17th JUL 2022 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၂ ဇူα€œိုင်α€œ ( ၁၇ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ α€žα€›ုပ် ဆောင် α€’ေါင်းα€€ CDF မင်းတပ် α€™ှ α€€ျဆုံး α€›ဲ α€˜ော် α€†α€œိုင်း ထောင်ထန်းα€Ÿုα€”်း ထား ငွေတိုα€€်α€…ာချုပ် α€α€š်α€šူဂုဏ်ပြု


α€žα€›ုပ်ဆောင် မင်းα€žား α€’ေါင်းα€€ CDF မင်းတပ် α€™ှ α€€ျဆုံးα€›ဲ α€˜ော် α€†α€œိုင်း ထောင်ထန်းα€Ÿုα€”်းထတွα€€် ငွေတိုα€€်α€…ာချုပ် α€α€š်α€šူဂုဏ်ပြုα€œိုα€€် α€€ြောင်း OUR SPRING HEROES Facebook page တွင် α€–ော်ပြထားα€žα€Š်။ α€žα€›ုပ်ဆောင် α€’ေါင်းα€€ α€†α€œိုင်း ထောင်ထန်းα€Ÿုα€”်း ထတွα€€် α€α€š်α€šူ ဂုဏ်ပြုထားα€žα€Š့် Bond ထမှတ်စဉ် α€™ှာ - R0091510 α€–ြα€…် α€€ြောင်းα€žိα€›α€žα€Š်။ ချင်းပြα€Š်α€”α€š် မင်းတပ်α€™ြို့ တွင် ၂၀၂၁ ခုα€”ှα€…် α€™ေα€œ ၁၄ α€›α€€်α€”ေ့ CDF မင်းတပ်α€”ှင့် α€…α€…်α€€ောင်α€…ီတပ် တို့α€–ြα€…် ပွားခဲ့α€žော တိုα€€်ပွဲတွင် α€›ဲα€˜ော် α€†α€œိုင်းထောင်ထန်းα€Ÿုα€”်းα€žα€Š် α€™ြင့်α€™ြတ်α€…ွာ α€‘α€žα€€်ပေးα€œှူခဲ့ ခြင်းα€–ြα€…်α€žα€Š်။

α€šα€ုα€€ဲ့α€žို့ တော်α€œှα€”် α€›ေး တိုα€€်ပွဲဝင်ရင်း α€‘α€žα€€်ပေးα€œှူα€žွား‌ခဲ့α€žα€Š့် α€žူα€›ဲα€€ောင်း α€›ဲα€˜ော်α€†α€œိုင်းထောင်ထန်းα€Ÿုα€”်း၏ α€€ျα€”်α€›α€…်α€žူα€™ိα€žားα€…ုα€€ို α€€ူα€Šီα€…ောင့်α€›ှောα€€်α€žα€Š့်ထ α€”ေα€–ြင့် α€‘α€œှူα€›ှင် α€žα€›ုပ် ဆောင် α€’ေါင်း α€™ှ "α€’ို့α€”ွေဦးα€žူα€›ဲα€€ောင်းထတွα€€် ငွေတိုα€€်α€…ာချုပ်ထား ပေးထပ်ဂုဏ်ပြုα€œိုα€€်ခြင်း α€–ြα€…် α€€ြောင်း α€žိα€›α€žα€Š်။ ပြα€Š်α€žူα€™ျားထနေα€–ြင့် α€”ွေဦးα€žူα€›ဲα€€ောင်းα€™ျားထား α€›α€Š်α€…ူးပြီး α€€ျα€”်α€›α€…်α€žူα€™ိα€žားα€…ုထတွα€€် "α€’ို့α€”ွေဦးα€žူα€›ဲα€€ောင်းထတွα€€် ငွေတိုα€€်α€…ာချုပ်α€™ျားα€€ို ဆက်α€žွα€š်α€α€š်α€šူα€œှူα€’ါα€”်းပေးα€”ိုင်α€€ြောင်း α€žိα€›α€žα€Š်။ 


πŸ“ŒπŸ“Œ α‚။ α€…α€…်α€€ောင်α€…ီ တပ်α€žားတစ်α€₯ီး α€œα€€်α€”α€€်ထပြα€Š့်ထစုံα€–ြင့် CDF မင်းတပ်ထံဝင်α€›ောα€€်ခိုα€œှုံ၊ α€€ျပ်ငွေ α€žိα€”်း (၅၀) ချီးα€™ြှင့်


α€…α€…်α€€ောင်α€…ီ တပ်α€žားတစ်α€₯ီး α€œα€€်α€”α€€်ထပြα€Š့်ထစုံα€–ြင့် CDF မင်းတပ် ထံဝင်α€›ောα€€်ခိုα€œှုံα€œာα€žα€–ြင့် α€€ျပ်α€žိα€”်း ၅၀ ချီးα€™ြှင့် ဂုဏ်ပြုα€œိုα€€်α€€ြောင်း CDF မင်းတပ် α€€ ဇူα€œိုင်α€œ ၁၃ α€›α€€် α€™ွα€”်းα€œွဲပိုင်းတွင် α€žα€α€„်းထုတ်ပြα€”်α€žα€Š်။ ပြα€Š်α€žူα€”ှင့် ပူးပေါင်းα€œာα€žα€Š့် ထဆိုပါ α€…α€…်α€€ောင်α€…ီတပ်α€žားα€žα€Š် ထရှေ့ပိုင်းတိုင်း α€…α€…်α€Œာနချုပ် တပ်α€™ ၅၅ α€œα€€်ထောα€€်ခံ တီα€€ျα€…် (ပင်α€œောင်းα€™ြို့α€”α€š်) ထခြေα€…ိုα€€် ခမရ ၅၁၂၊ တပ်ခွဲ ၄ α€™ှα€–ြα€…်ပြီး α€™α€€ွေးတိုင်း α€šောα€’ေα€ž α€›ှေ့တန်းတစ်α€”ေα€›ာα€™ှ ထွα€€်ပြေးα€œာခြင်းα€–ြα€…်α€žα€Š်။

α€šα€„်း α€…α€…်α€€ောင်α€…ီတပ်α€žားα€žα€Š် မင်းတပ်α€™ြို့α€”α€š်၊ ဝမ္α€™α€žူးα€€ျေးα€›ွာα€žို့ α€…α€…်α€€ြောင်းထိုးα€žα€Š့် ထတွေ့ထကြုံα€›ှိခဲ့α€–ူး α€€ြောင်း α€žိα€›α€žα€Š်။ ၎င်းα€”ှင့်ထတူ MA-1/(23078) တစ်α€œα€€်၊ α€€ျα€Š်ထိα€™် - ၃ ခု α€€ျα€Š်တောင့် - ၁၂၃ တောင့်၊ ထီα€”ာဂါ α€—ုံးα€žီး - ၂ α€œုံး၊ ထီα€€ွα€”်းα€™ဲင်း - ၁ α€‘α€Š် တို့ α€šူဆောင်α€œာα€žα€Š်α€Ÿု ထုတ်ပြα€”်ချα€€်ထရ α€žိα€›α€žα€Š်။ 

 

πŸ“ŒπŸ“Œ αƒ။ ပြα€Š်α€žူα€™ျား α€€ျောα€€်ထု-ပခုα€€္α€€ူ α€œα€™်းပိုင်း α€‘α€žုံးပြုα€™ှု ခေတ္တရပ်α€”ားα€›α€”် α€€ျောα€€်ထု PDF ထုတ်ပြα€”်


ပြα€Š်α€žူα€™ျား α€€ျောα€€်ထု-ပခုα€€္α€€ူ α€œα€™်းပိုင်း α€‘α€žုံးပြုα€™ှုα€€ို ခေတ္တရပ်α€”ားပေးα€€ြပါα€›α€”် α€€ျောα€€်ထု PDF α€€ ၁၅.၇.၂၀၂၂ α€›α€€်α€…ွဲα€–ြင့် ထုတ်ပြα€”်α€œိုα€€်α€žα€Š်။ α€€ျောα€€်ထု - တပြင်း α€€ားα€œα€™်းတွင် α€…α€…်α€€ောင်α€…ီတပ်α€žားα€™ျား ကင်းပုα€”်းချထားα€œျα€€်α€›ှိပြီး α€”ေα€›ာထနှံ့ ထပြားတွင် α€›ှိα€”ေα€€ြα€žα€–ြင့် ထချိα€”်α€™α€›ွေး တိုα€€်ပွဲα€™ျား α€–ြα€…်ပွားα€”ိုင်α€€ြောင်း α€€ျောα€€်ထု PDF α€€ ဆိုα€žα€Š်။ ထို့α€€ြောင့် ၁၅.၇.၂၀၂၂ α€›α€€်α€™ှα€…၍ α€€ျောα€€်ထု - ပခုα€€္α€€ူ α€œα€™်းပိုင်းα€‘α€žုံးပြုခြင်းထား  ‌ရပ်α€”ားပေးထားα€€ြပါα€›α€”်α€”ှင့် α€žေα€›ေးα€›ှင်α€›ေး α€€ိα€…္α€…α€™ျားထတွα€€် α€žွားα€œာα€›α€”်α€œိုထပ်ပါα€€ α€€ျောα€€်ထု PDF α€›ုံးα€–ုα€”်းα€žို့ ဆက်α€žွα€š်α€™ေးα€™ြα€”်းပေးα€€ြပါα€›α€”် α€‘α€žိပေး α€™ေတ္တာရပ်ခံထားα€žα€Š်။

ထဆိုပါ α€œα€™်းပိုင်းα€€ို α€œွတ်α€œα€•်α€…ွာ ပြα€”်α€œα€Š်α€‘α€žုံးပြုα€”ိုင်α€™α€Š့်ထချိα€”်ထား ပြα€”်α€œα€Š်တင်ပြပေးα€žွားα€™α€Š်α€–ြα€…် α€€ြောင်း α€€ျောα€€်ထု PDF (YRPA) α€žα€α€„်းα€”ှင့်ပြα€”်α€€ြားα€›ေး ထုတ်ပြα€”်α€€ြေα€Šာချα€€်တွင် α€–ော်ပြα€žα€Š်။ 

 

πŸ“ŒπŸ“Œ α„။ တူα€™ီးထီ ဆုα€€ြေးငွေ ပြောင်းα€œဲα€žα€်α€™ှတ် α€›ောင်းထား α€™ြင့်α€™ား α€œေ ဆု α€€ြေး ငွေα€™ြင့်တက် α€œေα€–ြα€…်α€™α€Š်


တူα€™ီးထီ ဆုα€€ြေးငွေ ပမာဏ ပြောင်းα€œဲα€žα€်α€™ှတ် α€œိုα€€်ပြီး၊ α€›ောင်းထား α€™ြင့်α€™ား α€œေ ဆု α€€ြေး ငွေ α€™ြင့်တက် α€œေ α€–ြα€…်α€™α€Š် α€€ြောင်း CRFP (တူα€™ီးထီ) ထဖွဲ့α€€ ဇူα€œိုင်α€œ ၁၄ α€›α€€် α€”ေ့တွင် α€žα€α€„်းထုတ်ပြα€”်α€žα€Š်။ ထစောင်α€›ေ ၂၀၀ ပြα€Š့် α€™ြောα€€်ပြီα€–ြα€…်၍ ဆုα€€ြေးတိုးα€™ြှင့်α€œိုα€€်ခြင်း α€–ြα€…် α€€ြောင်းα€žိα€›α€žα€Š်။ ၂၀၂၂ ခုα€”ှα€…်၊ α€™ေα€œα€™ှ စတင်၍ တူα€™ီးထီα€œုပ်ငန်းα€€ို စတင်α€œα€Š်ပတ်ခဲ့α€›ာတွင် ဆုα€€ြေးငွေပမာဏ ထတိထကျ α€žα€်α€™ှတ်ပြီး α€œုပ်ငန်း α€œα€Š်ပတ်ခဲ့ပြီး α€šα€ုထခါတွင် ဆုα€€ြေးငွေပမာဏများα€€ို ထတိထကျ α€žα€်α€™ှတ်ထားတော့α€™α€Š် α€™α€Ÿုတ်α€˜ဲ တူα€™ီးထီ α€›ောင်းရငွေα€…ုα€…ုပေါင်းထဲα€™ှ ၂၅ α€›ာခိုင်α€”ှုα€”်းα€€ို ဆုα€€ြေးငွေထဖြα€…် ပြောင်းα€œဲ α€žα€်α€™ှတ်α€œိုα€€် ခြင်းα€–ြα€…်α€žα€Š်။ 

"တူα€™ီးထီ α€›ောင်းထား α€™ြင့်α€™ားα€œေ ဆုα€€ြေးငွေ α€™ြင့်တက်α€œေ" α€–ြα€…်ပါα€™α€Š် α€Ÿု တူα€™ီးထီထဖွဲ့α€€ ဆိုα€žα€Š်။ ထစောင် α€›ေ ၅၀ ပြα€Š့်တိုင်း ဆုα€€ြေး ထပ်α€™ံတိုး α€™ြှင့်α€žွားα€™α€Š်α€–ြα€…်α€žα€–ြင့် α€™ျားα€™ျားပေါα€€်α€–ို့ α€™ျားα€™ျားထိုး၍ တော်α€œှα€”် α€›ေးα€€ို ထောα€€်ပံ့α€€ူα€Šီ ပေးα€€ြပါα€›α€”် တူα€™ီးထီထဖွဲ့α€€ တိုα€€်တွα€”်းထားα€žα€Š်။

 

πŸ“ŒπŸ“Œ α…။ α€™ြα€”်α€™ာα€…α€…်တပ်α€›ဲ့ α€œူ့ထခွင့်ထရေးချိုးα€–ောα€€်α€™ှုတွေ Facebook ထစီရင်ခံα€…ာα€™ှာ α€–ော်ပြ


Meta α€œို့ α€‘α€™α€Š်ပြောင်းထားတဲ့ Facebook α€€ုα€™္ပဏီα€€ α€’ီα€€α€”ေ့ထုတ်ပြα€”်α€œိုα€€်တဲ့ ပထမဆုံးထကြိα€™် α€œူ့ထခွင့်ထရေး ထစီရင်ခံα€…ာα€™ှာ α€™ြα€”်α€™ာα€”ိုင်ငံတွင်း α€…α€…်တပ်α€›ဲ့ α€œူ့ထခွင့်ထရေး ချိုးα€–ောα€€်α€™ှုတွေα€€ို ထကျα€š်တဝင့် α€–ော်ပြထားပါα€α€š်။ α€™ြα€”်α€™ာα€…α€…်တပ်α€Ÿာ ထာဏာα€žိα€™်းα€šူပြီးα€”ောα€€် ငြိα€™်းချα€™်းα€…ွာဆန္ဒပြα€žူတွေ၊ တက်α€€ြွα€œှုပ်α€›ှားα€žူတွေ၊ α€žα€α€„်း α€™ီα€’ီα€šာα€žα€™ားတွေထပေါ် α€œူ့ထခွင့်ထရေး ချိုးα€–ောα€€်α€™ှုတွေ α€€ျူးα€œွα€”်ခဲ့α€žα€œို α€œွတ်α€œွပ်α€…ွာ ထုတ်α€–ော် ပြောဆိုခွင့် α€€ို ချိုးα€”ှိα€™်ခဲ့α€α€š်α€œို့ α€–ော်ပြပါα€›ှိပါα€α€š်။ ထာဏာα€žိα€™်းပြီးα€”ောα€€် α€™ြα€”်α€™ာα€”ိုင်ငံα€™ှာ α€–ြα€…်ပေါ်α€œာတဲ့ ထခြေထနေတွေ α€€ို Facebook ထနေα€”ဲ့ ထရေးပေါ်ထဖြα€…် α€žα€်α€™ှတ်α€…ောင့်α€€ြα€Š့်ခဲ့α€žα€œို ထွα€”်α€œိုင်း ခြိα€™်းခြောα€€်α€™ှုတွေα€€ိုα€œα€Š်း ထချိα€”်α€”ဲ့ တစ်ပြေးα€Šီ တုံ့ပြα€”်ခဲ့α€α€š်α€œို့ ဆိုပါα€α€š်။ 

Facebook ထနေα€”ဲ့ ပြီးခဲ့တဲ့ α‚α€ααˆ ခုα€”ှα€…်α€™ှာ တပ်မတော်α€€ာα€€ွα€š်α€›ေး ဦးα€…ီးချုပ် α€—ိုα€œ်ချုပ်α€™ှူးα€€ြီး မင်းထောင် α€œှိုင် ထပါထဝင် α€…α€…်တပ်α€”ဲ့ ပတ်α€žα€€်ဆက်α€”ွα€š်တဲ့ ထကောင့် α€…ာα€™ျα€€်α€”ှာပေါင်း ၂ဝ α€€ျော်α€€ို ပိတ်ခဲ့ပါα€α€š်။ ထာဏာα€žိα€™်းပြီးα€”ောα€€်α€™ှာα€œα€Š်း တပ်မတော်α€žα€α€„်းα€™ှα€”်ပြα€”်α€€ြားα€›ေး α€…ာα€™ျα€€်α€”ှာ၊ α€™ြα€”်α€™ာ့α€›ုပ်α€™ြင်α€žံα€€ြား α€…ာα€™ျα€€် α€”ှာ၊ α€…α€…်တပ်α€”ဲ့ ပတ်α€žα€€်ဆက်α€”ွα€š်တဲ့ α€…ီးပွားα€›ေး α€œုပ်ငန်းα€…ာα€™ျα€€်α€”ှာတွေα€€ို Facebook α€€α€”ေ α€–α€š်α€›ှားခဲ့α€α€š်α€œို့ ဆိုပါα€α€š်။ ထာဏာα€žိα€™်းပြီးα€”ောα€€် ပြα€Š်α€žူတွေα€›ဲ့ ထွα€”်α€œိုင်းα€žုံးα€…ွဲα€™ှု ထခြေထနေ α€œုံခြုံ α€›ေးထတွα€€် α€€ိုα€š့်α€›ဲ့ α€…ာα€™ျα€€်α€”ှာα€€ို α€žော့ခတ်ထားα€œို့ရတဲ့ Lock Profile α€…α€”α€…်α€€ိုα€œα€Š်း Facebook α€€ α€œုပ်ပေးခဲ့ပါα€α€š်။ Facebook α€€ုα€™္ပဏီα€€ ထုတ်ပြα€”်α€œိုα€€်တဲ့ ပထမဆုံးထကြိα€™် α€œူ့ထခွင့်ထရေး ထစီရင်ခံα€…ာα€™ှာ α€™ြα€”်α€™ာ၊ ထီα€žီα€šိုး ပီးα€šား၊ α€™α€€္ကဆီα€€ို၊ ထာဖဂန်α€”α€…္စတန်α€”ိုင်ငံတွေα€€ို ထန္တရာα€š်α€€ျα€›ောα€€်တဲ့ α€”ိုင်ငံတွေထဖြα€…် α€–ော်ပြထားပါα€α€š်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment