၂၀၂၂ မေလ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌ပြည်သူ့ရှေ့မှောက်မှာ စစ်အာဏာရှင်တွေ ဒူးထောက်အညံ့ခံရတဲ့ အချိန်အထိ တိုက်ခိုက်ကြမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
📌တစ်နှစ်တာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက အစီရင်ခံစာ ၁၁ ခုအထိ ထုတ်ပြန်နိုင်ခဲ့
📌ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေအတွက် PVTV ရဲ့ Youtube Channelက ရတဲ့ဝင်ငွေနဲ့ NUG Bond တွေကို တစ်လလျှင် (၃) ဦးနှုန်းဝယ်ယူပေးသွားမယ်
📌PDF ဆိုတာပြည်သူ့ရဲ့ မေတ္တာတရားနဲ့ သားစဉ်မြေးဆက်လိပ်ပြာလှနေကြမဲ့ ကြီးမြတ်ထည်ဝါလူသားတွေလို့ ကိုမင်းကိုနိုင်က မှတ်ချက်ပြု တင်စား
📌Federal Wings အဖွဲ့က စစ်သုံးဒရုန်းနဲ့ ဗုံးအကြီးစားများကို တိုက်ပွဲဝင်အဆင့်အတန်းကို ရောက်ရှိနေပြီလို့ အတိအလင်းထုတ်ပြန်ပြသ
📌ကနီမြို့နယ်၊ ဝင်မနားစခန်းကို စကစတပ်များ စွန့်ခွာထွက်ပြေး
📌ပေါက်မြို့နယ်ထဲမှာ ကျေးရွာ ၂၅ ရွာက အိမ်ခြေတစ်ထောင်ကျော်မီးရှို့ခံထားရပြီး ပြည်သူ ၃ သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့သတင်းကိုတင်ပြပေးပါ့မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ပြည်သူ့ရှေ့မှောက်မှာ စစ်အာဏာရှင်တွေ ဒူးထောက်အညံ့ခံရတဲ့ အချိန်အထိ တိုက်ခိုက်ကြမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
ရန်သူကို အနားမပေးဘဲ ပြည်သူ့ရှေ့မှောက်မှာ စစ်အာဏာရှင်တွေ ဒူးထောက်အညံ့ခံရတဲ့အချိန်အထိ အဆက်မပြတ် အရှိန်မြှင့် တိုက်ခိုက်ကြမယ်လို့ မေလ ၅ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့် အမှာစကားမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့တာပါ။
"အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို တည်ထောင်တာ တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်တယ်။ ဒီတစ်နှစ်ဆိုတဲ့ အချိန်အတွင်း ဂုဏ်ရောင်ပြောင်တဲ့ တပ်မတော်သစ်တစ်ခုကို တည်ထောင် ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရွံရွံချွံချွံ ဆင်နွှဲနေကြတဲ့ ရဲဘော်တစ်ယောက် ချင်းစီတိုင်းကို ဦးညွှတ် အလေးပြုလိုက်ပါတယ်။ ဒီနေ့၊ ဒီရက်မှာ ငါတို့အထူးသတိရနေမိတာက တော်လှန်ရေးအတွင်းကျဆုံးခဲ့တဲ့ရဲဘော်တွေ၊ ခြေလက် အင်္ဂါစွန့်လှူခဲ့ရတဲ့ရဲဘော်တွေကိုပဲဖြစ်တယ်။ သူတို့အားလုံးဟာ ပြည်သူ့သူရဲကောင်းတွေအဖြစ် အစဉ်အမြဲ မော်ကွန်းတင် ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ။ ရဲဘော်တို့ရဲ့ စွမ်းဆောင်မှုကြောင့် တစ်နေ့တခြားအင်အားပြုန်းတီးနေတဲ့ စစ်ကောင်စီ တပ်ဟာ စိတ်ဓာတ်အရလည်း ဖရိုဖရဲပြိုကွဲနေပြီဆိုတာ သိသာတယ်။ ဒီအချိန်မှာ ရန်သူကို အနားမပေးဘဲ ပြည်သူ့ရှေ့မှောက်မှာ စစ်အာဏာရှင်တွေ ဒူးထောက်အညံ့ခံရတဲ့အချိန်အထိ အဆက်မပြတ် အရှိန်မြှင့် တိုက်ခိုက်ကြဖို့ အချိန်ဟာ ရောက်ရှိလာပြီ"လို့ဝန်ကြီးကဆိုပါတယ်။
"မုဆိုးစိုင်သင်ဆိုသလိုပဲ PDF ရဲဘော်များအနေနဲ့ တစ်နှစ်အတွင်း ထိုက်သင့်တဲ့ စစ်ရေးအတွေ့အကြုံ၊ စစ်ရေးအတတ်ပညာများလည်း ဆည်းပူးရရှိထားပြီး ဖြစ်တယ်။ ပျောက်ကြားစစ်၊ လှုပ်ရှားစစ်အရာမှာ ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး ရန်သူကို အထိနာအောင် တိုက်ခိုက်နိုင်တဲ့ ရဲဘော်တွေဖြစ်လာပြီလို့လည်း ယုံကြည်တယ်"လို့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကထပ်မံဆိုပါတယ်။
========================
📌📌တစ်နှစ်တာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက အစီရင်ခံစာ ၁၁ ခုအထိ ထုတ်ပြန်နိုင်ခဲ့
တစ်နှစ်တာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက အစီရင်ခံစာ ၁၁ခုအထိထုတ်ပြန်နိုင်ခဲ့တယ်လို့ မေလ ၅ ရက်နေ့မှာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးက လူမှုကွန်ရက်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
"လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းစဥ် (၄) ရပ်ဖြစ်တဲ့
(၁) လူ့အခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင်ခြင်း၊
(၂) ချိုးဖောက်သူများအား အရေးယူနိုင်ရန် နိုင်ငံတကာကို စည်းရုံးလှုံ့ဆော်ခြင်း
(၃) လူ့အခွင့်အရေး ပညာပေးလှုံ့ဆော်ခြင်၊၊
(၄) လူ့အခွင့်အရေးနှင့်ကိုက်ညီသည့် မူဝါဒ ပေါ်လစီများ ပေါ်ပေါက်လာစေရန် လုပ်ဆောင်ခြင်း စတဲ့လုပ်ငန်းစဥ်များကို တစ်နှစ်တာအတွင်းအကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး ပြည်သူလူထုထံ အစီရင်ခံတင်ပြချက်ပါ။ဝေဖန်အကြံပြုနိုင်ပါတယ်"လို့ ဝန်ကြီးကဆိုထားပါတယ်။
========================
📌📌ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေအတွက် PVTV ရဲ့ Youtube Channelက ရတဲ့ဝင်ငွေနဲ့ NUG Bond တွေကို တစ်လလျှင် (၃) ဦးနှုန်းဝယ်ယူပေးသွားမယ်
အဆိုပါအစီအစဥ်အား “ဒို့ … နွေဦးသူရဲ့ကောင်းများအတွက် ငွေတိုက်စာချုပ်” အမည်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့ဖြစ်တဲ့ ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့မှာ စတင်လိုက်တာဖြစ်ပါတယ်။
ယင်းအစီအစဥ်ကို ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန(MOPFI) နှင့် Public Voice Television(PVTV) တို့ ပူးပေါင်းပြီး ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာ အသက်ပေးခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေကို ဂုဏ်ပြုမှတ်တမ်းတင်ဖို့နဲ့ ကျန်ရစ်သူမိသားစုတွေရဲ့ အစားထိုး မရတဲ့ ဆုံးရှုံးမှုအတွက် တစ်စုံတစ်ရာ ဖြေသိမ့်ပေးနိုင်ဖို့အတွက် လုပ်ဆောင်ပေးခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
ဝယ်ယူပေးချင်ကြသူတွေရှိပါက https://facebook.com/ourspringheroes Facebook Page ၏ Messenger မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ကျဆုံးခဲ့တဲ့ နွေဦးသူရဲကောင်းရဲ့ တော်လှန်ရေးအမည်ပါဝင်တဲ့ Bond စာချုပ်ကို အလှူရှင်ထံ ပေးပို့ပေးသွားမှာဖြစ်ပါတယ်။
========================
📌📌PDF ဆိုတာပြည်သူ့ရဲ့ မေတ္တာတရားနဲ့ သားစဉ်မြေးဆက်လိပ်ပြာလှနေကြမဲ့ ကြီးမြတ်ထည်ဝါလူသားတွေလို့ ကိုမင်းကိုနိုင်က မှတ်ချက်ပြု တင်စား
မေလ ၅ ရက်နေ့ မှာ PDFအတွက် မွေးနေ့လက်ဆောင် ဆိုတဲ့ ခေါင်းစဥ်နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကို မင်းကိုနိုင်က ရေးသားရာမှာထည့်သွင်း ပြောကြားခဲ့ဒါကတော့ PDF ဆိုတာပြည်သူ့ရဲ့ မေတ္တာတရားနဲ့သားစဉ်မြေးဆက်လိပ်ပြာလှနေကြမယ့် ကြီးမြတ်ထည်ဝါလူသားတွေလို့ ကိုမင်းကိုနိုင်က မှတ်ချက်ပြု တင်စားလိုက်ပါတယ်။
သူတို့ပြည်သူနှင့်အတူယုံထားတာတခုရှိသည်။“တော်လှန်လမ်းဟာ သဘာဝအလျောက် ကောက်ကွေ့ချင်ကွေ့မယ် စိတ်တွေကတော့အဖြောင့်”ခြေဗလာလက်ဗလာဖြင့်စခဲ့သောသူတို့၏စုဖွဲ့မှုများအခု (၁) နှစ်ပြည့်ပြီ။ ယနေ့ သူတို့မွေးနေ့ဆန်ကြမ်းထမင်းကို Birthday ကိတ်လုပ်ပြီး ရောင့်ရဲပြ ၊စိန်ခေါ်သံကိုပြန်ထူးပြသည့်သူတို့ကဘာမျှမတောင်းဆိုသော်လည်းသူတို့ချစ်သောပြည်သူတွေဆီက မွေးနေ့လက်ဆောင်ပေးမည်ဆိုလျင် သူတို့ဘာများလိုချင်ရှာပါလိမ့်"လို့ဆိုထားပါတယ်။
၂၀၂၁ ခုနှစ်မေလ ၅ ရက်နေ့မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စတင်ဖွဲ့စည်းကာ လူငယ်များ၊ကျောင်းသားများ၊ပြည်သူများ စတဲ့ နိုင်ငံသားများစွာနဲ့ စတင်ဖွဲ့စည်းကာ စစ်သင်တန်းများတက်ရောက်ခဲ့ကြပါတယ်။ လက်ရှိမှာ PDF နဲ့ ညီနောင် တပ်ရင်းတပ်ဖွဲ့ ၂၅၈ ရင်းဖွဲ့စည်းပြီးဖြစ်ကာ၁၀၁ရင်းကို ကာကွယ်ရေးဝန်ကြီးဌာနက စီစစ်အတည်ပြုပြီးဖြစ်ပါတယ်။
========================
📌📌Federal Wings အဖွဲ့က စစ်သုံးဒရုန်းနဲ့ ဗုံးအကြီးစားများကို တိုက်ပွဲဝင်အဆင့်အတန်းကို ရောက်ရှိနေပြီလို့ အတိအလင်းထုတ်ပြန်ပြသ
"အာဏာရှင်စစ်တပ်ကို တိုက်ထုတ်နိုင်ရေးအတွက် Federal Wings တွေ တိတ်တဆိတ်လှုပ်ရှားနေခဲ့ကြတာ နှစ်ပေါက်လုမတတ်ကြာမြင့်နေပါပြီ။လျှို့ဝှက်လှုပ်ရှားနေတဲ့ Project တွေအောင်မြင်လာပြီး ယခုအခါမှာ တိုက်ပွဲဝင်အဆင့်အတန်းကိုရောက်ရှိနေပြီဖြစ်တာကြောင့် Public ကိုထွက်လာခြင်းဖြစ်ပါတယ်။တိုက်ပွဲနယ်မြေ နေရာအနှံ့အပြားမှာ တိုင်းရင်းသားတပ်ဖွဲ့တွေ PDF တပ်ဖွဲ့တွေနဲ့အတူ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းအောင်ဆန်းPDFမှလည်း ဒရုန်းတွင် ဗုံးချိတ်၍ တိုက်ပွဲများဆင်နွှဲလျက်ရှိကာ စကစတပ်များအထိနာသေဆုံးလျက်ရှိနေပါတယ်။
========================
📌📌ကနီမြို့နယ်၊ ဝင်မနားစခန်းကို စကစတပ်များ စွန့်ခွာထွက်ပြေး
မေလ ၄ ရက်နေ့တွင်ယခင်က ၂ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရတဲ့ စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ဝင်းမနားစခန်းမှ စကစတပ်များစခန်းစွန့်ခွာထွက်ပြေးခဲ့တယ်လို့ MDF PDFကထုတ်ပြန်ပါတယ်။
နယ်မြေရှင်းလင်းရေးကို MDF - PDF နှင့် KPDF မှလုပ်ဆောင်ခဲ့ပြီး စကစတပ်များ ထောင်ထားခဲ့သောမြေပြင်မိုင်း ငါးလုံး ပေါက်ကွဲခဲ့ပါတယ်။
PDF များနယ်မြေရှင်းလင်းရေး မပြုလုပ်ခင် စခန်းအတွင်းသို့ဝင်ရောက်ခဲ့သော ပြည်သူနှစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကျဆုံးအထိခိုက် တစုံတရာမရှိခဲ့ဘူးလို့သိရပါတယ်။
အဆိုပါ စခန်းကို MDF - PDF နှင့် KPDF မှ စခများထပ်မံတပ်မစွဲနိုင်တော့အောင် ပြာပုံအဖြစ်သို့ပြောင်းလဲခဲ့တယ်လို့MDF - PDF တပ်ရင်း 1.ကဆိုပါတယ်။
========================
📌📌ပေါက်မြို့နယ်ထဲမှာ ကျေးရွာ ၂၅ ရွာက အိမ်ခြေတစ်ထောင်ကျော်မီးရှို့ခံထားရပြီး ပြည်သူ ၃ သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့သတင်းကိုတင်ပြပေးပါ့မယ်
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီက ကျေးရွာပေါင်း ၂၅ ရွာက အိမ်ခြေတစ်ထောင်ကျော်အထိမီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒေသခံပြည်သူ ၃ သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး စားဝတ်နေရေးခက်ခဲနေပါတယ်။ မေလဆန်းမှာ ကပစ တွဲကားသုံးစီးကို ဖောက်ခွဲပြီး စစ်သား ၇ ယောက်ကို ဒေသတွင်း PDF တွေက ရှင်းလင်းခဲ့တာကြောင့် အနီးနားရွာတွေကို စစ်ကောင်စီက အကြမ်း ဖက်မီးရှို့နေတာဖြစ်ပါတယ်။
(ပေါက်မြို့နယ်ဒေသခံတစ်ဦး)
အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်း၊ ချင်းနဲ့ မကွေးတိုင်းတို့မှာ PDF တွေ အားကောင်းလာပေမယ့် စစ်ကောင်စီဘက်ကလည်း အလျှော့မပေးဘဲ အကြမ်းဖက်မှုတွေ ဆက်လုပ်နေတာပါ။ မေလ ၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားရဲစခန်းကို PDF တွေ ဝင်ရောက်ချိန်မှာ စစ်သားတွေထောင် ထားခဲ့တဲ့ မိုင်းတွေကိုနင်းမိပြီး PDF ၂ ယောက် ခြေထောက်ဖြတ်ရမယ့်အထိ ဒဏ်ရာရခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးကနီဒေသခံတစ်ဦးကအခုလို ပြောထားပါတယ်
(ကနီဒေသခံတစ်ဦး)
ကနီမြို့နယ်၊ ဝင်မနားရဲစခန်းမှာ စစ်သား၊ ရဲနဲ့မိသားစုဝင် စုစုပေါင်း ၈၀လောက်နေထိုင်တပ်စွဲခဲ့တာပါ။ PDF က စခန်းသိမ်းတိုက်ပွဲဆင်နွှဲဖို့ကြိုးစားချိန်မှာ စခန်းကို မီးရှို့ဖျက်ဆီးပြီး တပ်စွဲထားသူအားလုံးထွက်ပြေးခဲ့ပါတယ်။ ထွက်မပြေးခင်မှာ စခန်းပတ်ချာလည် နင်းမိုင်းတွေထောင်ထားခဲ့တာကြောင့် PDF ၂ ယောက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ PDF တွေက ဝင်မနားရဲစခန်းကို သုံးကြိမ်မြောက်တိုက်ခိုက်ပြီးမှ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment