၂၀၂၂ ဇူလိုင်လ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ယိုင်နှဲ့ချိနဲ့နေတဲ့ စစ်ကောင်စီကို အပြီးတိုင် ဖြိုလှဲချဖို့ အကောင်းဆုံးအခြေအနေဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ ပြည်ထောင်စုရဲတပ်ဖွဲ့ကနေ တရားစွဲတဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ စီမံချက်ချဆောင်ရွက်နေပြီလို့ ပြည်ထဲရေးဝန်ကြီးပြော
📌 ၃။ ဒေသအလိုက် တော်လှန်ရေးအင်အားစုများ စုစည်းမှုနဲ့ စီမံချက်များရေးဆွဲရမယ်လို့ ကာကွယ်ရေးဝန်ကြီး အသိပေး
📌 ၄။ ချင်းပြည်နယ်သို့ တစ်ရာ ရာခိုင်နှုန်းလှူဒါန်းမယ့်" ကံထူးရှင် ရွေးချယ်ပွဲကျင်းပ
📌 ၅။ Kaung For You ကျောင်းဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဟာ CDM တွေကို အမျိုးမျိုးပုံဖျက်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်
📌 ၆။ လူထုအင်မတန် စိတ်ဝင်စားနေတဲ့ နည်းပညာကဏ္ဍတွင် စစ်ရေးအတွက် ပုဇင်းများတီထွင်ထုတ်လုပ်နိုင်ရာမှ ငှက်အရွယ်အထိ ထုတ်လုပ်နိုင်ပြီလို့ ဝန်ကြီး ဦးထင်လင်းအောင်ဆို
📌 ၇။ NUG အစိုးရ စီမံ၊ဘဏ္ဍာဝန်ကြီးဌာနက ကာကွယ်ရေးအသုံးစရိတ် ၉၅ ရာခိုင်နှုန်းအသုံးပြုခွင့်ပေးခဲ့
📌 ၈။ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှဆင်းလာသော စကစတပ် စစ်ကြောင်း ရမ်းသမ်းပစ်ခတ်၍ အမျိုးသမီးလူငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံး
📌 ၉။ ဖရူဆိုမြို့နယ် ၊ ဒေါလောခူကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNDF ပူးပေါင်းအဖွဲ့များပစ်ခတ်ရာ တစ်ဦးသေ
📌 ၁၀။ ယနေ့ မနက် ဇူလိုင် (၁၇) ရက်နေ့တွင် မြဝတီ - ဝေါ်လေ ကားလမ်းမကြီးအားစကစတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ယိုင်နှဲ့ချိနဲ့နေတဲ့ စစ်ကောင်စီကို အပြီးတိုင် ဖြိုလှဲချဖို့ အကောင်းဆုံးအခြေအနေဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ယိုင်နှဲ့ချိနဲ့နေတဲ့ စစ်ကောင်စီကို အပြီးတိုင် ဖြိုလှဲချဖို့ အကောင်းဆူံးအခြေအနေဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။ ဇူလိုင် ၁၇ ရက် ကျင်းပတဲ့ ပြည်သူလူထုနှင့် NUG တွေ့ဆုံပွဲ (Global Virtual Meeting) မှာပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
"ယိုင်နှဲ့ချိနဲ့နေတဲ့ စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲချဖို့ အခုချိန်ဟာအကောင်ူဆုံးအခြေအနေ ဖြစ်နေပြီပဲဖြစ်ပါတယ်။ကျနော်တို့ အမြဲတမ်းပြောသလို ဒီတော်လှန်ရေးဟာ ကျနော်တို့ မြန်မာနိုင်ငံသမိုင်းမှာ မတူညီ ကွဲပြားမှုတွေရှိနေတဲ့ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ ၊နေရာ ဒေသ အသီးသီးက ပြည်သူလူထုတွေ စုစည်းမိတဲ့ထူးထူးခြားခြားတော်လှန်ရေးကြီးတ်ရပ်ဖြစ်ပါတယ်။ခေတ် အဆက်ဆက် အာဏာရှင်တွေကိူ ဖြုတ်ချဖို့ အမြစ်မပြတ်ခဲ့တာကို ဒီကနေ့ ဒီလိုအခြေအနေတွေထပ်မံကြုံတွေ့နေရတာမှာ ဒီတစ်ခါတော့အမြစ်ပြတ်တော်လှန်ကြပြီး သာယာညီညွတ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကိုတည်ထောင်ကြရတော့မှာ ဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်အာဏာသိမ်းခဲ့တဲ့ အကြမ်းဖက် စစ်တပ်ဟာ ယနေ့အချိန်အထိ ပြည်သူကိုအုပ်ချုပ်မှုမပြုနိုင်သေးဘဲ စစ်ရေး၊စီးပွားရေး၊လူမှုရေးမှာအထိနာ ကျဆုံးလျက်ရှိပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုရဲတပ်ဖွဲ့ကနေ တရားစွဲတဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ စီမံချက်ချဆောင်ရွက်နေပြီလို့ ပြည်ထဲရေးဝန်ကြီးပြော
ပြည်ထောင်စုရဲတပ်ဖွဲ့ကနေ တရားစွဲတဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ စီမံချက်ချဆောင်ရွက်နေပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဇူလိုင်လ၁၇ရက်ကျင်းပတဲ့ပြည်သူလူထုနှင့် NUG တွေ့ဆုံပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"လတ်တလော အခြေအနေမှာကတော့ ပြည်ထောင်စု ရဲတပ်ဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ဒီရဲတပ်ဖွဲ့ကနေပြီးတော့ တရားစွဲတဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ဒီတစ်လ၊နှစ်လအတွင်းမှာ စီမံချက်ချ ဆောင်ရွက်နေပါတယ်။အဓိက တရားစွဲဆိုဖို့ကြိုစားတာကတော့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့လုပ်ရပ်တွေကို တရားရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး တရားစွဲဆိုနိုင်တဲ့အထိ တည်ဆောက်ဖို့ ဦးတည်ပြီး ကျနော်တို့ကြိုးစားနေပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ထိန်းချုပ်နယ်မြေများမှာ အုပ်ချုပ်ရေအကောင်အထည်ဖော်ဆောင်ဖို့ကို ဆောင်ရွက်နေပြီးတော့ ၅၀ ရာခိုင်နှုန်းအထက် ထိန်းချုပ်နိုင်တဲ့မြို့နယ်တွေကို အုပ်ချုပ်မှု အကောင်အထည်စတင်တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ကသာ၊ကောလင်း၊ကန့်ဘလူမြို့နယ်များမှာ ကသုံးလုံး စီမံချက်ချဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ ဒေသအလိုက် တော်လှန်ရေးအင်အားစုများ စုစည်းမှုနဲ့ စီမံချက်များရေးဆွဲရမယ်လို့ ကာကွယ်ရေးဝန်ကြီး အသိပေး
ဒေသအလိုက် တော်လှန်ရေးအင်အားစုများ စုစည်းမှုနဲ့ စီမံချက်များရေးဆွဲရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေးပြောပါတယ်။ ဇူလိုင် ၁၇ ရက်ကျင်းပတဲ့ပြည်သူလူထုနှင့် NUG တွေ့ဆုံပွဲမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောကြားခဲ့ပါတယ်။
"လက်ရှိ ကျနော်တို့ ဦးစားပေးဆောင်ရွက်နေတာက ဒေသအလိုက်၊ခရိုင်အလိုက် စုစည်းမှုနဲ့ကွပ်ကဲမှု နောက်အားလုံးပါဝင်တဲ့ ဗျူဟာနဲ့စီမံချက်၊ ဒီစီမံချက်ကို အားလုံးပူးပေါင်းပြီးတော့မှ လက်တွဲအကောင်အထည်ဖော်မယ်။ဒီနည်းလမ်းနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်၊ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းတွေကို နောက်ဆုံးချေမှုန်းပစ်နိုင်ရေးအထိ ရည်မှန်းပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊တပ်ဖွဲ့ပေါင်း၂၅၇ရင်းကျော်နဲ့ ပကဖ ၂၅၀ ၊ LDF နဲ့လူငယ်မြို့ပြပျောက်ကျားအပါအဝင် ကျေးလက်ကာကွယ်ရေးအဖွဲ့ ၄၀၁ ဖွဲ့ရှိနေပြီဖြစ်ပါတယ်။
========================
📌📌 ၄။ ချင်းပြည်နယ်သို့ တစ်ရာ ရာခိုင်နှုန်းလှူဒါန်းမယ့်" ကံထူးရှင် ရွေးချယ်ပွဲကျင်းပ
ချင်းပြည်နယ်သို့ တစ်ရာ ရာခိုင်နှုန်းလှူဒါန်းမယ့် "Heal Myanmar" Lucky Draw Fundraising Campaign ကံထူးရှင် ရွေးချယ်ပွဲကျင်းပခဲ့ပါတယ်။ ဇူလိုင် ၁၇ ရက်နေ့မှာ MEF-Canadaက Live ထုတ်လွှင့်ပြသခဲ့ပါတယ်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တက်ရောက် အမှာစကားပြောကြားခဲ့ပြီးနောက် အဆိုတော် ဘင်ဂျမင်ဆု၊David Lai၊ P Thawng Bawi တို့ တက်ရောက် သီဆိုဖျော်ဖြေခဲ့ပါတယ်။ MEF-Canada နဲ့ NUG-MOIC တို့ ပူးပေါင်းစီစဥ် တင်ဆက်တဲ့"Heal Myanmar" Lucky Draw Campaign မှာ ကံထူးရှင်များလည်း ပေါ်ထွက်ခဲ့ပါတယ်။
========================
📌📌 ၅။ Kaung For You ကျောင်းဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဟာ CDM တွေကို အမျိုးမျိုးပုံဖျက်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်
ဇူလိုင် ၁၇ ရက်ကျင်းပတဲ့ပြည်သူလူထုနှင့် NUG တွေ့ဆုံပွဲမှာ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုဆိုလိုက်ပါတယ်။
"Kaung For Youနဲ့ပတ်သက်လို့ လတ်တလောဖြစ်ပျက်နေတာတွေကလည်း တကယ်တော့ လွတ်လပ်စွာပညာသင်ကြားရေးကိုချိုးဖောက်နေတာဖြစ်ပါတယ်။ CDM တွေကို အမျိုးမျိုးပုံဖျက်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ လိမ်လည်ပြီးတော့ မတရားအကြမ်းဖက်တဲ့ စကစရဲ့ စစ်အာဏာရှင် ရဲ့လုပ်နေကျပုံံတစ်ခုပဲဖြစ်ပါတယ်။ ဒီပုံစံကို သူတို့ဖော်နေခြင်းဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာ စကစကသတင်းထုတ်ပြန်ခဲ့ရာ Kaung For You ကျောင်းက ဆရာကောင်းသိုက်စိုးအပါ အဝင် CDM ဆရာ (၃) ဦးကို အိပ်ခန်းအတွင်း ဖမ်းမိပြီး ကျောင်းသား၊ကျောင်းသူများထံက ချိန်းခြောက် ငွေးတောင်းခံတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။
ထိုသို့ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများအား မတရားဖမ်းဆီးခြင်းဟာ ပညာသင်ယူခွင့်ဆုံးရှုံးနေသော ကလေးသူငယ်များ စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိစေရန်အတွက် ကြားကာလပညာရေး ဖော်ဆောင်နေသော ကျောင်းများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကလည်း ဇူလိုင် ၁၇ ရက်စွဲနဲ့ထုတ်ပြန်ကြေညာထားပါတယ်။
========================
📌📌 ၆။ လူထုအင်မတန် စိတ်ဝင်စားနေတဲ့ နည်းပညာကဏ္ဍတွင် စစ်ရေးအတွက် ပုဇင်းများတီထွင်ထုတ်လုပ်နိုင်ရာမှ ငှက်အရွယ်အထိ ထုတ်လုပ်နိုင်ပြီလို့ ဝန်ကြီး ဦးထင်လင်းအောင်ဆို
ဇူလိုင် ၁၇ ရက်ကျင်းပတဲ့ပြည်သူလူထုနှင့် NUG တွေ့ဆုံပွဲမှာ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီး ဦးထင်လင်းအောင်ကအခုလိုပြောပါတယ်။
"လူထု အင်မတန်စိတ်ဝင်စားနေတဲ့ နည်းပညာကဏ္ဍာမှာဆိုရင် လူထုကိုအားတက်စေမယ့် ပုဇင်းတွေ၊ဒီနေရာမှာတော့ ပုဇင်းတွေလို့သုံးပါ့ရစေ။ဒီလိုပုဇင်းလေးတွေကို တီထွင် ကြံဆပြီးတော့ ပုဇင်းအရွယ်ကနေ ငှက်အရွယ်အထိကို လုပ်ဆောင်နိုင်တဲ့အနေအထားအထိရောက်ပြီဆိုတာလည်း မိဘပြည်သူတွေကိုအသိပေးလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနအနေနဲ့ ရှေ့တန်းစစ်မြေပြင်နေရာများမှာ ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေးကို အဓိကလုပ်ဆောင်နေပြီး ITဌာနမှလည်းနိုင်ငံတကာမှ စေတနာ့ဝန်ထမ်းများနဲ့လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ NUG အစိုးရ စီမံ၊ဘဏ္ဍာဝန်ကြီးဌာနက ကာကွယ်ရေးအသုံးစရိတ် ၉၅ ရာခိုင်နှုန်းအသုံးပြုခွင့်ပေးခဲ့
NUG အစိုးရ စီမံ၊ဘဏ္ဍာဝန်ကြီးဌာနက တော်လှန်ရေးရန်ပုံငွေရှာဖွေရရှိမှု၄၈သန်းဝန်းကျင်ရှိပြီး ဘဏ္ဍာရေးကော်မရှင်ဆုံးဖြတ်ချက်နဲ့ ကာကွယ်ရေးအသုံးစရိတ် ၉၅ ရာခိုင်နှုန်းအသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဇူလိုင် ၁၇ ရက်ကျင်းပတဲ့ပြည်သူလူထုနှင့် NUG တွေ့ဆုံပွဲမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးကဆိုပါတယ်။
"ကျနော်တို့ရဲ့ ရောင်းချငွေ စုစုပေါင်းဟာ အခုချိန်မှာဆိုရင် အမေရိကန်ဒေါ်လာ ၄၈သန်းဝန်းကျင်ရရှိထားပြီးဖြစ်ပါတယ်။ဒီဟာကို သုံးစွဲတဲ့နေရာမှာ အမျိုးသား ညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးကော်မရှင် ဆုံးဖြတ်ချက်နဲ့ ကာကွယ်ရေးမှာ၉၅ရာခိုင်နှုန်းအသုံးပြုပြီးတော့ ကျန်တဲ့၅ရာခိုင်နှုန်းကို အုပ်ချုပ်ရေးဖော်ဆောင်တဲ့ဟာနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ လူတွေကို ကူညီစောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှုအသုံးစရိတ်၊ ဝန်ကြီးဌာန အသီးသီးရဲ့ လည်ပတ်စရိတ်မှာ သုံးပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အထူးငွေတိုက်စာချုပ်ပေါင်း (၉၉,၀၀၀) ကျော်ရောင်းချပြီးဖြစ်ကာ EOD ရဲ့ ပရော့ဂျက်ဖြစ်တဲ့ ၁၄/အင်းလျားလမ်းနေအိမ် အစုရှယ်ယာမှာလည်း အမေရိကန်ဒေါ်လာ ၈ သန်းကျော်ဖိုးရောင်းချရပြီးဖြစ်ပါတယ်။
========================
📌📌 ၈။ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှဆင်းလာသော စကစတပ် စစ်ကြောင်း ရမ်းသမ်းပစ်ခတ်၍ အမျိုးသမီးလူငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံး
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှဆင်းလာသော စကစတပ် စစ်ကြောင်း ရမ်းသမ်းပစ်ခတ်၍ ဆယ်ရွာကျေးရွာမှ အမျိုးသမီးလူငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၁၇ ရက် နံနက်ပိုင်းမှာ စကစတပ်ရဲ့ စစ်ကြောင်း အရွေ့ကို မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သတင်းပြန်ကြားရေးအဖွဲ့ကဆိုပါတယ်။
"ကျောက်ရစ်ကျေးရွာမှဆင်းလာသောစကစတပ်စစ်ကြောင်း လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆယ်ရွာကျေးရွာပေါ်သို့ လက်နက်ကြီးကျပြီး အသက် နှစ်ဆယ်ဝန်းကျင် မိန်းကလေးတစ်ယောက် လက်နက်ကြီးထိကာ သေဆုံးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။ အခြား အမျိုးသမီးတစ်ယောက်မှာ မစိုးရိမ်ရ ဒဏ်ရာရရှိပြီး စစ်ကြောင်းမှ ၆၀မမ နဲ့ရွာများကို ပစ်ခတ်နေကြောင်းဆိုပါတယ်။
========================
📌📌 ၉။ ဖရူဆိုမြို့နယ် ၊ ဒေါလောခူကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် KNDF ပူးပေါင်းအဖွဲ့များပစ်ခတ်ရာ တစ်ဦးသေ
ဖရူဆိုမြို့နယ် ၊ ဒေါလောခူကျေးရွာအတွင်းသို့ ဝင်ရောက်၍ အိမ်မွေးတိရိစ္ဆာန် နှင့် ပစ္စည်းများ ဝင်ရောက်ခိုးယူနေသော စစ်ကောင်စီတပ်ဖွဲ့ကို KNDF နဲ့ ပူးပေါင်းအဖွဲ့များပစ်ခတ်ရာ တစ်ဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင် ၁၇ ရက်နေ့မှာ စစ်ရေးသတင်းကို KNDF တပ်ရင်းကဆိုပါတယ်။
"ဇူလိုင်လ (၁၆) ရက်နေ့ ဖရူဆိုမြို့နယ် ၊ ဒေါလောခူကျေးရွာအတွင်းသို့ ဝင်ရောက်၍ နေအိမ်များထဲရှိ ပစ္စည်းအသုံးအဆောင်များနှင့် အိမ်မွေးတိရိစ္ဆာန်များအား ခိုးယူနေသောအကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များအား ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) တို့မှ တိုက်ခိုက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
ဒေါလောခူကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်း၍ ရွာတွင်းမွှေနှောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်မ(၆၆) တပ်ဖွဲ့များအား မနက်(၁၁)နာရီခွဲအချိန်တွင် KNDF B-15 နှင့် KA တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ (၁၀) မိနစ်နီးပါးအကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးခဲ့ပါတယ်။ ထိတွေ့မှုအပြီး မိမိတို့ပူးပေါင်းတပ်၏ ချေမှုန်းခြင်းကိုခံရ၍ သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီ၏တပ်သား ကိုင်ဆောင်လာခဲ့သော MA-1 အမျိုးအစားသေနတ် (၁)လတ် နှင့် ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
========================
📌📌 ၁၀။ ယနေ့ မနက် ဇူလိုင် (၁၇) ရက်နေ့တွင် မြဝတီ - ဝေါ်လေ ကားလမ်းမကြီးအားစကစတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်
ယနေ့ မနက် ဇူလိုင် (၁၇) ရက်နေ့တွင် မြဝတီ - ဝေါ်လေ ကားလမ်းမကြီးအားစကစတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပါတယ်။ ဇူလိုင် ၁၇ ရက်နေ့မှာ ကော်ပရာစစ်ကြောင်းကထုတ်ပြန်ပါတယ်။
"ယနေ့ မနက် ဇူလိုင် (၁၇) ရက်နေ့တွင် မြဝတီ - ဝေါ်လေ ကားလမ်းမကြီးအား လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် လျက်ရှိပါတယ်။ ထိုသို့ အကြမ်းဖက်စစ်ကောင်စီယုတ်မာသော လုပ်ရပ်များဟာ အများပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ်များ အပေါ်ထိခိုက်မှုများ ရှိလာနိုင်သဖြင့် ကော်ဘရာစစ်ကြောင်းအနေဖြင့် လွန်စွာ စိုးရိမ်ပူပန်လျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။
မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့တွင်အကြမ်းဖက်စစ်ကောင်စီ နှင့် ကော်ဘရာစစ်ကြောင်းတို့ ဇူလိုင်လ (၇) ရက်နေ့မှ စတင်၍ ဇူလိုင် (၁၂) ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ မြဝတီ - ဝေါ်လေ ကားလမ်းမကြီးအား တစ်ဖက်သတ် ပိတ်ဆို့ခဲ့မှုကြောင့် ဒေသခံပြည်သူလူထု၏ စားဝတ်နေရေး လွန်စွာ ကြပ်တည်းခဲ့ရာ ကော်ဘရာစစ်ကြောင်းမှ ဇူလိုင်လ (၁၂) ရက်နေ့ ညနေပိုင်းမှ စတင်၍ ပြည်သူလူထု အေးချမ်းလုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေး၊ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် တိုက်ပွဲ ဖြစ်ပွားရာ ဒေသ ဆက်စပ်နေရာများအား နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါတယ်။
ပြည်သူ အများ၏ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အသက်ရှင်ရပ်တည်နိုင်ရေး၊ နေထိုင်သွားလာအဆင်ပြေစေရန် အတွက်ကော်ပရာစစ်ကြောင်းမှ မြဝတီ - ဝေါ်လေ ကားလမ်းမကြီးတစ်လျှောက် အကြမ်းဖက် စစ်ကောင်စီမှ ပိတ်ဆို့ထားသော အတားအဆီးများ၊ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခဲ့ကာ ဇူလိုင် (၁၆) ရက်နေ့၊ ညနေပိုင်းတွင် လမ်းမကြီးအား ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။
ထိုသို့ ကော်ဘရာစစ်ကြောင်းမှ ပြည်သူလူထု၏ လူမှုစီးပွားအတွက် ဆောင်ရွက်ပေးမှု အပေါ် အခွင့်ကောင်းယူကာ အကြမ်းဖက်စစ်ကောင်စီသည် ယုတ်မာပတ်စက်သော အကြံဖြင့် ပြည်သူလူထု အေးချမ်း၊ လုံခြုံစွာ သွားလာနိုင်ခြင်းမရှိသည့်အပေါ် ကော်ဘရာစစ်ကြောင်းမှူး အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါတယ်လို့ဆိုထားပါတယ်။ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက " အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်တိုက်ချင်ရင် စစ်သားတွေပီပီ သတ္တိရှိရှိ၊ သိက္ခာရှိရှိ မျက်နှာချင်းဆိုင် တိုက်ပါ " ဟု အကြမ်းဖက်စစ်ကောင်စီ များအား သတင်းစကားပါးလိုက်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment