8th MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်တပ်ဆင်ရေးအပိုင်းတွင် လက်နက်များလိုက်လံဝေငှတာထက်ပိုတယ်လို့ ဝန်ကြီးဦးရည်မွန်ဆို
📌ကုလသမဂ္ဂ (OCHA) Ms. Joyce Msuya က NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့အား တွေ့ဆုံ
📌UG တွေအတွက် ဒုဝန်ကြီး အိသဉ္ဇာမောင် ဆွဲကြိုးကို ကံစမ်းမဲလတ်မှတ်ရောင်းချပေးရာ ပရော့ဂျက် ဒုတိယမြောက်နေ့မှာ သိန်း (၁၀၀) ပြည့်မီ
📌(MFDMC) ထောက်ပံ့အဖွဲ့ဝင်များ၏ လစဉ်ထောက်ပို့ငွေများထဲမှ ဒေသန္တရထုတ်လုပ်ရေးအတွက် မြန်မာငွေသိန်း၂၀၀ ကျပ်တိတိကို အမျိုးသားညီညွတ်ရေးအစိုးရမှတဆင့်ထောက်ပို့ခဲ့
📌မင်းအောင်လှိုင်အိမ်နဲ့ခြံ အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁ သန်းဖိုးအထိရောင်းချရ
📌စစ်ဘေးရှောင်တို့ ဘဝရပ်တည်ရေးအတွက်အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်တပ်ဆင်ရေးအပိုင်းတွင် လက်နက်များလိုက်လံဝေငှတာထက်ပိုတယ်လို့ ဝန်ကြီးဦးရည်မွန်ဆို

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို လက်နက်တပ်ဆင်ရေးအပိုင်းတွင် လက်နက်များလိုက်လံဝေငှတာထက်ပိုတယ်လို့ ဝန်ကြီးဦးရည်မွန်ဆိုပါတယ်။ မေလအတွင်း သတင်းဌာနနဲ့သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောကြားခဲ့ပါတယ်။

"လက်နက်တပ်ဆင်တယ်ဆိုတာ လက်နက်တွေကို လိုက်ဝေငှတာထက်ပိုပါတယ်။ ကျနော်တို့လက်နက်တပ်ဆင်မှုအပိုင်းမှာ အချက်သုံးချက်နဲ့ လက်နက်တပ်ဆင်ဆောင်ရွက်နေပါတယ်။ နံပါတ် တစ်အချက်အနေနဲ့ဆိုရင် လက်နက်တပ်ဆင်မဲ့ တပ်ရင်းတပ်ဖွဲ့စုဖွဲ့မှုဟာ အားကောင်းတဲ့စုဖွဲ့မှုမျိုးဖြစ်လာရင် လက်နက်တပ်ဆင်တယ်။ နံပါတ်နှစ်အချက်အနေနဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်မှာပါဝင်ဖို့လည်း သဘောထားရှိရမယ်။ နံပါတ်သုံးအချက်မှာ ဒီလိုစုဖွဲ့မှုရော၊ အမိန့်ပေးကွပ်ကဲစနစ်တည်ဆောက်မှုရော အဆင်သင့်ဖြစ်ပြီဆိုရင် မွမ်းမံသင်တန်းမျိုးပေးပြီးတော့ လက်နက်တပ်ဆင်တဲ့အပိုင်းကိုဆောင်ရွက်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စုဖွဲ့မှုတပ်ရင်းပေါင်း ၂၅၀ ကျော်ရှိပြီဖြစ်ကာ MOD မှ စီစစ်အတည်ပြုပြီးသော ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၁၀၁ ရင်းရှိပြီဖြစ်ပါတယ်။

=======================

📌📌ကုလသမဂ္ဂ (OCHA) Ms. Joyce Msuya က NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့အား တွေ့ဆုံ

ကုလသမဂ္ဂ (OCHA) Ms. Joyce Msuya က NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့အား တွေ့ဆုံခဲ့ပါတယ်။ ဒီလို့တွေ့ဆုံရာမှာကုလသမဂ္ဂ Assistant Secretary-General for Humanitarian Affairs and Deputy Emergency Relief Coordinator (OCHA) ဖြစ်သူ Ms. Joyce Msuya နှင့်အဖွဲ့ဟာ ၂၀၂၂ ခုနှစ်၊ မေလ (၆) ရက်နေ့က တက်ရောက်ခဲ့သော အာဆီယံ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့အား တွေ့ဆုံပြီး ပြန်လည်ရှင်းပြခဲ့ပါတယ်။ Ms. Joyce Msuya ၏ ရှင်းလင်းချက်အပေါ် တက်ရောက်သူများက အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။

ထိုတွေ့ဆုံပွဲတွင် အကြမ်းဖက်စစ်တပ်၏ ရက်စက်စွာ ဖိနှိပ်မှုများကြောင့် ပေါ်ပေါက်လာရသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေအတွက် အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း၊ NUG အစိုးရ အနေဖြင့် ဒုက္ခရောက်နေသော ပြည်သူများထံအရောက် နည်းလမ်းပေါင်းစုံဖြင့် အတတ်နိုင်ဆုံး ထောက်ပံ့ ကူညီပေး လျက် ရှိကြောင်း၊ သို့သော် ကုလသမဂ္ဂ အပါအဝင် အာဆီယံနှင့် နိုင်ငံတကာ၏ အကူအညီများ များစွာ လိုအပ်လျက် ရှိသေးကြောင်းနှင့် လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။

ဤအစည်းအဝေးကို မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်နှင့် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ၏ အကူအညီများကို ပေးအပ်ရာတွင် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ကျင့်ဝတ်များကို လိုက်နာလျက် စစ်ဘေးရှောင် ပြည်သူများ လက်ဝယ် အမှန်တကယ်ရောက်ရှိနိုင်ရေးသည် အရေးကြီးကြောင်းနှင့် ပြည်သူလူထုကို အခြေပြုသော ချဥ်းကပ်မှုများဖြင့် လက်တွေ့ အကောင်အထည်ဖော်နိုင်သော နည်းလမ်း မျိုးစုံကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။

========================

📌📌UG တွေအတွက် ဒုဝန်ကြီး အိသဉ္ဇာမောင် ဆွဲကြိုးကို ကံစမ်းမဲလတ်မှတ်ရောင်းချပေးရာ ပရော့ဂျက် ဒုတိယမြောက်နေ့မှာ သိန်း (၁၀၀) ပြည့်မီ

UG တွေအတွက် ဒုဝန်ကြီး အိသဉ္ဇာမောင် ဆွဲကြိုးကို ကံစမ်းမဲလတ်မှတ်ရောင်းချပေးရာ ပရော့ဂျက် ဒုတိယမြောက်နေ့မှာ သိန်း (၁၀၀) ပြည့်မီခဲ့တယ်လို့သတင်းရရှိပါတယ်။ မေလ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ဒုဝန်ကြီး အိသဉ္ဇာမောင် ကလူမှုကွန်ရက်မှာအသိပေးပြောကြားခဲ့ပါတယ်။

" မြေအောက်ခို (ယူဂျီ) တွေ အတွက် ပရော့ဂျက် ဒုတိယမြောက်နေ့မှာ သိန်း (၁၀၀) ပြည့်သွားပါပြီ။ ဒါပေမဲ့ ကန်ပိန်း ရက်လေးပြည့်အောင်တော့ ဆက်ပြီး ရောင်းပါမယ်ရှင်။ နိုင်ငံခြား က သူတွေလည်း ဝယ်လို့ရပါတယ်"လို့ဒုဝန်ကြီးကဆိုပါတယ်။

UG တွေ အတွက် ဒုဝန်ကြီးဆွဲကြိုးကို ကံစမ်းမဲလတ်မှတ်ပြုလုပ်၍ တစ်စောင် ကို မြန်မာငွေ နှစ်သောင်း နဲ့ရောင်းချပေးခြင်းဖြစ်ပါတယ်။ ၄င်း ကံစမ်းမဲလတ်မှတ်ရောင်းရငွေများကို ရန်ကုန် မြို့စစ်ဆင်ရေးအသစ်တခု အတွက် သိန်း (၁၀၀) ကုန်ကျစရိတ်ရှိမည်ဖြစ်၍ ပေးပို့ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

========================

📌📌(MFDMC) ထောက်ပံ့အဖွဲ့ဝင်များ၏ လစဉ်ထောက်ပို့ငွေများထဲမှ ဒေသန္တရထုတ်လုပ်ရေးအတွက် မြန်မာငွေသိန်း၂၀၀ ကျပ်တိတိကို အမျိုးသားညီညွတ်ရေးအစိုးရမှတဆင့်ထောက်ပို့ခဲ့

(MFDMC) ထောက်ပံ့အဖွဲ့ဝင်များ၏ လစဉ်ထောက်ပို့ငွေများထဲမှ ဒေသန္တရထုတ်လုပ်ရေးအတွက် မြန်မာငွေသိန်း၂၀၀ ကျပ်တိတိကို အမျိုးသားညီညွတ်ရေးအစိုးရမှတဆင့်ထောက်ပို့ခဲ့တယ်လို့သတင်းရရှိပါတယ်။

မေလ ၇ ရက်မှာ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထောက်ပံ့အဖွဲ့ဝင်များ၏ လစဉ်ထောက်ပို့ငွေများထဲမှ ဒေသန္တရထုတ်လုပ်ရေးအတွက် မြန်မာငွေသိန်း၂၀၀ ကျပ်တိတိကို ထောက်ပို့ခဲ့တယ်လို့ဆိုပါတယ်။

MFDMC ၏မူဝါဒအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနလမ်းညွှန်ချက်ဖြစ် မြေပြင်သို့တိုက်ရိုက် မြန်ဆန်တိကျစွာ ပေးပို့ဆောင်ရွက်ခဲ့ပြီး ထိရောက်သော ထောက်ပံ့မှုများကိုဆက်လက်ဆောင်ရွက် ပို့ဆောင်နေပါတယ်လို့ဆိုပါတယ်။ လက်ရှိမှာ မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)ကိုရီးယားဟာ ထောက်ပံ့အဖွဲ့ဝင် အသစ်များလည်းခေါ်ယူလျက်ရှိပါတယ်။

========================

📌📌မင်းအောင်လှိုင်အိမ်နဲ့ခြံ အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁ သန်းဖိုးအထိရောင်းချရ

မင်းအောင်လှိုင်အိမ်နဲ့ခြံ အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁ သန်း ဖိုးအထိရောင်းချရတယ်လို့သိရပါတယ်။ မေလ ၇ ရက်နေ့ မှာ အစုရှယ်ယာရောင်းချရတဲ့အခြေအနေကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။

"၁၄/ အင်းလျား အစုရှယ်ယာရောင်းချမှု ဒေါ်လာ ၁ သန်း ပြည့်သွားပြီဖြစ်ပါတယ်။ စတင်ရောင်းချတာ ၄၈ နာရီမပြည့်သေးခင်မှာပဲ ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်ခဲ့တာကိုကြည့်ရင် တော်လှန်ပြည်သူတွေရဲ့ စိတ်ခွန်အားနဲ့ ပြင်းပြတဲ့အာသီသကို ဖော်ညွှန်းထင်ဟပ်စေပါတယ်။ လက်ကျန်အစုရှယ်ယာ ကိုးသောင်းအတွက် သတ်မှတ်ထားတဲ့ အချိန်တို အတွင်းမှာ ဒေါ်လာ ၁၀ သန်းပြည့်မီစေရန် အတွက် အရေးတော်ပုံအောင်စိတ်နဲ့ ဝယ်ယူအားပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံလိုက်ရပါတယ်"လို့ဆိုထားပါတယ်။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်၏ ကနဦးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄)ရှိ မြေနှင့်အဆောက်အအုံအား ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့ရာစစ်တမ်းကောက်ယူမှု (၆) ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်၏ ၉၇% ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူရန် အဆိုပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော အဆိုပါနိုင်ငံတော်ပိုင်မြေမှာ ၁.၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိပါတယ်။

ယခု ရောင်းချသည့်အခါ ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဘိုးဖြတ်၍ အစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချမည်ဖြစ်ကာရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ နဲ့လက်ရှိမှာရောင်းချပေးလျက်ရှိနေပါတယ်။

========================

📌📌စစ်ဘေးရှောင်တို့ ဘဝရပ်တည်ရေးအတွက်အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနေ

ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတွင် စစ်ဘေးရှောင်တို့ ဘဝရပ်တည်ရေးနှင့် တစ်ဦးချင်း ဝင်ငွေရရှိရန် ချည်ထိုးပန်းထိုး အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနေသည်ဟုအသက်မွေးဝမ်းကျောင်းပညာသင်ပေးနေသူ ဆရာမတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ကလေးတွေက အလုပ်လည်း မရှိဘူး။ ဒီအတိုင်း သွားလိုက် လာလိုက်ပဲ မြင်နေရတယ်။ ဒီချည်ထိုးသင်တန်းလေး သင်ပေးလိုက်ရင် ဆယ်ကျော်သက်လေးတွေ စိတ်လည်း ငြိမ်သွားမယ်။ ဘဝတစ်ခုလုံးအတွက် သူတို့ ဘဝ သူတို့ ရပ်တည်နိုင်မယ်။ အန်တီသင်ပေးတာလည်း ရိုးရိုးသင်ပေးတာ မဟူတ်ဘူး။ နိုင်ငံတကာသုံးတဲ့ သ‌ေင်္ကတနဲ့ သင်ပေးတဲ့အတွက် သူတို့ကို ဘယ်နေရာဘယ်နိုင်ငံရောက်ရောက် အဲဒီနိုင်ငံရဲ့စာအုပ်လေး ကြည့်ပြီး လုပ်လို့ ရတယ်။ သူတို့အတွက် ကောင်းတယ်။ နိူင်ငံရေးကောင်းသွားရင် ဘာလုပ်စားကြမလဲ ဆိုတဲ့ ဖြစ်နေတဲ့ အဖြေကို အန်တီပေးလိုက်တာပဲ” လို့ သင်တန်းဆရာမ ဒေါ်နွယ်နွယ်ဦးက ပြောသည်။
အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးမှုကြောင့် စစ်ဘေးရှောင်အများစု အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိရေး ဘဝရပ်တည်ချက်အတွက် အထောက်အကူဖြစ်သည်ဟု သင်တန်းတက်ရောက်နေသူတစ်ဦးက ပြောသည်။
“သင်တန်းတက်ပြီးသွားပြီဆိုရင်တော ကိုယ့်ဒေသမှာ ရှိတဲ့ ကလေးတွေ၊ လူငယ်တွေကို ပြန်သင်ပေးမယ်။ အဲဒီလိုစိတ်ကူးလေးတွေ ရှိတယ်။ အခုလောလောဆယ်တော လုံခြုံပါတယ်။ စိုးရိမ်စိတ်လေးလည်း သိပ်မရှိဘူး။ သင်တန်းသင်ပြီးရင် လေ့ကျင့်တယ်။ မသိတော့ရင် ဆရာမကို မေးတယ်။ ဆရာမကစိတ်ရှည်ရှည်နဲ့ သင်ပေးတယ်” ဟု ၎င်းက ဆိုသည်။
“စစ်ဘေးရှောင်ကာလမှာ တဖြေးဖြေး ကျပ်တည်းလာတယ်။ စစ်ဘေးရှောင်တွေအတွက် ဝင်ငွေရအောင် အမျိုးသမီး‌တွေအတွက် သိုး‌မွှေးထိုးလုပ်ငန်း စတင်ဖြစ်တယ်။ ထိုးပြီးသား ပစ္စည်းတွေကို မြို့ထဲမှာ အခုတလော လိုက်ချိတ်နေတယ်။ သူတို့ လက်ရာတွေလည်း အတော်သပ်ရပ်လာပြီ။ ရောင်းတန်းဝင်အောင် ထိုးတတ်လာတယ်။ ထိုးပြီးသား ပစ္စည်းတွေ၊ ကောင်းတဲ့ဟာတွေ ရွေးပြီး ကုန်ကျစရိတ် ပြန်တွက်ပြီးတော ရောင်းဖို့ ရှိတယ်” ဟု စစ်ရှောင်စခန်း တာဝန်ခံ နော်ဖောလွဲက သံလွင်ခက်ကို ပြောသည်။
ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးရှိ စစ်ဘေးရှောင်အများစုသည် အိုးအိမ်စွန့်ခွာခဲ့သည်မှာ ၅ လခန့်ရှိပြီဖြစ်သည်။ လက်ရှိတွင် ချည်ထိုးပန်းထိုး သင်တန်း တက်ရောက်သူ သင်တန်းသား ၄၄ ယောက်ရှိပြီး သင်တန်းအတွက် သင်ထောက်ကူပစ္စည်းနှင့် သင်ကြားနိုင်ရန် နေရာထိုင်ခင်းများ လိုအပ်လျက်ရှိသည်။
ထို့အပြင် ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီး အသက်မွေးဝမ်းကျောင်းပညာသင်ကြားနေသော စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်အရေအတွက် ၁၂၀၀ ကျော်ရှိသည်ဟု သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း စစ်ဘေးဒုက္ခသည် အရေအတွက် ပိုမို များပြားလာပြီး ရေရှည်ဘဝရပ်တည်ရေးအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment