၂၀၂၂ မေလ ၄ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အကြမ်းဖက်စစ်အုပ်စုအနေဖြင့် သတင်းမီဒီယာ တိုက်ပွဲတွင် ကြီးစွာသော ရှုံးနိမ့်မှုကို ရင်ဆိုင်နေရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌အာဏာရှင် စစ်ကောင်စီနဲ့ ဆွေးနွေးရင် နှစ် ၁၀၀ လည်း အောင်မြင်မှာ မဟုတ်ဘူးလို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတပြောကြား
📌အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ နားလည်မှုလွဲမှားပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မှာကြား
📌ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Noeleen Heyzer အား ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် လက်ခံတွေ့ဆုံ
📌"ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ" ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်း
📌အကြမ်းဖက် စစ်ခေါင်းဆောက် မင်းအောင်လှိုင်ရဲ့နေအိမ်ကို ဝယ်ယူရန်ပြည်သူ့ဆန္ဒပြု အစီအစဉ်တွင် အဆိုပြုထားတဲ့ ငွေပမာဏ ကျပ်ဘီလီယံ ၃၀ နီးပါး ရှိ
📌မယ်တော်ဆေးခန်းတည်ထောင်သူ ဆရာမကြီးဒေါက်တာ စင်သီယာမောင်တောင်ကိုရီးယားနိုင်ငံမှ ပေးအပ်တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရရှိ
📌ဆရာစံ PDF မှ အဝေးပစ်ဒုံးများ ထုတ်လုပ်အောင်မြင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အကြမ်းဖက်စစ်အုပ်စုအနေဖြင့် သတင်းမီဒီယာ တိုက်ပွဲတွင် ကြီးစွာသော ရှုံးနိမ့်မှုကို ရင်ဆိုင်နေရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
အကြမ်းဖက်စစ်အုပ်စုအနေဖြင့် သတင်းမီဒီယာ တိုက်ပွဲတွင် ကြီးစွာသော ရှုံးနိမ့်မှုကို ရင်ဆိုင်နေရတယ်လို့ မေလ ၃ ရက်နေ့ “ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ သတင်းထုတ်ပြန်ချက်မှာ ယာယီသမ္မတ ဒူဝါလရှီးလကဆိုလိုက်တာဖြစ်ပါတယ်။
"အကြမ်းဖက် စစ်အုပ်စုအနေဖြင့် သတင်းမီဒီယာတိုက်ပွဲတွင် ကြီးစွာသော ရှုံးနိမ့်မှုကို ရင်ဆိုင်နေရသည့်အဖြစ်ကို သတင်းမီဒီယာများအား ဒေါသကြီးစွာဖြင့် ရိုင်းပြစွာ တုံ့ပြန်ပြောဆိုခဲ့ခြင်းက သက်သေထူလျက်ရှိပါတယ်"လို့ ဆိုပါတယ်။
လက်ရှိမှာ သတင်းသမား ၁၆၆ ဦးအနက် အချို့မှာ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ၅၀ ကျော်မှာ လက်ရှိအချိန်အထိ အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်း ခံနေရဆဲဖြစ်ကာ သတင်းသမား ၃ ဦးဖြစ်သည့် ကိုစိုးနိုင်၊ အေစိုင်းကေ(ခ) စိုင်းဝင်းအောင် နှင့် Pu Tuidim တို့မှာ စစ်မြေပြင်၌လည်းကောင်း၊ ဖမ်းဆီးခံရစဉ် စစ်ကြောရေး၌လည်းကောင်း ကျဆုံးခဲ့ရပြီးဖြစ်ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သတင်းမီဒီယာများ၊ သတင်းသမားများ၊ လူထုသတင်းသမားများနှင့် သတင်းရင်းမြစ်များအပေါ် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသည့် ပြစ်မှုများအတွက် တရားမျှတမှုရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သလို သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ သတင်းလွတ်လပ်ခွင့်ကို ကျင့်သုံးကြသူများ ထိခိုက်နစ်နာမူမရှိစေရေး ကာကွယ်နိုင်ရန် အတွက်လည်း သမိုင်းဖြစ်စဉ်များအပေါ်သင်ခန်းစာယူကာ ပြင်ဆင်ဆောင်ရွက်သွားရမယ်"လို့ ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။
=======================
📌📌အာဏာရှင် စစ်ကောင်စီနဲ့ ဆွေးနွေးရင် နှစ် ၁၀၀ လည်း အောင်မြင်မှာ မဟုတ်ဘူးလို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတပြောကြား
အာဏာရှင် စစ်ကောင်စီနဲ့ ဆွေးနွေးရင် နှစ် ၁၀၀ လည်း အောင်မြင်မှာ မဟုတ်ဘူးလို့ မေလ ၃ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၂ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းဝေးကျင်းပရာမှာ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုခဲ့တာပါ။
“ပြည်သူလူထုတစ်ရပ်လုံး ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့ စစ်အုပ်စုမှ ဖော်ဆောင်မယ် ရွေးကောက်ပွဲ လုပ်ငန်းစဥ်ထဲ လုံးဝမပါဝင်ဖို့ အရေးကြီးပါကြောင်း၊အာဏာရှင် စစ်ကောင်စီနဲ့ ဆွေးနွေးရင် နှစ် ၁၀၀ လည်း အောင်မြင်မှာမဟုတ်ကြောင်း၊ ချမှတ်ထားတဲ့ ကတိများ တည်မြဲမှာ မဟုတ်ပါကြောင်း၊ နှစ် ၇၀ ကျော်ကြာ အတွေ့အကြုံများကို သတိရလျက် အချိန်တိုအတွင်း ကမ်းလှမ်းမျှဝေသည့် ကတိကဝတ်များကို အထူးသတိထား ရှောင်ရှားကြဖို့ သတိချပ်စေလိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်ရှေ့ရေးအတွက် ရေရှည်တည်မြဲနိုင်မည့် ကတိကဝတ်များ အကောင်အထည်ဖော်နိုင်ဖို့ အင်အားစုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာ ဖြစ်ပါကြောင်း၊ ကတိကဝတ်တွေ လက်တွေ့အကောင်အထည်ဖော်လာနိုင်ဖို့ မဟာအတားအဆီးဖြစ်တဲ့ အာဏာရှင်စစ်အုပ်စုကို ဖယ်ရှားရမည်ဖြစ်ကြောင်း" ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ စကစဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို သူကိုယ်တိုင်တွေ့ပါမယ်လို့ဆိုထားသော်လည်း မတက်ရောက်ဘူးလို့ အင်အားကြီးမားတဲ့ တိုင်းရင်းသားအဖွဲ့များကဆိုထားပါတယ်။
========================
📌📌အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ နားလည်မှုလွဲမှားပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မှာကြား
“အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ နားလည်မှုလွဲမှားပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကိုဖြေရှင်းပေးဖို့ မေလ ၃ ရက်နေ့ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့တာပါ။
“အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ နားလည်မှုလွဲမှားပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ်မှာလည်း မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြေရှင်းပေးကြဖို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနတွေကို တိုက်တွန်းလိုပါတယ်။ ဝန်ကြီး၊ ဒုဝန်ကြီးတွေမှာ အလုပ်တွေများပြီး အချိန်နည်းတယ်ဆိုတာလည်း ကောင်းကောင်း သိပါတယ်။ နောက်က ပံ့ပိုးကူညီနိုင်မယ့် လူသားအရင်းအမြစ်ကလည်း အကန့်အသတ်ရှိတာ အမှန်ပါပဲ။ ဒါပေမယ့်လည်း အခက်အခဲတွေကြားကနေပဲ ဆက်လက်ပြီး ကြိုးကြိုးစားစား အားထုတ်ပေးကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်" လို့ ဆိုထားပါတယ်။
လက်ရှိမှာ တိုင်းရင်းသားနယ်မြေက ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ရရှိလိုမှုနဲ့ ထောက်ပံပေးမှုအပိုင်းကိုအရေးတကြီးလိုအပ်နေကြောင်းလည်းသိရပါတယ်။
"တော်လှန်ရေးမှာ အချိန်တိုင်း၊ နေ့ရက်တိုင်းက အရေးကြီးနေတာကြောင့် အချိန်မီတုံ့ပြန်ဖို့ လိုအပ်တာတွေ၊ ဖြေရှင်းဖို့ လိုအပ်တာတွေအတွက် အချိန်မဆိုင်းဘဲ စီမံဆောင်ရွက်မှသာ ကျွန်တော်တို့ပန်းတိုင်ကို မြန်မြန်ရောက်နိုင်မှာ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
========================
📌📌ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Noeleen Heyzer အား ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် လက်ခံတွေ့ဆုံ
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Noeleen Heyzer အား မေလ (၃) ရက် နံနက် မြန်မာစံတော်ချိန် ၀၈း၀၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် လက်ခံတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၌ အခြေအနေများများနှင့် စပ်လျဉ်း၍ စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အရပ်သားအစိုးရအုပ်ချုပ်မှုဆီသို့ ပြန်လည်ရောက်ရှိရေး အားလုံးပါဝင်သော အဖြေများ ရှာဖွယ်ရေး၊ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များ အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
ဆွေးနွေးမတိုင်မီ ပြည်ထောင်စုလွှတ်တော်၏ လုပ်ငန်းဆောင်ရွက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အထူးကိုယ်စားလှယ်က ၎င်း၏လုပ်ငန်းတာဝန်နှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
တွေ့ဆုံမှုသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဖြူဖြူသင်းနှင့် မိုင်းလမင်းထွန်း၊ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်၊ ဖက်ဒရယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးလမာနော်အောင်နှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌“ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ” ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်း
"ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ" ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တယ်လို့ မေလအတွင်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကနေ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မေလ ၂ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသော “ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ” အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တယ်လို့ဖော်ပြထားပါတယ်။
“ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်”မှာအဓမ္မအာဏာသိမ်းယူခဲ့သော စစ်အာဏာရှင်တစ်စုအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရန်။အဓမ္မအာဏာသိမ်းယူထားစဉ် ကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ဝန်ထမ်းများမှ ပြည်သူလူထုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ၊ ဥပဒေမဲ့ညှင်းပန်း နှိပ်စက် သတ်ဖြတ်မှုများ၊ မုဒိန်းကျင့်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ၊ လုယက်မှုများနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်မှုများအား ဖော်ထုတ် အရေးယူရန်။ အဓမ္မအာဏာသိမ်းယူထားစဉ် ကာလအတွင်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ဝန်ထမ်းများမှ နိုင်ငံတော်ပိုင်မြေပေါ်၊ မြေအောက် သဘာဝသယံဇာတများအား ကိုယ်ကျိုးအတွက် လုပ်ပိုင်ခွင့်နှင့်အာဏာကို အသုံးပြု၍ အလွဲသုံးစား ပြုလုပ်ထားရှိမှုများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် စသဖြင့်ဖော်ပြပါရှိပါတယ်။
ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်မှလည်း ရဲတပ်ဖွဲ့ဥပဒေ ပြဌာန်းပြီးပါက CDM ရဲများ နဲ့ ရဲတပ်ဖွဲ့ ဖွဲ့စည်းကာ စိုးမိုးနယ်မြေများမှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။
========================
📌📌အကြမ်းဖက် စစ်ခေါင်းဆောက် မင်းအောင်လှိုင်ရဲ့နေအိမ်ကို ဝယ်ယူရန်ပြည်သူ့ဆန္ဒပြု အစီအစဉ်တွင် အဆိုပြုထားတဲ့ ငွေပမာဏ ကျပ်ဘီလီယံ ၃၀ နီးပါး ရှိ
အကြမ်းဖက် စစ်ခေါင်းဆောက် မင်းအောင်လှိုင်ရဲ့နေအိမ်ကို ဝယ်ယူရန်ပြည်သူ့ဆန္ဒပြု အစီအစဉ်တွင် အဆိုပြုထားတဲ့ ငွေပမာဏ ကျပ်ဘီလီယံ ၃၀ နီးပါး ရှိတယ်လို့ မေလ ၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေးပြောကြားခဲ့ပါတယ်။
"ပြည်သူ့ဆန္ဒပြု အစီအစဉ်” ရဲ့ ၉၆ နာရီ (၄ ရက်) အပြီး ရလဒ်ပါ။ စုစုပေါင်း အဆိုပြုထားတဲ့ ငွေပမာဏက ကျပ်ဘီလီယံ ၃၀ နီးပါး ရှိနေပါပြီ။ ဒေါ်လာနဲ့ တွက်ရင် ၁၅ သန်းဝန်းကျင်ပေါ့။ ဆန္ဒပြုသူ တစ်ယောက်ချင်းစီကို EOD မှ ကျေးဇူး အထူးတင်ပါတယ်။ ပြည်သူတွေရဲ့ အကြံပြုချက်တွေလည်း အတော်ရထားပါပြီ။ “မြန်မြန်နဲ့ များများရောင်းပါ၊ မှန်မှန်နဲ့ မြန်မြန်သုံးပါ၊ တော်လှန်ရေး မကြာချင်တော့ဘူး” ဆိုတဲ့ အကြံပြုချက် တစ်ခု တွေ့မိပါတယ်။ အဲ့ဒီ သဘောမျိုး အကြံပြုထားကြတာ အများကြီးပါ။ သတင်းစကားတစ်ခု ပေးနိုင်ဖို့လည်း ကြိုးစားနေကြပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ယခင် “၄၈ နာရီ ရလဒ်”တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့နေအိမ်ကို ဝယ်ယူရန်ဆန္ဒပြုခဲ့သူ ၁ သောင်း ၃ ထောင်ကျော် ရှိခဲ့ပြီး ၉၈% မှာ မင်းအောင်လှိုင်နှင့် အပေါင်းအပါများ မတရား ရယူထားသော ပိုင်ဆိုင်မှုများကို ပြန်လည်သိမ်းယူပြီး ရောင်းချပါက ဝယ်ယူလိုပါတယ်လို့ ဆန္ဒပြုကြပါတယ်။
လက်ရှိမှာစစ်ကောင်စီဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သတင်းပေးလိုသူတွေ ၄ ထောင်နီးပါး ရှိပြီး၊ သတင်းပေးပို့မှု ၂ ရာကျော် လက်ခံ ရရှိထားပါတယ်။
========================
📌📌မယ်တော်ဆေးခန်းတည်ထောင်သူ ဆရာမကြီးဒေါက်တာ စင်သီယာမောင်တောင်ကိုရီးယားနိုင်ငံမှ ပေးအပ်တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရရှိ
မယ်တော်ဆေးခန်းတည်ထောင်သူ ဆရာမကြီးဒေါက်တာ စင်သီယာမောင်တောင်ကိုရီးယားနိုင်ငံမှ ပေးအပ်တဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုရရှိခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာ မယ်တော်ဆေးခန်းရဲ့လူမှုကွန်ကနေ တရားဝင်ထုတ်ပြန်ချက်အရသိရပါတယ်။
"ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သော မြန်မာတိုင်းရင်းသားလူထုများအတွက် ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးများနှင့် ကလေးများကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်ပေးနေတဲ့ မယ်တော်ဆေးခန်းတည်ထောင်သူ ဆရာမကြီးဒေါက်တာ စင်သီယာမောင် တောင်ကိုရီးယားနိုင်ငံမှ ပေးအပ်သည့် ၂၀၂၂ ခုနှစ်အတွက် Gwangju Prize for Human Right (ဂွမ်ဂျူးလူ့အခွင့်အရေးဆု)ကို ရရှိကြောင်း ဝမ်းသာဂုဏ်ယူစွာ အသိပေး ကြေညာအပ်ပါတယ်"လို့ဖော်ပြပါတယ်။
၎င်းဆုဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ကမ္ဘာတဝှမ်းသွေးစည်းညီညွတ်ရေးအတွက် မြှင့်တင်လုပ်ဆောင်ပေးနေသည့် ဂွမ်ဂျူးမြို့ ဒီမိုကရေစီအရေးတော်ပုံအတွက် အမှတ်တရတည် ထောင်ထား သည့် “မေလ ၁၈ အမှတ်တရဖောင်ဒေးရှင်း” အမည်ရ အဖွဲ့အစည်းမှ ယခုကဲ့သို့ ဆုရွေးချယ်ပေးအပ်ချီး မြှင့်လိုက်ခြင်းဖြစ်ပါတယ်။
ဆုရွေးချယ်ရေးအဖွဲ့၏ ထုတ်ဖော်ပြောဆိုချက်တွင် “ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒုက္ခသည်များအတွက် ဒေါက်တာစင်သီယာမောင်၏ လူသားချင်းစာနာမှု လုပ်ဆောင်ချက်များသည် ပြည်သူများ၏ ဘဝများကို ကယ်တင်ပေးရာရောက်ပြီး မြန်မာပြည်၏ အနာဂတ်အတွက် မျှော်လင့်ချက် ဖြစ်လာစေကြောင်း ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။
ဆရာမကြီး ဒေါက်တာ စင်သီယာမောင် အမြဲတမ်းပြောဆိုလေ့ရှိသောစကားမှာ ” ဒီဆုရရှိခြင်းသည် သူမ၏ မမောမပမ်းလုပ်ဆောင်ချက် တခုတည်းအတွက် သာမကဘဲ ကာလရှည်ကြာပဋိပက္ခများ၊ ဆင်းရဲမွဲတေမှုနှင့်မရေမတွက်နိုင်သော ဒုက္ခများကို ရင်ဆိုင်နေခဲ့ရသည့် မြန်မာပြည်သူများအတွက် မယ်တော်ဆေးခန်းဝန်ထမ်းများ၊ မိတ်ဖက် အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ထောက်ပံ့များနှင့် ကူညီမှုများကြောင့် ရသည့်ဆုသာဖြစ်သည်”လို့ ဆိုပါတယ်။
========================
📌📌ဆရာစံ PDF မှ အဝေးပစ်ဒုံးများ ထုတ်လုပ်အောင်မြင်
ဆရာစံ PDF မှ အဝေးပစ်ဒုံးများ ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ မေလ ၃ ရက်နေ့မှာ ဆရာစံ-PDF မှ အဝေးပစ် ROCKET ဒုံကျည် စမ်းသပ်ထုတ်လုပ် အောင်မြင်နေပြီဖြစ်ကြောင်း ရုပ်သံနဲ့တကွထုတ်ပြန်ခဲ့ပါတယ်။
"ဆရာစံ-PDF မှအဝေးပစ် ROCKET ဒုံးကျည် စမ်းသပ်ထုတ်လုပ်အောင်မြင်နေပြီဖြစ်ပါတယ်။ဒီ့ထက်ပိုကောင်းတဲ့လက်နက်များဆက်လက်ထုတ်လုပ်ပြီ။အဆုံးထိတိုက်ပွဲဝင်သွားပါမယ်"လို့ဖော်ပြထားပါတယ်။ ဆရာစံ PDFဟာ လက်ရှိမှာလည်း မိုင်တဲတာဝါတိုင်များကို ၆၀မမ လက်နက်ကြီးများအဖြစ် ထုတ်လုပ်ထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment