည်ထောင်တစ်ဝှမ်းရှိ မိဘပြည်သူများအနေဖြင့် စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုမရှိစေရေးအတွက် တားဆီးတွန်းလှန်ကြရန်နှင့် ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့များက ဖွင့်လှစ်သည့် ကျောင်းများတွင်သာ မိမိတို့၏ သားသမီးများကို ပညာဆည်းပူးကြစေရန် တိုက်တွန်းအပ်ပါတယ်လို့ဖော်ပြပါရှိပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရားအား အသက်သွင်းရန် ကြိုး ပမ်းမှုတွင် ပါဝင်ဆောင်ရွက်သည့် Non-CDMers များကို CJDC အနေဖြင့် ပြင်းထန်စွာ အရေးယူဆောင် ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌ဗျိုင်းဖြူစစ်ဆင်ရေးအဖြစ် ရေးမြို့နယ် ၅၉၁ တပ်ဝင်းအတွင်း အရာရှိရိပ်သာနဲ့ လက်နက်တိုက်အား MSRO က ဒရုန်းနဲ့တိုက်ခိုက်


ဗျိုင်းဖြူစစ်ဆင်ရေးအဖြစ် မွန်ပြည်နယ် ရေးမြို့နယ် ၅၉၁ တပ်ဝင်းအတွင်း အရာရှိရိပ်သာနဲ့ လက်နက်တိုက်အား MSRO က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။ မေလ ၃၀ ရက်နေ့မှာ ရေးမြို့နယ် ကျောင်းရွာကျေးရွာရှိ ၅၉၁ တပ်ဝင်းကိုတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ကဆိုပါတယ်။


"ရေးမြို့နယ်  ကျောင်းရွာကျေးရွာရှိ ၅၉၁ တပ်ဝင်းအတွင်း အရာရှိရိပ်သာနဲ့ လက်နက်တိုက်ကို ဒရုန်းနဲ့ဒရော့ချတိုက်ခိုက်ခဲ့ပါတယ်။ ပထမဆုံး မွန်ပြည်နယ်တောင်ပိုင်းမှာ ဝေဟင်က တိုက်ခိုက်မှုဖြစ်ပါတယ်။ စစ်ဆင်ရေးကြောင့်တပ်တွင်းပြာယာခတ်ပြီးထိခိုက်မှုရှိနိုင်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအပြီး ၅၉၁ တပ်ရင်းက တပ်ဝင်းထဲမှ လက်နက်ကြီးဖြင့် ကျောင်းရွာ ကျေးရွာတွင်းသို့ ကြန်လည်ပစ်ခတ်ရာ ရပ်ကွက် ရှိလူနေအိမ်ပေါ်သို့ လက်နက်ကြီးကျ၍ အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။


========================


📌📌နိုင်ငံပျောက်သူ Short Film ဟာ ယူကျုမှာ ပြသချိန် (၁၂) နာရီအတွင်းမှာပဲ ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့


နိုင်ငံပျောက်သူ Short Film ဟာ ယူကျုမှာ ပြသချိန် (၁၂) နာရီအတွင်းမှာပဲ ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့ပြီလို့သတင်းရရှိပါတယ်။ မေလ ၃၀ ရက်မှာ နိုင်ငံပျောက်သူကို စတင်ပြသခဲ့တာဖြစ်ပြီး ကြည့်ရှုသူများပြားခဲ့ကြောင်း ပဒေသာပင်ကဆိုပါတယ်။


"နိုင်ငံပျောက်သူ Short Film ဟာ ယူကျုမှာ ပြသချိန် (၁၂) နာရီအတွင်းမှာပဲ ကြည့်ရှုသူ တစ်သန်းကျော်သွားခဲ့ပါပြီ။ ဒီ Short film ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ ကိုဏကြီး၊ သရုပ်ဆောင် ကိုဒေါင်း မသု ကို‌ကျားပေါက်နဲ့တကွပါဝင်ကူညီပေးတဲ့အဖွဲ့သားအားလုံးကိုဂုဏ်ပြုပါတယ်ခင်ဗျာ"လို့ ပဒေသာပင် မှာဖော်ပြထားပါတယ်။


ယင်းနိုင်ငံပျောက်သူ Short Film ကို ဒါရိုက်တာ ကိုဏကြီးက ရိုက်ကူး ပုံဖော်၍ သရုပ်ဆောင် ဒေါင်း နဲ့ ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။


"အခုလို အနုပညာရှင်စစ်စစ်တွေရဲ့ အနုပညာဖန်တီးမှုကိုတစ်ခဲနက်အားပေးကြတဲ့ ပြည်သူတွေ အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်"လို့ ပဒေသာပင် ကဆိုထားပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment