3rd MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၃ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှုတစ်မှုကို ဆက်လက်စစ်ဆေးရာ အဂတိကော်မရှင်က တရားလို ဦးရဲထက် မဟုတ်မမှန် ဆက်လက်ထွက်ဆို
📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အခြေအမြစ် မရှိသည့် တရားစီရင်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ
တရားရေးဝန်ကြီးဌာန ကရှုတ်ချ
📌(၁၅) ကြိမ်မြောက် ကမ္ဘာ့သစ်တောဆိုင်ရာညီလာခံသို့ စစ်ကောင်စီတက်ရောက်ခွင့်မရ
📌လွတ်မြောက်နယ်မြေ ဒေသတခုတွင် မြေပြင် FOEIM School စတင်ဖွင့်လှစ်
📌မြန်မာနိုင်ငံတောင်ပိုင်းရှိ ရဲတံခွန်စီမံကိန်းတွင် ပါဝင်လျက်ရှိတဲ့ ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS က မြန်မာနိုင်ငံက ထွက်ခွာမယ်

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှုတစ်မှုကို ဆက်လက်စစ်ဆေးရာ အဂတိကော်မရှင်က တရားလို ဦးရဲထက် မဟုတ်မမှန် ဆက်လက်ထွက်ဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှုတစ်မှုကို ဆက်လက်စစ်ဆေးရာ အဂတိကော်မရှင်က တရားလို ဦးရဲထက် မဟုတ်မမှန် ဆက်လက်ထွက်ဆိုခဲ့တယ်လို့ သတင်းရရှိပါတယ်။

မေလ၂ရက် နေပြည်တော်ရှိ အထူးတရားရုံးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီက စွပ်စွဲထားသော အမှုအမှတ်စဉ် CRT3/2023 နှင့် 4/2023 တို့ကို ကြားနာစစ်ဆေးခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။

အဆိုပါအမှုမှာ စကစရဲ့ အဂတိကော်မရှင်က တရားလို ဦးရဲထက်က လာရောက်ထွက်ဆိုခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းက ရွှေနဲ့ ဒေါ်လာများ ပေးရတယ်လို့ဆိုကာ အဂတိပုဒ်မ ၅၅ နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါသေးတယ်။

=======================

📌📌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အခြေအမြစ် မရှိသည့် တရားစီရင်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ
တရားရေးဝန်ကြီးဌာန ကရှုတ်ချ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော အခြေအမြစ် မရှိသည့် တရားစီရင်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ
တရားရေးဝန်ကြီးဌာန ကရှုတ်ချလိုက်ပါတယ်။ မေလ ၂ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန ကထုတ်ပြန်လိုက်ပါတယ်။

စွပ်စွဲခံရသူဖက်မှ ခုခံချေပခွင့်လည်းမရှိ၊ အများပြည်သူရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ စီရင်ခြင်းလည်း မရှိ၊ အပြစ်ရှိသည်ဟု (၅) မိနစ်အတွင်း ဆုံးဖြတ်ချက် ချမှတ်သော ဟန်ပြ တရားခွင်သည် အများပြည်သူ ယုံကြည်လက်ခံနိုင်မှုကိုသော်လည်းကောင်း တရားမျှတမှုကိုသော်လည်းကောင်း ဆောင်ကြဉ်း နိုင်သည်မဟုတ် လို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက မဟုတ်မမှန် တရားစီရင်မှုနှင့် ပက်သက်၍ ပြောကြားလိုက်ပါတယ်။

ယခုကဲ့သို့ ဝါဒဖြန့် ဟန်ပြ တရားခွင်သည် အကြမ်းဖက် စစ်ကောင်စီ၏ သဘောထား (၂) ချက်ကို ပိုမို ပေါ်လွင်စေပါတယ်။ ပထမတစ်ချက် ၎င်းတို့အနေဖြင့် မြန်မာပြည်သူများအပေါ် မလျော်ကန်စွာ သက်ရောက်စေသည့် တရားစီရင်ရေး အတုအယောင်ကို အရှက်သိက္ခာကင်းမဲ့စွာ အသုံးချရန် ဝန်မလေးပေ။ ဒုတိယတစ်ချက်အနေဖြင့် ဒီမိုကေရစီကို ကာကွယ်စောင့်ရှောက်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ကြောက်ရွံ့နေသေးခြင်း တို့မှာ သိသာထင်ရှားပေတယ်လို့ဖော်ပြပါတယ်။

အများပြည်သူ ယုံကြည်လေးစားရသူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်လာ (၆) သိန်းတန်ဖိုးရှိ ရွှေချောင်းများကို လာဘ်ပေး လာဘ်ယူ ပြုမူခဲ့သည့် သက်သေများရှိသည်ဟု စစ်ကောင်စီက တရားခွင်တွင် မဟုတ်မမှန် လိမ်လည် ပြောကြားခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ်နှင့် ထောင်သွင်း အကျဉ်းချခံရခြင်းများဖြင့် သူမဘဝတစ်လျောက် မြန်မာပြည်သူလူထု လွတ်လပ်ရန် တစ်စိုက်မက်မက် ကြိုးစားခဲ့သော ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း သိသာစေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၄င်းစွပ်စွဲချက်ကို အခြေအမြစ်မရှိကြောင်း ပြောဆိုပယ်ချခဲ့သည်။ ယခုအပတ်အတွင်း ချမှတ်သော အတုအယောင် တရားခွင်သည် စစ်ကောင်စီအနေဖြင့် လူထုခေါင်းဆောင်အပေါ် စီရင်နေသော မလျော်ကန်သည့် တရားခွင်များအနက်မှ လက်တလော နောက်ဆုံး တရားခွင်တစ်ခုပင် ဖြစ်ပေတယ်လို့ တရားရေးဝန်ကြီးဌာနက ဆိုပါတယ်။

အသစ်ပြန်လည်တည်ဆောက်မည့် မြန်မာနိုင်ငံတော်ကြီးတွင် ဒီမိုကရေစီစနစ် ပြန်လည် ဆောင်ကြဉ်း၍ လွတ်လပ်ပြီးတရားမျှတသော တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ပြီး ယခုကဲ့သို့ ယုတ်မာရက်စက်သော မတရားမှုများကို အဆုံးသတ်မည်ဟု တရားရေးဝန်ကြီး ဦးသိန်းဦးက ကြေညာ လိုက်ပါတယ်။

========================

📌📌(၁၅) ကြိမ်မြောက် ကမ္ဘာ့သစ်တောဆိုင်ရာညီလာခံသို့ စစ်ကောင်စီတက်ရောက်ခွင့်မရ

(၁၅) ကြိမ်မြောက် ကမ္ဘာ့သစ်တောဆိုင်ရာညီလာခံသို့ စစ်ကောင်စီတက်ရောက်ခွင့်မရဘူးလို့ သတင်းရရှိပါတယ်။ စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့် မရခဲ့ကြောင်းကို မေလ ၂ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ် မေလ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပလျက်ရှိသော (၁၅) ကြိမ်မြောက် ကမ္ဘာ့သစ်တောဆိုင်ရာညီလာခံ (XV World Forestry Congress- XVWFC) သို့ စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ကြီးနှင့် ကိုယ်စားလှယ်များကို ဖိတ်ကြားထားကြောင်း သိရှိခဲ့ရပြီး တက်ရောက်ခွင့် မရစေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကြိုးစားခဲ့တာလို့ ဖော်ပြပါတယ်။

ရလဒ်အားဖြင့် စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ပေးပို့ထားသည့် ဖိတ်ကြားလွှာအား တောင်ကိုရီးယားသစ်တောဌာန (Korea Forest Service-KFS) မှ ပြန်လည်ရုတ်သိမ်းခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့် မရခဲ့ကြောင်း သိရှိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တောင်ကိုရီးယားသစ်တောဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ရှိနေသေးသဖြင့် တောင်ကိုရီးယားသစ်တောဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများမှ စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနယ်ပယ်များတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်သာ ပူးပေါင်းဆောင်ရွက်သွားရန် တောင်းဆိုချက်အား အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ဦးဆောင်သော ကိုရီးယားနိုင်ငံရှိ အဖွဲ့အစည်း (၃၄) ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ ကထုတ်ပြန်ပါတယ်။

========================

📌📌လွတ်မြောက်နယ်မြေ ဒေသတခုတွင် မြေပြင် FOEIM School စတင်ဖွင့်လှစ်

လွတ်မြောက်နယ်မြေ ဒေသတခုတွင် မြေပြင် FOEIM School စတင်ဖွင့်လှစ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မေလ ၂ ရက်၊ ၂၀၂၂ တွင် လွတ်မြောက်နယ်မြေဒေသတခုတွင် FOEIM နှင့် ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ FOEIM School ဟုခေါ်သော ဒေသခံပြည်သူများ ကိုယ်ပိုင် လွတ်လပ်စွာအုပ်ချုပ်သော (ဖက်ဒရယ်လမ်းစဉ်နှင့် အညီ) ပြည်သူ့ကျောင်း တစ်ကျောင်းကို မြေပြင်တွင် စတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။

ထိုဒေသတွင် ကျောင်းသား ဦးရေ ၁၀၀ နီးပါးကို စတင်ကာ အခမဲ့ စဉ်ဆက်မပြတ်ပညာရေးပေးနေပြီး သင်ကြားရေးတွင်လိုအပ်သော စာအုပ်များ၊ ဖတ်စာအုပ်များ၊ စာရေးကိရိယာများကိုလည်း အခမဲ့ ပေးခဲ့တယ်လို့သိရပါတယ်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်နယ်မြေ မြို့နယ် ၃၇ မြို့နယ်ရှိပြီး စစ်ကိုင်းတိုင်းတွင် ထိန်းချုပ်နယ်မြေ ၉ မြို့နယ်ကို ကနဦးအဖြစ် ကြားကာလအစီအစဉ်များပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီလို့လည်း သိရပါတယ်။

========================

📌📌မြန်မာနိုင်ငံတောင်ပိုင်းရှိ ရဲတံခွန်စီမံကိန်းတွင် ပါဝင်လျက်ရှိတဲ့ ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS က မြန်မာနိုင်ငံက ထွက်ခွာမယ်

မြန်မာနိုင်ငံတောင်ပိုင်းရှိ ရဲတံခွန်စီမံကိန်းတွင် ပါဝင်လျက်ရှိတဲ့ ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS က မြန်မာနိုင်ငံက ထွက်ခွာမယ်လို့ မေလ ၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ဂျပန်စွမ်းအင်ကုမ္ပဏီကြီးတဲ့ Eneos က ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက် မလေးရှားက Petronas နဲ့ ထိုင်းက PTT ကုမ္ပဏီတို့ ရဲတံခွန်စီမံကိန်းက ထွက်ခွာရန် ကြေညာပြီးနောက် ယခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

"JX သည် လူမှုရေးပြဿနာများနှင့် ရဲတံခွန်ဓာတ်ငွေ့တွင်းများ၏ နည်းပညာပိုင်းဆိုင်ရာ အကဲဖြတ်မှုအပေါ် အခြေခံ၍ နိုင်ငံ၏ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားပြီးနောက် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်" ဟု ENEOS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron နှင့် ပြင်သစ် Total ကုမ္ပဏီများမှာ ရတနာ စီမံကိန်းမှ နုတ်ထွက်ရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့တွင်ဆုံးဖြတ်ခဲ့ပါတယ်။





#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment