၂၀၂၂ မေလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌သွေးသောက်အဖွဲ့၏ ရက်စက်ကြမ်း ကြုတ်မှုများကို အထူးသတိပြုဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄ နေအိမ်ကိုဥပဒေနဲ့အညီ ရောင်းချနိုင်ရေး အစိုးရကက်ဘိနက် အစည်းအဝေးမှာတင်ပြ
📌စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သြစတြေးလျကိုယ်စားလှယ်နဲ့ ပူးပေါင်းပြင်ဆင်နေတယ်လို့ လူ့အခွင့်ရေးရာဒုဝန်ကြီးအသိပေး
📌အမျိုးသားညီညွတ်ရေးအစိုးရက “အခြေခံပညာရေးညီလာခံ” ကျင်းပမယ်
📌ရန်ကုန်တိုင်းအတွင်းရှိ မြေအောက် ပြောက်ကြား တော်လှန်ရေး မဟာမိတ် အင်အားစု ၁၄ ဖွဲ့ကို စုစည်းကာ Yangon UG Association ( YUA ) အဖွဲ့တည်ထောင်
📌ပြည်သူတွေကို သတ်ဖြတ်ပြီး ကျေးရွာတွေကို မီးရှို့တဲ့လုပ်ရပ်ဟာ တပ်မတော်အနေနဲ့တွေးကြည့်ရင် ရှက်စရာကောင်းတယ်လို့ CDM သူနာပြုဗိုလ်ကြီး ခင်ပပထွန်းဆို
📌ကိုရီးယားသစ်တောဌာန (Korea Forest Service - KFS) နှင့် အာရှဒေသ သစ်တောလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFoCO) တို့၏ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ကန့်ကွက်
📌မုံရွာကွန်ပျူတာကျောင်းမှထွက်လာသော စစ်ကားသုံးစီးအား ဆားလင်းကြီးမြို့နယ် စပယ်အိမ်ယာအနီး ယနေ့မနက် မိုင်းဆွဲတိုက်ခိုက်ခံရ
📌ဘုတလင်မြို့နယ်၊ အုတ်ဖိုလ်ရွာသား ၉ ယောက်နဲ့ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာသား ၅ ယောက်တို့ကို စစ်ကောင်စီက အကြမ်း ဖက်ပစ်သတ်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌သွေးသောက်အဖွဲ့၏ ရက်စက်ကြမ်း ကြုတ်မှုများကို အထူးသတိပြုဖို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
သွေးသောက်အဖွဲ့ကို စုဖွဲ့ကာ ရက်စက်စွာ သတ်ဖြတ်စေခိုင်းနေမှုတွေနဲ့စကစရဲ့ ရက်စက်ကြမ်း ကြုတ်မှုများကို အထူးသတိပြုဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မေလ ၃ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။
"အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းများစွာနဲ့ အပစ်မဲ့ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်ဖို့ စနစ်တကျ စီစဥ်နေခဲ့တာ တွေ့ရကြောင်း၊ ပျူစောထီးများကို စုဖွဲ့စေခြင်း၊ သွေးသောက်အဖွဲ့ကို စုဖွဲ့ကာ ရက်စက်စွာ သတ်ဖြတ်စေခိုင်းနေမှုတွေနဲ့ အခုဆို ပြည်သူ့စစ်များ လိုက်စုဖွဲ့နေပြီး ပြည်သူအချင်းချင်းကြား သတ်ဖြတ် သွေးထွက်သံယိုမှု တိုင်းပြည်နစ်နာမည့်အရာကို ဆောင်ရွက်နေတာ တွေ့ရကြောင်း၊ စကစရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို အားလုံးအထူးသတိပြုရမှာ ဖြစ်ကြောင်း" ယာယီသမ္မတက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက် များအတွင်း မန္တလေးမြို့တွင် NLD ပါတီအဖွဲ့ဝင်တစ်ဦးရဲ့ဇနီးကို သွေးသောက်အဖွဲ့မှ ဖမ်းဆီးကာ ရုပ်အလောင်းကို မြို့လယ်တွင်စွန့်ပစ်ခဲ့ပါတယ်။
========================
📌📌မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄ နေအိမ်ကိုဥပဒေနဲ့အညီ ရောင်းချနိုင်ရေး အစိုးရကက်ဘိနက် အစည်းအဝေးမှာတင်ပြ
မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄ နေအိမ်ကိုဥပဒေနဲ့အညီ ရောင်းချနိုင်ရေးကို မေလ ၃ ရက် ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၅၂) ကြိမ်မြောက် အစိုးရကက်ဘိနက် အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကတင်ပြခဲ့တာပါ။
အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄ နေအိမ်ကိုဥပဒေနဲ့အညီ ရောင်းချနိုင်ရေး အတည်ပြုချက်ရယူရေးကိစ္စ၊ ပညာရေးဝန်ကြီးဌာန က ကြားကာလပညာရေးအခြေအနေနဲ့ ကြိုတင်ပြင်ဆင်ထားမှု ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒီအကြောင်းနှင့်ဆက်စပ်ပြီးတင်ပြရရင် ပြည်သူ့ဆန္ဒပြု အစီအစဉ် ရဲ့ ၉၆ နာရီ (၄ ရက်) အပြီး ရလဒ်အရ မင်းအောင်လှိုင်အိမ်ကိုဝယ်ယူရန်စုစုပေါင်း အဆိုပြုထားတဲ့ ငွေပမာဏက ဘီလီယံ ၃၀ နီးပါး ရှိပြီဖြစ်ပါတယ်။
========================
📌📌စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သြစတြေးလျကိုယ်စားလှယ်နဲ့ ပူးပေါင်းပြင်ဆင်နေတယ်လို့ လူ့အခွင့်ရေးရာဒုဝန်ကြီးအသိပေး
စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက် မှုတွေကို အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဩစတြေးလျကိုယ်စားလှယ်နဲ့ ပူးပေါင်းပြင်ဆင်နေတယ်လို့ လူ့အခွင့်ရေးရာဒုဝန်ကြီး ခွန်းဗဟန်းထန်မှအသိပေးပြောကြားလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလ ၃ ရက်နေ့ထိတိုင် ကျဆုံးခဲ့ရသူ (၁,၈၀၆) ဦး ရှိခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀,၅၁၇) ဦးနှင့် ၎င်းတို့အနက်မှ (၁,၀၃၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရက “အခြေခံပညာရေးညီလာခံ” ကျင်းပမယ်
မေလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနဟာ သက်ဆိုင်သောပုဂ္ဂိုလ်များအားလုံး ပါဝင်တဲ့ “အခြေခံပညာရေးညီလာခံ”တစ်ခု ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။
“ကြားကာလ အခြေခံပညာရေးလုပ်ငန်းများ အရည်အသွေးခိုင်မာမှု ရှိစေရန်နှင့် ပိုမိုအားကောင်းလာစေရန် ကျောင်းသား၊ မိဘ၊ ဆရာနှင့် သက်ဆိုင်ရာအစုအဖွဲ့ အသီးသီးက ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရေး”အတွက် ၂၀၂၂ ခုနှစ်၊ မေလအတွင်း အခြေခံ ပညာရေးညီလာခံကို ကျင်းပသွားမယ်လို့ ပညာရေးဝန်ကြီးဌာနကဆိုပါတယ်။
လက်ရှိမှာ ညီလာခံကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် များ ပါဝင်သော “အခြေခံပညာရေးညီလာခံကျင်းပရေးကော်မတီ” ကို ဖွဲ့စည်း လိုက်တယ်လို့သိရှိရပါတယ်။
========================
📌📌ရန်ကုန်တိုင်းအတွင်းရှိ မြေအောက် ပြောက်ကြား တော်လှန်ရေး မဟာမိတ် အင်အားစု ၁၄ ဖွဲ့ကို စုစည်းကာ Yangon UG Association ( YUA ) အဖွဲ့တည်ထောင်
မေလအတွင်းမှာ ရန်ကုန်တိုင်းအတွင်းရှိ တော်လှန်ရေး မဟာမိတ် အင်အားစု ၁၄ ဖွဲ့ကိုစုစည်းကာ Yangon UG Association (YUA) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ကြောင်း Human Rights Defenders (HRD) ကထုတ်ပြန်ကြေညာခဲ့ပါတယ်။
"အကြမ်းဖက် အာဏာသိမ်းစစ်ကောင် စီ နှင့် ၎င်း တို့၏ လက်ပါးစေ ဒေါက်တိုင် များကို အမြစ်ပြတ် တွန်းလှန်ရန် နှင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် ပေါ်ပေါက်လာရေး ပြည်သူလူထုနှင့် CDM ဝန်ထမ်းများ၏ အသက်အိုးအိမ် စည်းစိမ် များကို ကာကွယ် စောင့်ရှောက်နိုင်ရန် ရည်ရွယ် ၍ ရန်ကုန်တိုင်းအတွင်းရှိ မြေအောက် ပြောက်ကြား တော်လှန်ရေး မဟာမိတ် အင်အားစု ၁၄ ဖွဲ့ နှင့် စတင်ပြီး Yangon UG Association ( YUA ) အဖွဲ့ကို ဖွဲ့စည်းတည်ထောင် ပြီးဖြစ်တယ်"လို့ဖော်ပြပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း နန်းထိုက်အောင် စစ်ဆင်ရေးလှုပ်ရှားမှုများကြောင့် စကစတပ်များဟာ အထိနာလျက်ရှိပါတယ်။
========================
📌📌ပြည်သူတွေကို သတ်ဖြတ်ပြီး ကျေးရွာတွေကို မီးရှို့တဲ့လုပ်ရပ်ဟာ တပ်မတော်အနေနဲ့တွေးကြည့်ရင် ရှက်စရာကောင်းတယ်လို့ CDM သူနာပြုဗိုလ်ကြီး ခင်ပပထွန်းဆို
မေလ ၃ ရက်နေ့ ပြည်သူ့ပန်းတိုင်ရဲ့မေးမြန်းခြင်းအစီအစဥ်မှာ CDM သူနာပြုဗိုလ်ကြီး ခင်ပပထွန်းကအထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။
"ကျမခံစားရတာတော့ ဒီတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူတူပါပဲ။ မတရားအာဏာသိမ်းတယ်။ ပြည်သူတွေ သူ့ဘာသူ အဆင်ပြေနေတဲ့ တိုင်းပြည်ကို မတရားအာဏာသိမ်းတယ်။အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း အေးအေးချမ်ချမ်းဆန္ဒပြတဲ့ ပြည်သူတွေကိုသတ်တယ်။ အဲဒီကစလိုက်တာ အခုဆိုရင် ကျေးရွာတွေကို မီးရှို့တယ်။ အမျိုးသမီးတွေကို မတော်မတရားကျင့်တယ်။ ဒါတွေက တပ်မတော်အနေနဲ့တွေးကြည့်လိုက်ရင် ရှက်စရာကောင်းတယ်။ ကျမ မလုပ်ပေမဲ့လည်း ဒီအဖွဲ့အစည်းထဲ နေရတာရှက်စရာကောင်းတယ်။ လိပ်ပြာမလုံတော့ဘူး။ဆက်လည်းမနေချင်တော့ဘူး"လို့ CDM သူနာပြုဗိုလ်ကြီး ခင်ပပထွန်းကဆိုပါတယ်။
========================
📌📌ကိုရီးယားသစ်တောဌာန (Korea Forest Service - KFS) နှင့် အာရှဒေသ သစ်တောလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFOCO) တို့၏ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ကန့်ကွက်
ထိုသို့စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ကန့်ကွက်မှုကို မေလ ၂ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက တရားဝင် ကန့်ကွက်စာပေးပို့ခဲ့ကြောင်းသိရပါတယ်။
ပြည်သူအကျိုးပြု စီမံကိန်းလုပ်ငန်းများကို အကျိုးအမြတ်မရသော အဖွဲ့အစည်းများ (Non-benefit organization and institution) က ဆောင်ရွက်နေသည်ဆိုသော်လည်း စစ်အုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုအောက်ရှိ ဝန်ကြီးဌာနနှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် မြန်မာစစ်တပ်အား နိုင်ငံရေးဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ အကျိုးအမြတ်များကို ရရှိသွားစေ နိုင်တယ်လို့ ဆိုထားပါတယ်။
ပြည်သူများနှင့် နိုင်ငံတကာက အစိုးရအဖြစ် အသိအမှတ်ပြုလက်ခံထားခြင်း မရှိသည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းအား ကိုရီးယားနိုင်ငံက ထောက်ခံနေသယောင် ပုံရိပ်အမှား ထင်ဟပ်သွားစေနိုင်ပါတယ်လို့လည်းဖော်ပြထားပါတယ်။
========================
📌📌မုံရွာကွန်ပျူတာကျောင်းမှထွက်လာသော စစ်ကားသုံးစီးအား ဆားလင်းကြီးမြို့နယ် စပယ်အိမ်ယာအနီး ယနေ့မနက် မိုင်းဆွဲတိုက်ခိုက်ခံရ
မေလ ၄ ရက်နေ့ မနက် ၅ နာရီအချိန် မုံရွာကွန်ပျူတာကျောင်းမှထွက်လာသော စစ်ကားအကြီး သုံးစီးကို စပယ်အိမ်ယာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။
"ချင်းတွင်းရိုးမ မဟာမိတ်တပ်ဖွဲ့နှင့် အက်ဖာ ညီနောင် PDF အဖွဲ့ မှ မိုင်းဆွဲတိုက်ခိုက်ရာ ကားတစီးဖင်ထောင်လဲကြတဲ့အထိ တိုက်ခိုက်လိုက်နိုင်ပါတယ်"လို့ ဆိုပါတယ်။
ထိခိုက်ကျဆုံးမှုစာရင်းမသိရသေးသလို၊လတ်တလောမှာ ဝမ်ပေါင်အခပမှ စကစတပ်များ ရဲများ လက်နက်ကြီးများဖြင့်ရမ်းပစ်ခတ်ခဲ့မှုကြောင့်ဒေသခံပြည်သူများဟာ အိမ်ယာစွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
========================
📌📌ဘုတလင်မြို့နယ်၊ အုတ်ဖိုလ်ရွာသား ၉ ယောက်နဲ့ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာသား ၅ ယောက်တို့ကို စစ်ကောင်စီက အကြမ်း ဖက်ပစ်သတ်ခဲ့ တဲ့သတင်းကို တင်ပြပေးပါ့မယ်
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အုတ်ဖိုလ်ရွာသား ၉ ယောက်နဲ့ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာသား ၅ ယောက်တို့ကို မေလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ စစ်သားတွေသတ်ဖြတ်ခဲ့တဲ့အထဲမှာ အသက် ၆၀ နဲ့အထက်သက်ကြီးရွယ်အိုတွေလည်းပါဝင်ခဲ့ပြီး မေလ ၃ ရက်နေ့မှာ သူတို့အတွက် ဈာပနကို ဒေသတွင်း PDF တွေက ဆောင်ရွက်ပေးခဲ့ပါတယ်။ အုတ်ဖိုလ်ရွာသားတွေက သက်ကြီးရွယ်အိုတွေအန္တရာယ်ကင်းအောင် ဘုရားလေးကုန်း၊ ရသေ့ကျောင်းမှာ မိဘတွေကိုသွားထားခဲ့ပေမယ့် စစ်သားတွေက ဘုရားရိပ်တရားရိပ်မှာ အကြမ်းဖက်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ အသတ်ခံခဲ့ရတဲ့ အဘိုးရဲ့သားက အခုလိုပြောပါတယ်။
(ဖခင်အသတ်ခံခဲ့ရတဲ့ အုတ်ဖိုလ်ရွာသားတစ်ဦး)
စစ်ကောင်စီက အကြမ်းဖက်တာကြောင့် စစ်ကိုင်းတိုင်းထဲက ရွာတိုင်းလိုလို ရိက္ခာပြတ်ပြီး အခက်အခဲတွေ့နေရတယ်လို့ မင်းကင်းမြို့နယ်၊ မဟူရာကျောက်စိမ်းအဖွဲ့ အမျိုးသမီးခေါင်းဆောင်တစ်ယောက်က အခုလိုပြောဆိုထားပါတယ်။
(မင်းကင်း၊ မဟူရာကျောက်စိမ်းအဖွဲ့၊ အမျိုးသမီးခေါင်းဆောင်)
စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက ပြည်သူတွေရပ်တည်လို့မရအောင် နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးနေတာပါ။ သင်္ဃန်းဝတ် သံဃာအတုအယောင်တွေကို ဒေသတွင်းစေလွှတ်ပြီး PDF တွေရဲ့သတင်းတွေကို စုံစမ်းခိုင်းတာ၊ ဘာသာရေးလူမျိုးရေးမှိုင်းတိုက်တာတွေကိုလည်းပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment