5th MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်း
📌နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်ဟောင်း ဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာပေးရတယ်ဆိုတဲ့အမှုကို ပြင်ဆင်မှုတက်ရာတွင် စကစခန့်တရားလွှတ်တော်ချုပ်ကပယ်ချ
📌တော်လှန်ရေးအတွင်းက တော်လှန်ရေးများကို နားမလည်၊ လက်မခံတာမျိုးတွေက ပင်မတော်လှန်ရေးအင်အားစုတွေအကြား သွေးကွဲမှုတွေဖြစ်တတ်စေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသတိပေးပြောကြား
📌ရန်ကုန် နန်းထိုက်အောင်စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးအဖွဲ့များထံ Click 2donate မှ ငွေကျပ်သိန်းပေါင်း ၁၃၀၀ စတင်ဖြန့်ဝေ
📌ပတ္တမြား နားကပ် ကံစမ်းမဲလက်မှတ်ရောင်းရငွေများအားလုံး တော်လှန်ရေးအဖွဲ့အစည်းများကို ပြန်လည်ထောက်ပံ့မှာဖြစ်တယ်လို့ ဟားငါးကောင်အဖွဲ့ဆို

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့သတင်းရရှိပါတယ်။ မေလ ၄ ရက်နေ့မှာ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၂၂) နဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။

အဆိုပါအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင်သူများမှာ

(၁) ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(၂) ပြည်ထောင်စုဝန်ကြီး ဒုတိယဥက္ကဋ္ဌ
ကာကွယ်ရေးဝန်ကြီးဌာန
(၃) ပြည်ထောင်စုဝန်ကြီး ဒုတိယဥက္ကဋ္ဌ
တရားရေးဝန်ကြီးဌာန
(၄) ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်
နိုင်ငံခြားရေးဝန်ကြီးဌာန
(၅) ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန
(၆) ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာန
(၇) ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန
(၈) ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်
လူ့အခွင့်အရေးဝန်ကြီးဌာန
(၉) ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်
ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာန
(၁၀) ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
(၁၁) ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်
စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(၁၂) အရာရှိကြီး တစ်ဦး အဖွဲ့ဝင်
ကာကွယ်ရေးဝန်ကြီးဌာန
(၁၃) အရာရှိကြီး တစ်ဦး အဖွဲ့ဝင်
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(၁၄) ဒုတိယဝန်ကြီး အတွင်းရေးမှူး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(၁၅) ညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး ၁
ကာကွယ်ရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့
(၁၆) ညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး ၂
စီးပွားရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့တို့ပါရှိမှာဖြစ်ပါတယ်။

=======================

📌📌နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်ဟောင်း ဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာပေးရတယ်ဆိုတဲ့အမှုကို ပြင်ဆင်မှုတက်ရာတွင် စကစခန့်တရားလွှတ်တော်ချုပ်ကပယ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးချုပ်ဟောင်း ဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာပေးရတယ်ဆိုတဲ့အမှုကို ပြင်ဆင်မှုတက်ရာတွင် စကစခန့်တရားလွှတ်တော်ချုပ်က ပယ်ချလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကသတင်းရရှိပါတယ်။ မေလ ၄ ရက်နေ့မှာ ပြင်ဆင်မှုတက်တဲ့အမှုကို စကစခန့် တရားလွှတ်တော်ချုပ်က ပယ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိဿာ ယူတယ်လို့တရားရုံးမှာ ဝန်ကြီးချုပ်ဟောင်းကိုယ်တိုင်ထွက်ဆိုခဲ့တဲ့ အမှုကိုပယ်ချလိုက်တာလည်းဖြစ်ပါတယ်။ အဆိုပါအမှုကို ဧပြီ ၂၇ ရက်နေ့က ထောင်ဒဏ် ၅ နှစ် မတရားချမှတ်ထားတာလည်းဖြစ်ပါတယ်။

"ရာဇဝတ်ပြင်ဆင်မှုတက်တာကို ပယ်ချလိုက်တော့ မူလအမိန့်ချထားတာအတည်ဖြစ်သွားတာပေါ့"လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွှေနဲ့ ဒေါ်လာတွေပေးရတယ်ဆိုတဲ့အမှုနဲ့ပတ်သတ်လို့ မဟုတ်တန်းတရား စွပ်စွဲမှုလို့ ရုံးတော်မှာထွက်ဆိုခဲ့ပါတယ်။

========================

📌📌တော်လှန်ရေးအတွင်းက တော်လှန်ရေးများကို နားမလည်၊ လက်မခံတာမျိုးတွေက ပင်မတော်လှန်ရေးအင်အားစုတွေအကြား သွေးကွဲမှုတွေဖြစ်တတ်စေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသတိပေးပြောကြား

တော်လှန်ရေးအတွင်းက တော်လှန်ရေးများကို နားမလည်၊ လက်မခံတာမျိုးတွေက ပင်မတော်လှန်ရေးအင်အားစုတွေအကြား သွေးကွဲမှုတွေဖြစ်တတ်စေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသတိပေးပြောကြားလိုက်ပါတယ်။ မေလ ၄ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး အောင်မျိုးမင်းကတော်လှန်ရေးနဲ့ပတ်သတ်လို့ လူမှုကွန်ရက်မှာ ရှင်းလင်းရေးသားခဲ့ပါတယ်။

"Struggles within Struggle" တော်လှန်ရေးအတွင်းက တော်လှန်ရေးများဆိုတာ ပင်မတော်လှန်ရေးကို ဆင်နွဲနေရင်းနဲ့ ပြောင်းလဲသင့်တဲ့အရာတွေကို ဖော်ဆောင်ခြင်းဖြစ်တယ်။ ပင်မတော်လှန်ရေးကို မထိခိုက်စေဘဲ တော်လှန်ရေးရဲ့ အင်အားကို ပိုကောင်းစေတယ်။ တော်လှန်ရေးအလွန်ကာလအထိ အကျိုးဖြစ်ထွန်းစေတယ်။တော်လှန်ရေးအတွင်းက တော်လှန်ရေးများကို နားမလည်တာတွေ၊ လက်မခံတာမျိုးတွေကသာ ပင်မတော်လှန်ရေးအင်အားစုတွေအကြား သွေးကွဲမှုတွေဖြစ်တတ်စေတယ်။ တော်လှန်ရေးအလွန်ကာလအထိ ပြသနာတွေကို သယ်ဆောင်သွားတတ်စေတယ်"လို့ဝန်ကြီးကဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပတ်သတ်လို့ဝေဖန်ထောက်ပြတာတွေကို နားလည်လက်ခံတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်းဆိုထားပါတယ်။ လက်ရှိမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့နဲ့ အရပ်ဘက်အဖွဲ့အစည်းအချို့က အမျိုးသားညီညွတ်ရေးအစိုးရအပေါ် ဝေဖန်ထောက်ပြမှုတချို့ရှိနေခဲ့ပါတယ်။

========================

📌📌ရန်ကုန် နန်းထိုက်အောင်စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးအဖွဲ့များထံ Click 2donate မှ ငွေကျပ်သိန်းပေါင်း ၁၃၀၀ စတင်ဖြန့်ဝေ

ရန်ကုန် နန်းထိုက်အောင်စစ်ဆင်ရေးအပါအဝင် တော်လှန်ရေးအဖွဲ့များထံ Click 2donate မှ ငွေကျပ်သိန်းပေါင်း ၁၃၀၀ စတင်ဖြန့်ဝေနေပြီလို့သတင်းရရှိပါတယ်။ မေလ ၄ ရက်နေ့မှာ တော်လှန်ရေးအဖွဲ့များထံ ထောက်ပံငွေများ စတင်ကူညီနေပြီဖြစ်ကြောင်း Click2donate မှဆိုပါတယ်။

"မတ်လ ရငွေတွေကို ဖြန့်ဝေနေပါပြီခင်ဗျာ။ ပထမဆုံးအနေနဲ့ ရန်ကုန် နန်းထိုက်အောင်စစ်ဆင်ရေး သိန်းငါးရာ၊ မန်းလေး UG တွေဆီသိန်းငါးရာ ၊ မင်းတပ် ကန်ပက်လက် မတူပီ ချင်းသုံးဖွဲ့အတွက် သိန်း နှစ်ရာစီ နဲ့ BPLA သိန်းတစ်ရာ စပို့ထားပါပြီ။ ကျန်တဲ့အဖွဲ့တွေဆီကိုလဲ ပို့နေပေမယ့် လုံခြုံရေးအရ အကုန်ပြီးမှပဲကြေညာပါ့မယ်"လို့ ဆိုထားပါတယ်။

CLICK2DONATE APP ဟာကူးယူ၍ တော်လှန်ရေးအဖွဲ့များအတွက် ရန်ပုံငွေရရှိရန် ကလစ်နှိပ်ပေးရခြင်းဖြစ်ပါတယ်။ ၄င်းဟာအင်မတန်လွယ်ကူရိုးရှင်းပြီး တစ်နေ့ကို နာရီဝက် သုံးခါလောက်အချိန်လေးပေးယုံနဲ့ PDFတွေအတွက် သိန်းပေါင်း သောင်းနဲ့ချီပြီးရှာပေးနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း အလှူငွေများများရရှိဖို့ နေ့စဉ်ကလစ်နှိပ်သူလူပေါင်းတစ်သိန်း ရှိဖို့လိုအပ်တယ်လို့သိရပါတယ်။

========================

📌📌ပတ္တမြား နားကပ် ကံစမ်းမဲလက်မှတ်ရောင်းရငွေများအားလုံး တော်လှန်ရေးအဖွဲ့အစည်းများကို ပြန်လည်ထောက်ပံ့မှာဖြစ်တယ်လို့ ဟားငါးကောင်အဖွဲ့ဆို

ပတ္တမြား နားကပ် ကံစမ်းမဲလက်မှတ်ရောင်းရငွေများအားလုံး တော်လှန်ရေးအဖွဲ့အစည်းများကို ပြန်လည်ထောက်ပံ့မှာဖြစ်တယ်လို့ ဟားငါးကောင်အဖွဲ့ကဆိုပါတယ်။ မေလ ၄ ရက်နေ့မှာ ပတ္တမြား နားကပ် ကံစမ်းမဲလက်မှတ်ရောင်းချရာမှာ ဟားငါးကောင်အဖွဲ့က လူရွှင်တော် တိုင်းကျော်ကဆိုပါတယ်။

"အခုဆိုရင် ငွေကျပ် ၁၂ သိန်းဖိုး ကံစမ်းမဲလက်မှတ်ဝယ်ပြီးထားတဲ့သူကပဲ မဲလက်မှတ်လည်းသူမယူဘူး ပြန်လှူတယ်ပေါ့။ အဲဒီလို လှူထားတဲ့သူလည်းရှိပါတယ်။ ဒီရောင်းရတဲ့ ကံစမ်းမဲလက်မှတ်ဖိုးတွေကို တော်လှန်ရေးအဖွဲ့အစည်းတွေဆီအတိအကျ ပြန်လည် စီးဆင်းမှာဖြစ်ပါတယ်"လို့ လူရွှင်တော်တိုင်းကျော်ကဆိုပါတယ်။

ယခင်ကလည်း မိုးဗြဲရှိတော်လှန်ရေးအဖွဲ့အစည်း၆ဖွဲ့သို့ ၁ဖွဲ့လျှင်ငွေကျပ်သိန်း၅၀နဲ့ ၆ဖွဲ့ကိုသိန်း၃၀၀ အားအမျိုးသားညီညွတ်ရေးအစိုးရထံမှတဆင့်ပေးပို့ခဲ့တယ်လို့ ဟားငါးကောင်အဖွဲ့ကဆိုပါတယ်။

လက်ရှိ ပတ္တမြား နားကပ် တရံကံစမ်းမဲ လက်မှတ်များကို
- မြန်မာငွေ ၁၀၀၀၀ ကျပ်
- ထိုင်းဘတ် ၂၀၀- စင်ကာပူဒေါ်လာ ၁၀
- မလေးရှား ၁၅ RM ဖြင့်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဟားငါးကောင် Page Messenger မှာသာ လာရောက်ဝယ်ယူနိုင်မယ်လို့သိရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment