၂၀၂၂ ဇွန်လ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများအား တရားမဝင်ကြောင်းနှင့် အသိအမှတ်ပြုလက်ခံခြင်းရှိမည် မဟုတ်ကြောင်း အသိပေးကြေညာချက်
📌တစ်နှစ်နဲ့သုံးလ ကြာမြင့်လာတဲ့အထိ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိအမှတ်မပြုခြင်းက တော်လှန်ရေးအတွက် အောင်မြင်မှုတစ်ခုလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဇွန်လအတွင်း Member အဖြစ်ပါဝင်သူများအားလုံးကို PRF Team မှ Design logo လေးနဲ့ email ပေးပို့မယ်
📌(CRYH) နှင့် Yangon Federal School ၏ အမှုဆောင်ဒါရိုက်တာအဖွဲ့၊ ရန်ကုန်တိုင်း မြို့နယ်များမှမြို့နယ်ပညာရေးဘုတ်အဖွဲ့ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး
📌အတန်းအားလုံးပေါင်း ကျောင်းသား တစ်သောင်း ပြည့်တဲ့အထိ Kaung For You school မှ ကျောင်းသားသစ်များ စတင်ခေါ်ယူ
📌မန္တလေးဖက်ဒရယ်ကျောင်းမှ ဒုတိယ batch အတွက် ကျောင်းသား/သူသစ်များကိုစတင် ကျောင်းအပ်လက်ခံ
📌ဒီပဲယင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်များကို အောင်မြင်စွာတိုက်ခိုက်ပြီးပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အောင်သပြေပန်းနဲ့ကြိုဆိုကြ
📌မြန်မာနိုင်ငံတဝှမ်းမှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့် တနေ့တခြားများပြားလာတဲ့ သန်းနဲ့ချီတဲ့စစ်ဘေးသင့်ပြည်သူတွေကို ထိထိရောက်ရောက်အကူအညီပေးနိုင်ဖို့ ကာလတိုစစ်ကင်းမဲ့ဇုန်တွေထူထောင်နိုင်ရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG အစိုးရတာဝန်ရှိသူတွေကပြော
📌ရန်ကုန်ကစက်ရုံလုပ်ငန်းရှင်တချို့အသုံးပြုနေတဲ့ နေ့စားခန့်ပြီး လုပ်အားခနှိမ်တဲ့နည်းလမ်းဟာ အလုပ်သမားဥပဒေတွေနဲ့ညီညွတ်မှုမရှိဘူးလို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေကပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများအား တရားမဝင်ကြောင်းနှင့် အသိအမှတ်ပြုလက်ခံခြင်းရှိမည် မဟုတ်ကြောင်း အသိပေးကြေညာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကြေညာချက်အမှတ် (၁၁/၂၀၂၂)
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်
အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများအား တရားမဝင်ကြောင်းနှင့် အသိအမှတ်ပြုလက်ခံခြင်းရှိမည် မဟုတ်ကြောင်း အသိပေးကြေညာချက်
၁။ အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မူလပိုင်ရှင် ဖြစ်သည့် ပြည်သူလူထုထံမှ မတရားသဖြင့်လုယူရန် ကြိုးစားနေသော အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည်။
၂။ အကြမ်းဖက်စစ်ကောင်စီသည် ယင်းတို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ကမ္ဘာ့တရားခွင်တွင် ပြစ်ဒဏ်ချမှတ်ခံရမည့် အဖွဲ့အစည်း လည်းဖြစ်သည်။
၃။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ တိုက်ရိုက်ဆင်းသက် အပ်နှင်းထားသော တရားဝင်အုပ်ချုပ်ခွင့်အာဏာ (de jure power) မရှိသည့်အပြင် တိုင်းပြည်ကို လက်တွေ့ကျကျ နိုင်နင်းစွာအုပ်ချုပ်နိုင်သော အခွင့်အာဏာ (de facto power) လည်း လုံးဝမရှိသည့် တရားမဝင် အဖွဲ့အစည်းဖြစ်သည်။
၄။ နိုင်ငံတော်၏ စစ်မှန်သောအချုပ်အခြာအာဏာသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲမှ တစ်ဆင့် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ၌သာ တည်သည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်ကောင်စီအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့ ရက်စွဲဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။
၆။ ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) သည် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သည့် သဘောတူညီမှု ဖြစ်သည်။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် စစ်ကောင်စီသည် ပြည်ထောင်စုအစိုးရအလား စာချုပ်ဝင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူ ပြုနိုင်ခွင့် အလျဉ်းမရှိချေ။
၇။ သို့ပါ၍ အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုမှန်သမျှ သည် တရားမဝင်ကြောင်းနှင့် ထိုဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ယင်းအားဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်းရှိမည်မဟုတ်ကြောင်း အသိပေးကြေညာလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ
========================
📌📌တစ်နှစ်နဲ့သုံးလ ကြာမြင့်လာတဲ့အထိ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိအမှတ်မပြုခြင်းက တော်လှန်ရေးအတွက် အောင်မြင်မှုတစ်ခုလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
အမျိုးသားညီညွတ်ရေးအစိုးရ ၅၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပွဲမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားလိုက်ပါတယ်။
"အခု တော်လှန်ရေး ကာလ တစ်နှစ်နဲ့သုံးလ ကြာမြင့်လာတဲ့အထိ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ က အသိအမှတ်မပြုခြင်းက ကျွန်တော်တို့တော်လှန်ရေးအတွက် အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ ဆက် လက်ပြီးလည်း ဒီအခြေအနေကို ထိန်းနိုင်ဖို့ ကြိုးစားရမှာဖြစ်သလို တစ်ဖက်ကလည်း ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု လက်ခံပြီး မြန်မာပြည်သူတွေခံစား နေရတဲ့ ဒုက္ခတွေက သက်သာအောင် ဝိုင်းဝန်း ကူညီပေးနိုင်ဖို့ အဆက်အပြတ် တိုက်တွန်းနေဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ဆီက သတင်းအချက်အလက်အမှန်တွေ နိုင်ငံတကာကို ထိထိ ရောက် ရောက် ရောက်ရှိနိုင်ဖို့လိုအပ်ပါတယ်"လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်များက အမေရိကန် နိုင်ငံဝါရှင်တန်ဒီစီကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီး ဝင်ဒီရှားမန်းနဲ့တွေ့ဆုံခဲ့ပါတယ်။
========================
📌📌နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဇွန်လအတွင်း Member အဖြစ်ပါဝင်သူများအားလုံးကို PRF Team မှ Design logo လေးနဲ့ email ပေးပို့မယ်
"ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဇွန်လအတွင်း Member အဖြစ်ပါဝင်သူများအားလုံးကို အမေစု Design logo လေးနဲ့ email ပေးပို့မှာဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်"လို့ PRF Team မှဖော်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာစသိမ်းစဥ်ကတည်းက ဖမ်းဆီးထားပြီး လက်ရှိမှာ စကစ ကအမှုပေါင်းများစွာနဲ့တရားစွဲဆိုထားပါတယ်။
========================
📌📌(CRYH) နှင့် Yangon Federal School ၏ အမှုဆောင်ဒါရိုက်တာအဖွဲ့၊ ရန်ကုန်တိုင်း မြို့နယ်များမှမြို့နယ်ပညာရေးဘုတ်အဖွဲ့ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး
ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) နှင့် Yangon Federal School ၏ အမှုဆောင်ဒါရိုက်တာအဖွဲ့၊ ရန်ကုန်တိုင်း မြို့နယ်များမှမြို့နယ်ပညာရေးဘုတ်အဖွဲ့ကိုယ်စားလှယ်များတွေ့ဆုံခဲ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ရန်ကုန်တိုင်းတွင်းရှိ ကြားကာလပညာရေးကိစ္စများ ၊ Yangon Federal School ဖွင့်လှစ်သင်ကြားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
Yangon Federal School ဟာ စစ်ကျွန်ပညာရေးကို သပိတ်မှောက်တော်လှန်နေကြသည့် ကျောင်းသား/သူများ၏ ပညာသင်ယူမှုအခွင့်အလမ်းများ စဥ်ဆက်မပြတ်စေရန်အတွက်လည်းကောင်း ၊ ရန်ကုန်တိုင်းအတွင်း ကြားကာလပညာရေးကို အရှိန်အဟုန်မြင့်တင် အကောင်အထည်ဖော်နိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါ့အပြင်ပြည်သူ့ပညာရေး ယန္တရားကိုအကောင်အထည်ဖော်ဆောင်ရွက်မည့် အခမဲ့ပညာရေးကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
========================
📌📌အတန်းအားလုံးပေါင်း ကျောင်းသား တစ်သောင်း ပြည့်တဲ့အထိ Kaung For You school မှ ကျောင်းသားသစ်များ စတင်ခေါ်ယူ
NUG အစိုးရ ပညာရေးဝန်ကြီးဌာန လက်အောက်ခံကျောင်းဖြစ်တဲ့ KaungForYou school မှကျောင်းသားသစ်များ စတင်ခေါ်ယူနေပြီဖြစ်တယ်လို့သတင်းရရှိပါတယ်။
ကျောင်းအပ်လက်ခံမှုများကိုဇွန် ၁ ရက်နေ့ မနက် ၈ နာရီမှ ည ၇ နာရီ အထိ၊ဇွန် ၂ ရက်နေ့ မနက် ၈ နာရီမှ ည ၇ နာရီအထိ Google formကို ဖွင့်၍ အပ်နှံနိုင်ပြီဖြစ်တယ်လို့သိရပါတယ်။
Kaung For You school ဟာ NUG အစိုးရ ပညာရေးဝန်ကြီးဌာန လက်အောက်ခံကျောင်း ဖြစ်ကာ တရားဝင်အတန်းတက်ပေးမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။
KaungForYou schoolမှ ကျောင်းသားသစ်များ စတင်ခေါ်ယူကြောင်းထုတ်ပြန်ပြီး တစ်နာရီအတွင်း လျှောက်ထားသူကျောင်းသား တစ်သိန်းကျော်ရှိခဲ့တယ်လိုသိရပါတယ်။
၂၀၂၀ ခုနစ် မြန်မာနိင်ငံသင်ရိုးကို ကျောရိုးပြုသင်ကြားမှာဖြစ်ကာ စင်္ကာပူနိုင်ငံဒေသသင်ရိုးဖြင့် သင်၍သင်္ချာဘာသာကို ဂျပန်နိုင်ငံ အခြေခံပညာ မူ လယ် ထက် သင်ခန်းစာများနှင့် တွဲဖက် သင်မှာဖြစ်ပါတယ်။
========================
📌📌မန္တလေးဖက်ဒရယ်ကျောင်းမှ ဒုတိယ batch အတွက် ကျောင်းသား/သူသစ်များကိုစတင် ကျောင်းအပ်လက်ခံ
"မန္တလေးဖက်ဒရယ်ကျောင်းမှ ဒုတိယbatch အတွက် ကျောင်းသား/သူသစ်များကိုယနေ့ ဇွန်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ၇ ရက်တိတိကာလအား ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ကာ လူကြီးမိဘတို့၏ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံသွားမှာဖြစ်တယ်"လို့ဆိုပါတယ်။
အခု ကျောင်းမှာတော့ CRMH, NUG တို့ရဲ့ အကူအညီ အဆက်အသွယ်တွေနဲ့ပဲ သင်ကြားမယ့်ကျောင်းသား/သူ၊ သင်ကြားပေးမည့် ဆရာ/မတွေကို စနစ်တကျစုစည်းထားနိုင်ခဲ့ပါတယ်။
လက်ရှိကျောင်းသား/သူ (၆၀၀) ဆရာ/မ (၄၀) လို့ အကြမ်းဖျင်းသတ်မှတ်ထားနိုင်ပြီး ဖက်ဒရယ် မူ/ ဖက်ဒရယ် စနစ်တွေနဲ့ပဲသင်ကြားလျက်ရှိပါတယ်။
မန္တလေးဖက်ဒရယ်ကျောင်းသို့တက်ရောက်ရန် အခြေခံ software လိုအပ်ချက်အဖြစ် -Zoom, Email, Telegram, Signal
စသည်တို့ ရှိထားရန် လိုအပ်မှာဖြစ်ပါတယ်။
========================
📌📌ဒီပဲယင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်များကို အောင်မြင်စွာတိုက်ခိုက်ပြီးပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အောင်သပြေပန်းနဲ့ကြိုဆိုကြ တဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်များကို အောင်မြင်စွာတိုက်ခိုက်ပြီးပြန်လာတဲ့ ကရင်နီမဟာမိတ် ဒေါင်းမျိုးဆက်အဖွဲ့နဲ့ ဒီပဲယင်းဗိုလ်ကျားကြီး ပူးပေါင်းမဟာမိတ်အဖွဲ့ နှစ်ဖွဲ့ကို မေလ ၃၁ ရက်နေ့မှာ ပြည်သူ့တွေကအောင်သပြေပန်းများနဲ့ကြိုဆိုခဲ့တယ်လို့သိရပါတယ်။
ဗိုလ်ကျားကြီးအဖွဲ့ ဒီပဲယင်းဟာ မကြာသေးမီက လက်နက်ကြီး တီထွင်အောင်မြင်ပြီးထုတ်ဖော်ပြသခဲ့တဲ့အဖွဲ့လည်းဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌မြန်မာနိုင်ငံတဝှမ်းမှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့် တနေ့တခြားများပြားလာတဲ့ သန်းနဲ့ချီတဲ့စစ်ဘေးသင့်ပြည်သူတွေကို ထိထိရောက်ရောက်အကူအညီပေးနိုင်ဖို့ ကာလတိုစစ်ကင်းမဲ့ဇုန်တွေထူထောင်နိုင်ရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ NUG အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။
ကာလတိုစစ်ကင်းမဲ့ဇုန်တွေထူထောင်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အခုလိုပြောဆိုထားပါတယ်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး (NUG လူသားချင်းစာနာရေးနဲ့ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဌာန)
စစ်ဘေးသင့်ပြည်သူတွေကို လတ်တလောမှာ ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားအလှူရှင်တွေရဲ့အကူအညီနဲ့ပဲ ပံ့ပိုးပေးနေရတဲ့အတွက် ငွေကြေးနဲ့ ပစ္စည်းရေးရာလိုအပ်ချက်တွေ မြင့်တက်နေပါတယ်။ နိုင်ငံတကာက အကူအညီပေးမယ့်အထောက်အပံ့တွေကိုလည်း စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကန့်သတ်နေတာကြောင့် ကူညီချင်သလိုမကူညီနိုင်တဲ့အနေအထားဖြစ်နေတယ်လို့ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောပါတယ်။
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း တနှစ်ကျော်အတွင်း ဒုက္ခသည် ၆ သိန်းနီးပါးတိုးလာပြီး အရင်ရှိပြီးသား စာရင်းနဲ့ဆိုရင် ဒုက္ခသည် ၁ သန်းနီးပါးအထိ ရှိလာတယ်လို့ UNOCHA က ဒီနှစ် မေလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ဒီသတင်းကို နွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။
========================
📌📌ရန်ကုန်ကစက်ရုံလုပ်ငန်းရှင်တချို့အသုံးပြုနေတဲ့ နေ့စားခန့်ပြီး လုပ်အားခနှိမ်တဲ့နည်းလမ်းဟာ အလုပ်သမားဥပဒေတွေနဲ့ညီညွတ်မှုမရှိဘူးလို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။
NLD အစိုးရလက်ထက်က သတ်မှတ်ခဲ့တဲ့ အနိမ့်ဆုံးလုပ်ခလစာ အချိန်ပိုကြေးမပါ တစ်ရက် ငွေကျပ် ၄၈၀၀ နှုန်းကို စက်ရုံလုပ်ငန်းရှင်တချို့ကမပေးချင်တဲ့အတွက် တစ်ရက် ငွေကျပ် ၃၆၀၀ နှုန်းနဲ့ နေ့စားလုပ်သားတွေကို အစားထိုးခန့်အပ်ခဲ့ကြပါတယ်။ အချိန်ပိုကြေးကိုလည်း တစ်နာရီ ၅၀၀ ကျပ်နှုန်းပဲပေးပြီး ခေါင်းပုံဖြတ်တာတွေရှိနေတယ်လို့အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦး
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စက်ရုံအလုပ်ရုံတွေဆက်တိုက်ပိတ်ခဲ့ရတဲ့အတွက် အခြေခံအလုပ်သမားတွေဟာ အလုပ်လက်မဲ့ပြဿနာကိုဆက်တိုက်ရင်ဆိုင်ခဲ့ရတာပါ။ ဆက်လက်လည်ပတ်နေတဲ့စက်ရုံအလုပ်ရုံတချို့က ဒီအခြေအနေကို အခွင့်အရေးယူပြီး လုပ်အားခနှိမ်တာ၊ အချိန်ပိုဆင်းခိုင်းတာ၊ ဥပဒေမဲ့အလုပ်ဖြုတ်တာတွေကိုပြုလုပ်ခဲ့တယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။
အလုပ်သမားရေးလှုပ်ရှားသူတစ်ဦး
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့တဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ၊ အလုပ်သမားအရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းခေါင်းဆောင်တွေကိုစစ်ကောင်စီက ဖမ်းဆီးခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ဆုံးရှံးသူ ၁.၆ သန်းကျော်အထိရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO က ၂၀၂၂ ဇန်နဝါရီ လကုန်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
ဒီသတင်းကို နွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment