3rd MAY 2022 - Evening Daily News by Radio NUG

၂၀၂၂ မေလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌၂၀၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ အုပ်ချုပ်မှု ကောင်စီအစည်းအဝေးမှာ မြန်မာကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဆက်လက်ထားရှိဖို့ဆုံးဖြတ်
📌စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတင်မကဘဲ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်တဲ့အဆင့်အထိ ရောက်ရှိနေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးအသိပေး
📌နယ်မြေ ထူထောင်ခြင်း အဆင့်ကို တက်လှမ်းနေတဲ့ အခြေအနေတစ်ခုကို ရောက်ပြီဆိုတာ အကြမ်းဖက်စစ်ကောင်စီ ပြာယာခတ်နေပုံတွေက ညွှန်ပြနေတယ်လို့ ကိုနေဘုန်းလတ်ပြော
📌မြန်မာနိုင်ငံတွင် သတင်းသမားများသည် စစ်အစိုးရ၏ဖိနှိပ်ခြင်းကိုခံနေရတဲ့ သားကောင်များဖြစ်နေတယ်လို့ ပြင်သစ်သံရုံးထုတ်ပြန်
📌အင်းတော်ရဲစခန်းမှ ရဲသုံးဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်
📌မုံရွာမြို့ ၊အိုးဘိုတောင်ရပ်ကွက် စကစအကြမ်းဖက် တည်ခိုးရေးစခန်းရှေ့ကို ယနေ့မနက် မုံရွာခရိုင်တပ်ရင်း၁က လက်နက်ကြီး လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်
📌ရွေးကောက်ပွဲအနိုင်ရ NLD အမတ်တွေ၊ ပါတီဝင်တွေနဲ့ နာမည်ကျော်အနုပညာရှင်တွေရဲ့အိမ်တွေကို စစ်ကောင်စီကချိတ်ပိတ်ရုံတင်မက ရောင်းချဖို့အထိပြင်ဆင်
📌မေလ ၂ ရက်နေ့တစ်ရက်တည်းမှာ စစ်ကိုင်းတိုင်းက အင်းပတ်ရွာနဲ့ မလဲသာကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေရာနဲ့ချီပြီးမီးလောင်ပျက်စီးခဲ့

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌၂၀၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ အုပ်ချုပ်မှု ကောင်စီအစည်းအဝေးမှာ မြန်မာကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဆက်လက်ထားရှိဖို့ဆုံးဖြတ်ခဲ့တဲ့သတင်း

အင်ဒိုနီးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၉ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ အုပ်ချုပ်မှု ကောင်စီအစည်းအဝေးမှာ မြန်မာကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဆက်လက်ထားရှိဖို့ဆုံးဖြတ်လိုက်တာ်လို့ သတင်းရရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာနိုင်ငံမှာ ပီပြင်တဲ့လွှတ် တော်တစ်ရပ်ပေါ်ပေါက်တဲ့ အချိန်အထိ နိုင်ငံတကာ ပါလီမန်များအဖွဲ့(IPU)မွာ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့အစည်းအဖြစ် ဆက်လက်ထားရှိရန်နဲ့ IPU အ စည်းအဝေးတွေမှာ မဲပေးခွင့်မပြုသော လေ့လာသူ (Non-Voting Observer) အဖြစ် တက်ရောက်နိုင်ရေး IPU လည်းဆုံးဖြတ်ပေးခဲ့ပါတယ်။

IPU အနေနဲ့ CRPH ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံ ရမှုများအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေ အေနေတြကို နိုင်ငံရေးသိမြင်မှု ပိုမိုမြှင့်တင်နိုင်ရန်နဲ့ စောင့်ကြည်သွားမှာ ဖြစ်တယ်လို့ IPU အထွေထွေအတွင်းရေးမှူးချုပ် မာတင်ချောင်ဂေါင်က CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ထံကို စာရေးသားပေးပို့ရာမှာ ဖော်ပြထားတာပါတယ်။

========================

📌📌စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတင်မကဘဲ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်တဲ့အဆင့်အထိ ရောက်ရှိနေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးအသိပေးတဲ့သတင်း

စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အဖြစ်အပျက်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတင်မကဘဲ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်တဲ့အဆင့်အထိရောက်ရှိနေပြီလို့ မေလ (၃) ရက်နေ့မှာ လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ်။

"လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ယဉ်ကျေးသော ဂုဏ်သိက္ခာရှိသော ဘယ်လူသားတွေမှ လက်ခံလို့မရဘူးဝိုင်းဝန်းတွန်းလှန်ဖို့လိုအပ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေး နဲ့အတူဒီလိုမျိုးကိစ္စရပ်တွေကို ဆက်လက်ပြီးတော့ ဥပဒေပိုင်းအရလည်း ကျနော်တို့ဝန်ကြီးဌာနက နိုင်ငံတကာနဲ့ ပူးပေါင်းပြီးတော့ အကြမ်းဖက် စစ်ကောင်စီကို အရေးယူနိုင်ဖို့ အမြန်ဆုံးအကောင်အထည်ဖော်နေပါတယ်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၁၈၀၃) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPPကသိရပါတယ်။

========================

📌📌နယ်မြေ ထူထောင်ခြင်း အဆင့်ကို တက်လှမ်းနေတဲ့ အခြေအနေတစ်ခုကို ရောက်ပြီဆိုတာ အကြမ်းဖက်စစ်ကောင်စီ ပြာယာခတ်နေပုံတွေက ညွှန်ပြနေတယ်လို့ ကိုနေဘုန်းလတ်ပြောဆိုလိုက်တဲ့သတင်း

မေလ၃ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ press secretary ကိုနေဘုန်းလတ်က လူမှုကွန်ရက်မှာရေးသားပြောကြားခဲ့သလို အခု "တော်လှန်ရေးဟာ ပိုမြင့်တဲ့ အဆင့်တစ်ခုကို တက်လှမ်းနေပြီလို့မြင်တယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်မှုဒဏ်ကနေ ပြည်သူလူထုကို ကာကွယ်ပေးတဲ့ ခုခံတွန်းလှန်ခြင်းအဆင့်ကနေ ပြည်သူလူထုအတွက် အေးချမ်းလုံခြုံစွာ အခြေချနေထိုင်နိုင်မယ့် စိုးမိုးထိန်းချုပ်နယ်မြေတွေကို သိမ်းပိုက်ထူထောင်မယ့် နယ်မြေ ထူထောင်ခြင်း အဆင့်ကို တက်လှမ်းနေတဲ့ အခြေအနေတစ်ခုကို ရောက်နေပြီဆိုတာ NUG ရဲ့ တစ်နှစ်ပြည့် ထုတ်ပြန်ချက်တွေ၊ ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ် နဲ့ ပြည်ထောင်စုဝန်ကြီးအချို့ရဲ့ ပြောဆိုချက်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီ ပြာယာခတ်နေပုံတွေက ညွှန်ပြနေတယ်"လို့ဆိုပါတယ်။

"မီဒီယာစစ်ပွဲမှာလည်း အကြမ်းဖက်စစ်ကောင်စီ အရှုံးကြီးရှုံးနေတာကို အောက်လုံးတွေသုံး၊ ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ပြီး ဝန်ခံသွားတယ်။တော်လှန်ရေးရဲ့ အရေးကြီးတဲ့အချိန်မှာ အချင်းချင်း သွေးကွဲစေနိုင်တဲ့ ဘေးတီးမှုတွေလည်း များစွာကြုံလာကြရတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ တော်လှန်ရေးဟာ အောင်ပွဲဆီရောက်ဖို့ တဆင့်တက်ခဲ့ပါပြီ။ညီညီညွတ်ညွတ်နဲ့ ဦးတည်ချက်မပျက်ပဲ ရှေ့ဆက်ကြဖို့ပါပဲ"လို့ ကိုနေဘုန်းလတ်ကထပ်မံဆိုပါတယ်။

========================

📌📌မြန်မာနိုင်ငံတွင် သတင်းသမားများသည် စစ်အစိုးရ၏ဖိနှိပ်ခြင်းကိုခံနေရတဲ့ သားကောင်များဖြစ်နေတယ်လို့ ပြင်သစ်သံရုံးထုတ်ပြန်တဲ့သတင်း

မန်မာနိုင်ငံတွင် သတင်းသမားများသည် စစ်အစိုးရ၏ဖိနှိပ်ခြင်းကိုခံနေရတဲ့ သားကောင်များဖြစ်နေတယ်လို့ ပြင်သစ်သံရုံးကထုတ်ပြန်လိုက်ပါတယ်။

"ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အခါသမယတွင် ပြင်သစ်နိုင်ငံသည် သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ကမ္ဘာ့နေရာတိုင်းတွင် သတင်းသမားများကို အကာအကွယ်ပေးရန် အစဉ်တစိုက်တောင်းဆို သည့် ကတိကဝတ်များကို ထပ်လောင်းအတည်ပြုပါတယ်။မြန်မာနိုင်ငံတွင် သတင်းသမားများသည် စစ်အစိုးရ၏ဖိနှိပ်ခြင်းကိုခံရသည့် သားကောင်များဖြစ်ပါတယ်။ ၂၀၂၁-ခုနှစ် ဖေဖော်ဝါရီ ၁-ရက် အာဏာသိမ်းပြီးကတည်းက သတင်းသမား ၁၁၅-ဦး ဖမ်းဆီးခံခဲ့ရပြီး ၅၇-ဦးကို မတရားဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံပြီးနောက် သတင်းထောက်များကို ဖမ်းဆီးထောင်ချမှု့အများဆုံး နိုင်ငံများတွင် ဒုတိယနေရာတွင် ရှိနေပါတယ်"လို့ မေလ၃ရက်နေ့မှာ ရန်ကုန် ပြင်သစ်သံရုံးကကြေညာထုတ်ပြန်‌ဖော်ပြခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်များကို တိုက်ခိုက်ခြင်းမှာ အလွန်စိုးရိမ် စရာကောင်းပြီး ယနေ့ခေတ်တွင် လွတ်လပ်သော သတင်းစာများမရှိတော့ဘူးလို့လည်း ပြင်သစ် သံရုံးကဆိုထားပါတယ်။

"သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး၊ သတင်းစာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို လေးစားလိုက်နာရန်နှင့် မြန်မာနိုင်ငံရှိ အင်တာနက် ကန့်သတ်ချက်များအားလုံးကို ရုတ်သိမ်းပေးပါရန် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးက တောင်းဆိုလိုက်ပါတယ်။ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များ ပေးပို့နိုင်ရန် အသက်အန္တရာယ်ကို စွန့်စားပြီးလုပ်ဆောင်ရသည့် သတင်းထောက်များ၏ အလုပ်ကို ပြင်သစ်နိုင်ငံက လေးစား ဂုဏ်ပြုပါကြောင်း ဖော်ပြအပ်ပါတယ်"လို့ဆိုထားပါတယ်။

========================

📌📌အင်းတော်ရဲစခန်းမှ ရဲသုံးဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာတဲ့သတင်း

အင်းတော်မြို့ ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲသုံးဦး လက်နက်နှင့်အတူ ကောလင်းမြို့နယ်ရှိ ဒေသခံကာကွယ်ရေးတပ်သို့ ဧပြီလ ၃၀ ရက်နေ့က အလင်းဝင်လာတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရဲသုံးဦးမှာUzi ထုတ်သေနတ် တစ်လက်၊ G3 နှစ်လက်၊ လက်ပစ်ဗုံးလေးလုံး၊ 7.62 ကျည် ၁၂၆၂ တောင့်၊ ၉ မမ ကျည် ၁၈၁ တောင့်နှင့် လက်နက်အချို့တို့ ဖြင့် အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါရဲသုံးဦးကို အချုပ်တွင် ထည့်ထားခြင်းမျိုး မပြုပဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားကြောင်းသိရပါတယ်။

လက်ရှိမှာ CDMတပ်နဲ့ရဲ တစ်သောင်းနီးပါးရှိပြီဖြစ်တယ်လို့သိရပါတယ်။

========================

📌📌မုံရွာမြို့ ၊အိုးဘိုတောင်ရပ်ကွက် စကစအကြမ်းဖက် တည်ခိုးရေးစခန်းရှေ့ကို ယနေ့မနက် မုံရွာခရိုင်တပ်ရင်း၁က လက်နက်ကြီး လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့သတင်း

မေလ၃ရက် ဒီကနေ့မနက်၇နာရီမှာ မုံရွာမြို့ ၊အိုးဘိုတောင်ရပ်ကွက် စကစ အကြမ်းဖက် တည်ခိုးရေးစခန်း ရှေ့သို့ ကားရပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Special Reginal Attacks Forces(S. R. A. F)မုံရွာခရိုင်တပ်ရင်း(၁)ကဆိုပါတယ်။

လတ်တလောထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနေဆဲဖြစ်ပါတယ်။

စစ်ဆင်ရေးတွင်ပါဝင်သောမဟာမိတ်အဖွဲ့များနဲ့ SRAFမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

========================

📌📌ရွေးကောက်ပွဲအနိုင်ရ NLD အမတ်တွေ၊ ပါတီဝင်တွေနဲ့ နာမည်ကျော်အနုပညာရှင်တွေရဲ့အိမ်တွေကို စစ်ကောင်စီကချိတ်ပိတ်ရုံတင်မက ရောင်းချဖို့အထိပြင်ဆင်နေပါတယ်။

မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ရဲ့ပြဌာန်းချက်တွေအရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် အဲ့ဒီပြစ်မှုနဲ့သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ်သိမ်းဆည်းရမည်လို့ဖော်ပြထားတာကို စစ်ကောင်စီက အသုံးချနေတာပါ။ စစ်ကောင်စီက ၂၀၂၂ မတ်လ ၁၈ရက်နေ့အထိ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပါတီဝင်တွေရဲ့ နေအိမ်နဲ့လုပ်ငန်းအဆောက်အအုံ ၂၈၀ ကျော်ကိုချိတ်ပိတ်ခဲ့တယ်လို့ NLDက မတ်လ ၁၈ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဧပြီလကုန်မှာ ချိတ်ပိတ်ထားတဲ့အိမ်တွေကို ရောင်းစားဖို့ စစ်ကောင်စီက ပြင်ဆင်လာပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီး ဦးခင်မောင်မြင့် (ဥပဒေအကြံပေး) က အခုလိုပြောဆိုထားပါတယ်။

ဦးခင်မောင်မြင့် (ဥပဒေအကြံပေး)

တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဆက်တိုက်ချိတ်ပိတ်နေတဲ့လုပ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကန့်ကွက်ရှုံ့ချပြီး ချိတ်ပိတ်ခံရသူတွေဟာ သူတို့ဆီမှာ အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ မတ်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဟာ အိမ်တွေကိုချိတ်ပိတ်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့မညီဘဲ ပြန်ရောင်းစားဖို့ကြံစည်နေတာဟာ မတရားမှုဖြစ်တယ်လို့ အိမ်ချိတ်ပိတ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က အခုလိုပြောပါတယ်။

အိမ်ချိတ်ပိတ်ခံထားရတဲ့လွှတ်တော်အမတ်တစ်ဦး

ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာ၊ ရွာလုံးကျွတ်အိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေကိုတောင် စစ်ကောင်စီက ဥပဒေမဲ့ကျူးလွန်ခဲ့ပြီး အခု အိမ်တွေကို ချိတ်ပိတ်ပြီးရောင်းစားဖို့ပြင်ဆင်နေတာဟာ တော်လှန်ရေးမှာပါဝင်သူတွေကို စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်အောင်လုပ်နေတာလို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။

========================

📌📌မေလ ၂ ရက်နေ့တစ်ရက်တည်းမှာ စစ်ကိုင်းတိုင်းက အင်းပတ်ရွာနဲ့ မလဲသာကျေးရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေရာနဲ့ချီပြီးမီးလောင်ပျက်စီးခဲ့တဲ့သတင်းကို တင်ပြပေးပါ့မယ်

မေလ ၂ ရက်နေ့က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က အင်းပတ်ရွာနဲ့ အရာတော်မြို့နယ်က မလဲသာကျေးရွာတွေကို စစ်ကောင်စီက အကြမ်းဖက်မီးရှို့ခဲ့တာကြောင့် အိမ်ခြေရာနဲ့ချီပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။ အင်းပတ်ရွာမှာ အိမ်ခြေ ၃၀၀ထက်မနည်းမီးလောင်ပျက်စီးခဲ့ပါတယ်။ မလဲသာကျေးရွာမှာတော့ အိမ်ခြေ အများအပြားမီးလောင်ပျက်စီးခဲ့ပြီး အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဒီအခြေအနေတွေကို အင်းပတ်ရွာသူတစ်ယောက်က အခုလိုပြောပါတယ်။

အင်းပတ်ရွာသူတစ်ဦး

တော်လှန်ရေးမှာပါဝင်သူတွေကိုလည်း စစ်ကောင်စီက နည်းမျိုးစုံနဲ့အနိုင်ကျင့်ခဲ့ပြီး နေအိမ်တွေ စီးပွားရေးလုပ်ငန်းတွေကိုလည်း ချိတ်ပိတ်သိမ်းယူထားတဲ့အပြင် ဥပဒေလုပ်ထုံးလုပ်နည်းတွေကိုကျော်လွန်ပြီး ရောင်းချဖို့အထိပြင်ဆင်နေပါတယ်။ အိမ်ချိတ်ပိတ်ခံထားရသူတစ်ယောက်ကတော့ စစ်ကောင်စီနဲ့ပေါင်းပြီး ချိတ်ပိတ်ထားတဲ့အိမ်တွေကိုဝယ်တဲ့သူတွေဟာ စစ်ကောင်စီထောက်တိုင်တွေသာဖြစ်ပြီး စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။

အရာတော် သပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦး

၂၀၂၂ ဇန်နဝါရီလတုန်းကလည်း အနောက်မြောက်တိုင်းစစ်ဒေသ စစ်တိုင်းမှူး ဗိုလ်ချုပ်ဖြိုးသန့်နေရာမှာ ဗိုလ်ချုပ်သန်းထိုက်ကို စစ်ကောင်စီက အစားထိုးခန့်အပ်ခဲ့ပါတယ်။ ဒီလိုပြောင်းလဲခန့်အပ်တာတွေပြုလုပ်ပြီး အကြမ်းဖက်နေပေမယ့် ဒေသတွင်းပြည်သူတွေက စစ်အာဏာသိမ်းမှုကို လက်မခံဘဲ အချိန်တစ်နှစ်ကျော်ကြာတဲ့အထိ ခုခံတော်လှန်နေတာကြောင့် စစ်ကောင်စီဟာ သူတို့မျှော်မှန်းထားသလို ဒေသကို အလွယ်တကူမထိန်းချုပ်နိုင်ဖြစ်နေပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment