၂၀၂၂ မေလ ၆ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌နွေဦးတော်လှန်ရေးကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သွင်းသင်ကြားသွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော
📌မြေပြင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ တိုးမြင့်လုပ်ဆောင်လာနိုင်သည့်အတွက် နိုင်ငံတကာမှ NUG အစိုးရအား အသိအမှတ်ပြုမှုများ ပြုလုပ်နိုင်ရန် ဆက်သွယ်လာနေကြပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးပြောကြား
📌ဆိုးရွားလွန်းတဲ့ဖြစ်ရပ်တွေကြောင့် ပြည်သူလူထုကိုယ်တိုင် လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်လိုက် ခြင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဆို
📌ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၃၀၆၂) ဦး သေဆုံးခဲ့
📌ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင် လျက်ရှိတဲ့ သံရုံးဝန်ထမ်း CDM တွင်ပါဝင်လာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌နွေဦးတော်လှန်ရေးကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သွင်းသင်ကြားသွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော
နွေဦးတော်လှန်ရေးကို ကျောင်းသင်ခန်းစာတွေထဲမှာ ထည့်သွင်းသင်ကြားသွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။ မေလ ၅ ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ ဆောင်ရွက်တာမှာ အားလုံးပါဝင်တဲ့ တော်လှန်ရေးဖြစ်ပါတယ်။ဒီတော်လှန်ရေးဟာ အနာဂါတ်ပြည်ထောင်စုမှာ မြန်မာနိုင်ငံရဲ့သမိုင်းတွင် ကျန်ရစ်မှာဖြစ်ပါတယ်။ကျောင်းသင်ခန်းစာတွေမှာလည်း ထည့်သွင်းပြီးသင်ကြားသွားမှာဖြစ်ပါတယ်"လို့ယာယီသမ္မတ ကဆိုပါတယ်။
၂၀၂၁ခု နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အကြောင်းပြလို့နိုင်ငံတော်အာဏာကိုမတရားသိမ်းယူခဲ့ပါတယ်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်းကာ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ပေါ်ပေါက်လာခဲ့ပါတယ်။
=======================
📌📌မြေပြင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ တိုးမြင့်လုပ်ဆောင်လာနိုင်သည့်အတွက် နိုင်ငံတကာမှ NUG အစိုးရအား အသိအမှတ်ပြုမှုများ ပြုလုပ်နိုင်ရန် ဆက်သွယ်လာနေကြပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးပြောကြား
မြေပြင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ တိုးမြင့်လုပ်ဆောင်လာနိုင်သည့်အတွက် နိုင်ငံတကာမှ NUG အစိုးရအား အသိအမှတ်ပြုမှုများ ပြုလုပ်နိုင်ရန် ဆက်သွယ်လာနေကြပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကအသိပြောကြားလိုက်ပါတယ်။ မေလ ၅ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး (၁၀/၂၀၂၂)မှာဝန်ကြီးချုပ်ကပြောကြားခဲ့တာပါ။
"ကြားကာလအုပ်ချုပ်ရေးလုပ်ငန်းများသည် မြေပြင်မှာ ပိုမိုသက်ဝင်လှုပ်ရှားနေပြီဖြစ်ကြောင်း၊ အခက်အခဲအမျိုးမျိုးကြားမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီး အဖွဲ့ဝင်များက မြေပြင်တွင် ကြိုးပမ်းအားထုတ်လုပ်ဆောင်နေကြရာ ဝန်ကြီးဌာနများဘက်ကလည်း ပိုမိုခွန်အားစိုက် လုပ်ဆောင်သွားကြစေချင်ကြောင်း၊ ပြည်သူလူထု၏ လူမှုဘဝ လုံခြုံရေးက အထူးအရေးကြီး၍ အုပ်ချုပ်ရေးကိစ္စများ ဆောင်ရွက်ရာတွင် လုံခြုံရေးကဏ္ဍကိုလည်း အထူးအလေးထားပြီး ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မိမိတို့၏ မြေပြင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ တိုးမြင့်လုပ်ဆောင်လာနိုင်သည့်အတွက် နိုင်ငံတကာမှ NUG အစိုးရအား အသိအမှတ်ပြုမှုများ ပြုလုပ်နိုင်ရန် ဆက်သွယ်လာနေကြပြီဖြစ်ကြောင်း"ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် မြေပြင် လုပ်ငန်းအဖွဲ့များကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ကြရေး၊ လိုအပ်သည့် ဘတ်ဂျတ်များ လျာထားသတ်မှတ် ချထားပေးနိုင်ရေး၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီများ နှင့် တွေ့ဆုံမည့်အခြေအနေများ စသည်တို့ကို အကျယ်တဝန်း ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌ဆိုးရွားလွန်းတဲ့ဖြစ်ရပ်တွေကြောင့် ပြည်သူလူထုကိုယ်တိုင် လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်လိုက် ခြင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဆို
ဆိုးရွားလွန်းတဲ့ဖြစ်ရပ်တွေကြောင့် ပြည်သူလူထုကိုယ်တိုင် လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်လိုက် ခြင်းဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နိုင်ထူးအောင်ကဆိုလိုက်ပါတယ်။
မေလ ၅ ရက်နေ့ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း တစ်နှစ်ပြည့် စကားဝိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကဆိုခဲ့ပါတယ်။
"ဆိုးရွားလွန်းတဲ့ ဖြစ်ရပ်တွေကြောင့် ပြည်သူတွေက မဖြစ်မနေ ရွေးချယ်လိုက်ခြင်းကနေ လက်နက်ကိုင်တော်လှန်ရေး ဖြစ်လာတာ ဖြစ်ပါတယ်။ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ရှေ့မှာရှိခဲ့တဲ့ CDM တွေ၊ ဒီစီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုတွေ စစ်ကောင်စီရဲ ငွေရရာလမ်းကြောင်းဖြတ်တောက်တဲ့လုပ်ငန်းစဥ်တွေ၊ သပိတ်မှောက်မှုတွေ၊ ဘူးသပိတ်တွေ ဒါတွေကို ကျနော်တို့ကအစားထိုးသွားတာမဟုတ်ပါဘူး။တစ်ခုအားကနေ နှစ်ခုအား ထပ်ပေါင်းသွားတာပါ"လို့ဆိုပါတယ်။
၂၀၂၁ခု နှစ်မေလ ၅ ရက်နေ့မှာ စစ်အာဏာရှင်ကိုခုခံတွန်းလှန်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိမှာ တပ်ရင်းပေါင်း၂၅၀ ကျော်ရှိပြီဖြစ်ကာ ကာကွယ်ရေးဝန်ကြီးဌာနမှ ၁၀၁ ရင်းကို စီစစ်အတည်ပြုပြီးဖြစ်ပါတယ်။
========================
📌📌ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၃၀၆၂) ဦး သေဆုံးခဲ့
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၃၀၆၂) ဦး သေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ မေလ ၅ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စုဆောင်းရရှိထားသော အချက်အလက်များအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စစ်ကောင်စီတပ်သား (၁၃၀၆၂) ဦး သေဆုံးခဲ့ပြီး (၄၂၈၀) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ နိုင်ငံအဝှမ်း လှည်းနေ လှေအောက်မြင်းဇောင်းမကျန် စစ်အာဏာရှင်နစ်ကို ခုခံတွန်းလှန်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အင်းတော်၊ ကျွန်းလှ၊ ဝန်းသို၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ ဗန်းမော်၊ ပင်လည်ဘူး စတဲ့အမြို့နယ်များမှာ ကြားကာလအစီအစဥ်ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
========================
📌📌ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင် လျက်ရှိတဲ့ သံရုံးဝန်ထမ်း CDM တွင်ပါဝင်လာ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင် လျက်ရှိတဲ့ သံရုံးဝန်ထမ်း CDM တွင်ပါဝင်လာတယ်လို့သတင်းရရှိပါတယ်။ မေလ ၅ ရက်နေ့မှာ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင် လျက်ရှိတဲ့ သံရုံးဝန်ထမ်းဒေါ်မြသိင်္ဂီက တရားဝင်ပြောကြားခဲ့ပါတယ်။
"ကျွန်မ ဒေါ်မြသိင်္ဂီသည် ၂၀၂၀ ခုနှစ် ရွေးကောက်ခံအစိုးရ၏ စေလွှတ်မှုဖြင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် မြန်မာနိုင်ငံကိုယ်စားပြု သံဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။
ကျွန်မသည် မေလ ၃ ရက်နေ့မှစ၍ မိမိ မြန်မာနိုင်ငံတွင် မတရားအာဏာသိမ်းယူထားသည့် စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုသည့်ဆန္ဒမရှိခြင်း၊ နိုင်ငံတကာစာမျက်နှာတွင်လည်း အဆိုပါ တရားမဝင်စစ်အုပ်စုကို ကိုယ်စားပြုရန် ဆန္ဒမရှိခြင်း၊ ဒီမိုကရေစီပြန်လည်ရရှိရန်အတွက် ကြိုးပမ်းလျကိရှိသည့် မြန်မာနိုင်ငံပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ် နှိမ်နှင်းမှုများကို လုံးဝ လက်မခံနိုင်ခြင်းတို့ကြောင့် ကျွန်မသညိ အခြားသော CDM လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများနှင်အတူ ပြည်သူ့ဘက်မှ ရပ်တည်၍ Civil Disobedient Movement (CDM) တွင် ပါဝင်သွားမည် ဖြစ်ပါတယ်"လို့ ဆိုထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment