၂၀၂၂ ဇူလိုင်လ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အစ္စလာမ်ဘာသာဝင်များသို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဆုတောင်းမေတ္တာပို့
📌 ၂။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အကောင့်တုဖွင့်လှစ်ထား၍ သတိပြုရန်အသိပေး
📌 ၃။ စစ်ဘေးရှောင်ပြည်သူများအတွက် လက်ဖက်ရည်နဲ့ ကော်ဖီတစ်ခွက်ဖိုးစွန့်လွှတ်ကာ ခြင်ထောင် များလှူဒါန်းဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတိုက်တွန်းပြောကြား
📌 ၄။ စစ်အာဏာရှင်နဲ့အာဏာရှင်တွေ လုံးဝမရှိတဲ့ မြန်မာနိုင်ငံတော်အသစ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၅။ စစ်ကိုင်းတိုင်းရဲ့ နေရာ ၈၀ ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးအင်အားစုများ ခြေချလို့ရနေပြီလို့ ကာကွယ်ရေးအတွင်းဝန် အသိပေး
📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ကျင်းပမယ်
📌 ၇။ စကစတပ်မှ စစ်ကြောင်းထိုးဆင်း၍ ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ ကျေးရွာများရှိ လူဦးရေစုစုပေါင်း ၅၀၀ ခန့်အားဘေးလွတ်ရာရွှေ့ပြောင်းပေး
📌 ၈။ NUGPay နဲ့ ကာကွယ်ရေးတပ်ဖွဲ့များတော်လှန်ရေးအင်အားစုများကို ထောက်ပို့နိုင်ပြီလို့ကြေညာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အစ္စလာမ်ဘာသာဝင်များသို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဆုတောင်းမေတ္တာပို့
အစ္စလာမ်ဘာသာဝင်များသို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ထုတ်ပြန်ဖော်ပြပါတယ်။
"မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များအားလုံး ကောင်းမြတ်တဲ့ Eid al-Adha နေ့ဖြစ်ပါစေဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် မတူကွဲပြားမှုများဖြင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ရေး ကြိုးပမ်းရာတွင် ညီနောင် အစ္စလာမ်ဘာသာဝင်များ၏ ပူးပေါင်းပါဝင်မှုများအတွက် များစွာကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ လက်တွဲကြိုးပမ်းသွားကြရန် တိုက်တွန်းအပ်ပါတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်ပါတယ်။
========================
📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အကောင့်တုဖွင့်လှစ်ထား၍ သတိပြုရန်အသိပေး
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အကောင့်တုဖွင့်လှစ်ထား၍ သတိပြုရန် ဝန်ကြီးကအသိပေးလိုက်ပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြည်သူလူထုကိုအသိပေးကြေညာခဲ့ပါတယ်။
"အဆိုပါ Account သည် အကောင့်အတုဖြစ်ပြီး မိမိသုံးစွဲခြင်းမရှိပါ။ အဆိုပါ account မှရေးသားဖော်ပြချက်များသည် မိမိနှင့် တစုံတရာ သက်ဆိုင်ခြင်းမရှိပါ"လို့ဆိုထားပါတယ်။ အကောင့်တုတွင် Face Book ၏ အသိအမှတ်ပြုထားသော ဘလူးမတ်မပါဝင်ဘဲ ဝန်ကြီး၏ ဓာတ်ပုံကိုအသုံးပြုဖွင့်လှစ်ထားတာဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်ဘေးရှောင်ပြည်သူများအတွက် လက်ဖက်ရည်နဲ့ ကော်ဖီတစ်ခွက်ဖိုးစွန့်လွှတ်ကာ ခြင်ထောင် များလှူဒါန်းဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတိုက်တွန်းပြောကြား
စစ်ဘေးရှောင်ပြည်သူများအတွက် လက်ဖက်ရည်နဲ့ ကော်ဖီတစ်ခွက်ဖိုးစွန့်လွှတ်ကာ ခြင်ထောင်များလှူဒါန်းဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတိုက်တွန်းပြောကြားလိုက်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ကျင်းပတဲ့ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဖွားများတွေ့ဆုံပွဲ (ဒုတိယအကြိမ်) မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။
"စစ်ဗိုလ်ချုပ်တွေရဲ့ကျည်ဆန်ကို လတ်တလောကျနော်တို့ ကာကွယ်ရေးလို့မရသေးပါဘူး။ဒါပေမဲ့တစ်ဖက်က ခြင်ကောင်ကိုတော့ ကာကွယ်လို့ရပါတယ်။ခြင်ထောင် နဲ့ကာကွယ်ဖို့အတွက် လက်ဖက်ရည်တစ်ခွက်၊ကော်ဖီတစ်ခွက် စွန့်လွှတ်လို့ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် ဦးဆောင်သောအကြမ်းဖက် စစ်သား များရဲ့ ရက်စက်ယုတ်မာမှုများကြောင့် မြန်မာနိုင်လူဦးရေ ထက်ဝက် (၂၇) သန်း ခန့်ဟာ ငတ်မွတ် ခေါင်းပါးခြင်းကို ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ၎င်းအနက် မြန်မာပြည်သူ (၁၅) သန်း ကျော်ဟာ အကူအညီမရှိလျှင် မဖြစ်တော့တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ ၁.၂ သန်းခန့် ရှိသော မြန်မာပြည်သူလူထု ကတော့ အိုးမဲ့အိမ်မဲ့ဖြစ်နေကြပြီး တောတောင်ထဲရှိ ဒုက္ခသည် စခန်းများတွင် နေနေကြရပါတယ်။
========================
📌📌 ၄။ စစ်အာဏာရှင်နဲ့အာဏာရှင်တွေ လုံးဝမရှိတဲ့ မြန်မာနိုင်ငံတော်အသစ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
စစ်အာဏာရှင်နဲ့အာဏာရှင်တွေ လုံးဝမရှိတဲ့ မြန်မာနိုင်ငံတော်အသစ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ ဇူလိုင် ၉ ရက်နေ့လူမှုကွန်ရက်မှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကရေးသားပြောပါတယ်။
"စစ်အာဏာရှင်နဲ့အာဏာရှင်တွေ လုံးဝမရှိတဲ့ မြန်မာနိုင်ငံတော်အသစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၊ ဖက်ဒရယ်တပ်မတော်အသစ်နှင့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံတော်"လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ဆုံးဖြတ်ထားတယ်လို့လည်းသိရပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းအမျိုးသားညီညွတ်ရေးအစိုးရဟာ အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းတိုင်းရဲ့ နေရာ ၈၀ ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးအင်အားစုများ ခြေချလို့ရနေပြီလို့ ကာကွယ်ရေးအတွင်းဝန် အသိပေး
စစ်ကိုင်းတိုင်းရဲ့ နေရာ ၈၀ ရာခိုင်နှုန်းကျော်ကိုတော်လှန်ရေးအင်အားစုများ ခြေချလို့ရနေပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။ ဇူလိုင် ၉ ရက်နေ့ ကျင်းပတဲ့ မမများနဲ့ပွဲကမယ် မြေပြင်တော်လှန်ရေးစကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကဆိုပါတယ်။
"အခုဆိုရင် စစ်ကိုင်းတိုင်းထဲမှာ ရှိတဲ့နေရာတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကျော်ဟာ တေည်လှန်ရေးအင်အားစုတွေရဲ့ခြေချလို့ရတဲ့ နယ်မြေတွေဖြစ်နေပြီလို့ပြောလို့ရတယ်"လို့ဆိုပါတယ်။ သို့သော်လည်း စစ်ကိုင်းတိုင်းအတွင်း မြို့ပေါ်နဲ့အခြားနေရာများတွင် စကစတပ်အခြေစိုက်စခန်းများကျန်နေသေးပြီး အခြေစိုက်စခန်းများကို တိုက်ခိုက်ဖို့ လက်နက်လိုအပ်ချက်တွေရှိနေသေးတယ်လို့ ကာကွယ်ရေးအတွင်းဝန်ကထပ်လောင်းပြောပါတယ်။ ဇွန်လ ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ချက်အရ နယ်မြေစိုးမိုးမှုအနေဖြင့် တိုင်းဒေသကြီးများဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(မြောက်ပိုင်း)တို့ရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာအများစု၏ ၈၀ ရာခိုင်နှုန်းကို PDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။
========================
📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ကျင်းပမယ်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှအခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ကျင်းပမယ်လို့ဆိုပါတယ်။ ဇူလိုင်လ (၉) ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနက ကြေညာချက်အမှတ် (၁၁ /၂၀၂၂)ကိုထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရအခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့တွင် အသက် (၁၇) နှစ် ပြည့်ပြီးသူ၊ အခြေခံပညာနဝမတန်း (စနစ်ဟောင်း) တက်ရောက်ဖူးသူတို့ဖြစ်ရမှာဖြစ်ပါတယ်။
ဒါ့အပြင်အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဟာ ယခင် ဒသမတန်း (စနစ်ဟောင်း) သင်ရိုးညွှန်းတမ်းကို အခြေခံမည် ဖြစ်သော်လည်း အလွတ်ကျက်မှတ်မှုကိုအားပေးသော မေးခွန်းများ အစား ကျောင်းသားကျောင်းသူများ၏ ဘာသာရပ်ဆိုင်ရာ - သိရှိနားလည်သဘော ပေါက်မှု (Knowledge and Understanding)
၊ခွဲခြမ်းစိတ်ဖြာ သုံးသပ်၍ အသုံးချနိုင်မှု (Application and Analysis) ၊လက်တွေ့ဘဝနှင့် ဆက်စပ်ပြီး ပြဿနာများကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှု (Creative Problem-solving) တို့ကို စစ်ဆေးအကဲဖြတ်သွားမှာ ဖြစ်ပါတယ်။
မေးခွန်းလွှာတစ်ခုစီအတွက် ဖြေဆိုချိန် (၂) နာရီ ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံတကာစစ်ဆေး အကဲဖြတ်မှုပုံစံများအတိုင်း စဉ်းစားတွေးခေါ်မှုကို အခြေပြုပြီး ခွဲခြမ်းစိတ်ဖြာ ဖြေဆိုရသည့် ဓမ္မဓိဋ္ဌာန် မေးခွန်းအမျိုးအစားများ (Objective Type Items) ပါဝင်မှာဖြစ်ပါတယ်။ စစ်ဆေးအကဲဖြတ်မှုကို ၂၀၂၃ ခုနှစ်အတွင်း ဖေဖော်ဝါရီလတွင်တစ်ကြိမ်၊ သြဂုတ်လတွင်တစ်ကြိမ်ကျင်းပသွားမှာဖြစ်ပါတယ်။
========================
📌📌 ၇။ စကစတပ်မှ စစ်ကြောင်းထိုးဆင်း၍ ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ ကျေးရွာများရှိ လူဦးရေစုစုပေါင်း ၅၀၀ ခန့်အားဘေးလွတ်ရာရွှေ့ပြောင်းပေး
စကစတပ်မှ စစ်ကြောင်းထိုးဆင်း၍ ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ ကျေးရွာများရှိ လူဦးရေစုစုပေါင်း ၅၀၀ ခန့်အားဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဇူလိုင် ၉ ရက်နေ့မှာ ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှသတင်းထုတ်ပြန်ပါတယ်။
"ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ စစ်ကြောင်းအခြေအနေအရ နီးစပ်ရာဖြစ်သော ဖလံမ၊ အိုင့်ကြီးနှင့် ရေပုတ်စိုက်ခင်းကျေးရွာများရှိ လူဦးရေစုစုပေါင်း ၅၀၀ ခန့်အား လုံခြုံမှုရှိစေရန် ဘေးလွတ်ရာနေရာသို့ရွေ့ပြောင်းပေးထားကြောင်း အသိပေးအပ်ပါတယ်"လို့ဖော်ပြပါတယ်။ စကစတပ်များဟာ မကွေးတိုင်းကို နယ်မြေစိုးမိုးရေးအတွက် အသည်းအသန်လုပ်ဆောင်နေရပြီး ရွာများကိုလည်း မီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။
========================
📌📌 ၈။ NUGPay နဲ့ ကာကွယ်ရေးတပ်ဖွဲ့များတော်လှန်ရေးအင်အားစုများကို ထောက်ပို့နိုင်ပြီလို့ကြေညာ
NUGPay နဲ့ ကာကွယ်ရေးတပ်ဖွဲ့များ တော်လှန်ရေးအင်အားစုများကို ထောက်ပို့နိုင်ပြီလို့ကြေညာပါတယ်။ ဇူလိုင် ၁၀ ရက်နေ့မှာ NUGPay ကနေ ငွေလွှဲနိုင်ပြီဖြစ်တဲ့အဖွဲ့များကိုကြေညာပါတယ်။
"စစ်အာဏာရှင်စနစ်ကို အပြီးတိုင်မြေလှန်ပြစ်ပြီး၊ မျှော်ရည်မှန်းတဲ့ တော်လှန်ရေးအောင်ပွဲနဲ့ ရောင်နီသစ်ဆီကို အရောက်လှမ်းနိုင်ဖို့အတွက် တော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူဖက်က ရပ်တည်ကြတဲ့ CDM ဝန်ထမ်းများထံ NUGPay နဲ့ လွယ်ကူလုံခြုံစွာထောက်ပို့နိုင်ပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် NUGPay ရဲ့ အဓိကအားသာချက်ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုမှကင်းဝေးပြီးကိုယ်ပိုင်ငွေကြေးကို ကိုယ်ပိုင် စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပြီးေတာ်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ NUGPay QR Code များကို social media များပေါ်ပေါ်ထင်ထင်ပြသငွေလက်ခံနိုင်သလို၊ ထောက်ပို့များအနေဖြင့်လဲ တော်လှန်ရေးအင်အားစုများထံသို့ NUGPay နဲ့တိုက်ရိုက် လုံခြုံစွာထောက်ပို့လို့ရမှာပဲဖြစ်ပါတယ်။
NUGPay Wallet QR code တင်ထားကြတဲ့ အဖွဲ့အစည်းများမှာ Myanmar Defence Force၊ Karenni Nationalities Defence Force၊ PDF Loikaw၊ANTS - ပုရွက်ဆိတ်များ၊ Nway Oo Clinic - နွေဦးဆေးခန်း၊ BPLA - Venture၊FLA ၊ တော်လှန်ကောမစ်၊ပြည်သူ့ရင်ခွင်၊ Dove Kk၊ Fundraising by YTUSU၊ DRPDN ၊ UMCDတို့ဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment