၂၀၂၂ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ CDM ဝင်၍ အခြေအနေအရ ပုန်းရှောင်နေကြရသူများကို ပြစ်တင် ရှုတ်ချမှာမဟုတ်ဘဲ အသိအမှတ်ပြု ဂုဏ်ယူနေပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
📌 ၃။ ကရင်အမျိုးသားပြည်သူ တစ်ရပ်လုံးကို အစဥ်အမြဲ အကာအကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းအဖြစ် ခိုင်မာစွာဆက်လက် ရပ်တည် နိုင်ပါစေကြောင်း (၇၅) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့သို့ NUG အစိုးရက သဝဏ်လွှာပေးပို့
📌 ၄။ အာဏာရှင်ပြုတ်မကျမချင်း လက်မလျှော့ဘူးလို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအကုန်လုံးဆီက သတင်းစကားကြားခဲ့ရတယ်လို့ သရုပ်ဆောင်ဒေါင်းက မျှဝေပြောကြား
📌 ၅။ ကော်ပရာ စစ်ကြောင်းက ကျည်ဆန်နဲ့ အီနာဂါ ဗုံးသီးများ တိုက်ပွဲဝင်ဖို့ဝယ်ယူဖြည့်တင်း
📌 ၆။ UNITY PDF မှ လက်နက် (၃) လက်နှင့် လိုအပ်သော ကျည်များအား ဝယ်ယူ
📌 ၇။ ထွက်ပြေးခဲ့သော စကစတပ်စစ်ကြောင်းထံမှ ကော်ပရာစစ်ကြောင်းက စစ်လက်နက် ပစ္စည်းများသိမ်းဆည်းရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ CDM ဝင်၍ အခြေအနေအရ ပုန်းရှောင်နေကြရသူများကို ပြစ်တင် ရှုတ်ချမှာမဟုတ်ဘဲ အသိအမှတ်ပြု ဂုဏ်ယူနေပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
CDM ဝင်၍ အခြေအနေအရ ပုန်းရှောင်နေကြရသူများကို ပြစ်တင် ရှုတ်ချမှာမဟုတ်ဘဲ အသိအမှတ်ပြု ဂုဏ်ယူနေပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ဒုတိယပတ်အတွင်း ကျင်းပတဲ့ ပို့ချခြင်းအစီအစဥ်တစ်ခုမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
"CDM လုပ်ကတည်းက ဒီတော်လှန်ရေးကိုပါဝင်ခဲ့ကြတဲ့သူတွေ တချို့ကတော့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတယ်။တကယ်ကို အသက်ပေးပြီး လုပ်နေတဲ့လူတွေရှိသလို တချို့ကတော့ အခြေအနေအရ ပုန်းရှောင်နေကြရတဲ့လူလည်းရှိတယ်။ဒါနဲ့ပတ်သက်ပြီး လေးလည်းလေးစားတယ်။အသိအမှတ်လည်းပြုတယ်။ဂုဏ်လည်းယူတယ်။မပါဝင်ရကောင်းလားလို့ စိတ်မကောင်းလည်းမဖြစ်နဲ့။ CDM လုပ်တာနဲ့တင် လုံလောက်နေပါပြီ"လို့ ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုများ ပညာရေးနဲ့ကျန်းမာရေးဝန်ထမ်းအများစုဟာပါဝင်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ဗီဒီယို ကွန်ဖရင့်မှတဆင့်တွေ့ဆုံခဲ့ပါတယ်။
အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာ စကားပြောကြားပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးက ဝန်ကြီးဌာန၏မူဝါဒများ၊ ဖွဲ့စည်းပုံများ၊ ရည်မှန်းချက်များ၊ ကြားကာလအတွင်း မဟာဗျူဟာလုပ်ငန်းစဉ် (၅)ရပ်နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ မူပိုင်ခွင့်ဆိုင်ရာများ၊ မူဝါဒ(မူကြမ်း)များ ရေးဆွဲထားခြင်း၊ ပြည်ထောင်စုအဆင့်ကော်မတီနှင့် ကော်မရှင်များတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ကိုပြောကြားပါတယ်။
ထို့နောက်နိုင်ငံတကာနှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုများ၊ နည်းပညာအကြံပေးအဖွဲ့များဖွဲ့စည်းခြင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အတွင်းဝန်၊ တွဲဖက်အတွင်းဝန်များတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ကရင်အမျိုးသားပြည်သူ တစ်ရပ်လုံးကို အစဥ်အမြဲ အကာအကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းအဖြစ် ခိုင်မာစွာဆက်လက် ရပ်တည် နိုင်ပါစေကြောင်း (၇၅) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့သို့ NUG အစိုးရက သဝဏ်လွှာပေးပို့
ကရင်အမျိုးသားပြည်သူ တစ်ရပ်လုံးကို အစဥ်အမြဲ အကာအကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းအဖြစ် ခိုင်မာစွာဆက်လက် ရပ်တည် နိုင်ပါစေကြောင်း (၇၅) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့သို့ NUG အစိုးရက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင်ကျရောက်သော (၇၅) နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (Karen National Defense Organization) နေ့ကို ဂုဏ်ပြုကြိုဆိုပါကြောင်း ဖော်ပြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင် မန်းဘဇံဦးဆောင်သော Karen National Defense Organization ကိုဖွဲ့စည်းခဲ့ပါတယ်။ Karen National Defense Organization ဟာ ကရင့်လက်နက်ကိုင်တော်လှန်ရေးရဲ့ အခြေခံ အုတ်မြစ်ဖြစ်သည့်အပြင် သမိုင်းအစဥ်အလာ ကြီးမားသော အဖွဲ့အစည်းကြီးတစ်ခုလည်းဖြစ်ပါတယ်။
(၇၅) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နေ့တွင် ကရင်တစ်မျိုးသားလုံး၏ အသက်အိုးအိမ် စည်းစိမ်နှင့်ဂုဏ်သိက္ခာကို ကာကွယ် စောင့်ရှောက်ရန်အတွက် အသက်နှင့်ခန္ဓာ စွန့်လွှတ်ပေးဆပ်ခဲ့သော ကရင့်အာဇာနည်သူရဲကောင်းများနှင့် ကရင်ပြည်သူများအားလုံးကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုအပ်ပါတယ်လို့ဆိုပါတယ်။
Karen National Defense Organization သည် ကရင်အမျိုးသားပြည်သူ တစ်ရပ်လုံးကို အစဥ်အမြဲ အကာအကွယ်ပေးနိုင်သည့် အဖွဲ့အစည်းအဖြစ် ခိုင်မာစွာဆက်လက် ရပ်တည် နိုင်ပါစေကြောင်းနှင့် ကရင်ပြည်သူများနှင့်တကွ ပြည်ထာင်စုဖွား ပြည်သူများအားလုံး မျှော်မှန်း တောင့်တလျက်ရှိသော စစ်အာဏာရှင်စနစ်ကို အပြီးတိုင်အမြစ်ဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ တရားမျှတရေး၊ တန်းတူရေးတို့ကို အပြည့်အဝ အာမခံသော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်တွဲညီစွာဖြင့် ဝိုင်းဝန်း ကြိုးပမ်းအားထုတ် အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။
========================
📌📌 ၄။ အာဏာရှင်ပြုတ်မကျမချင်း လက်မလျှော့ဘူးလို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအကုန်လုံးဆီက သတင်းစကားကြားခဲ့ရတယ်လို့ သရုပ်ဆောင်ဒေါင်းက မျှဝေပြောကြား
အာဏာရှင်ပြုတ်မကျမချင်း လက်မလျှော့ဘူးလို့ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအကုန်လုံးဆီက သတင်းစကားကြားခဲ့ရတယ်လို့ သရုပ်ဆောင်ဒေါင်းက မျှဝေပြောကြားလိုက်ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာကျင်းပတဲ့ "မမများနဲ့ပွဲကမယ်" မြေပြင်ထောက်ပို့ တော်လှန်ရေးစကားဝိုင်းမှာ သရုပ်ဆောင် ဒေါင်းကပြောပါတယ်။
"ဒီအာဏာရှင် ပြုတ်မကျမချင်း လက်မလျှော့ဘူးဆိုတဲ့ စကားက ရဲဘော်တွေအကုန်လုံးဆီက ကြားခဲ့ရပါတယ်။ကျနော်အတွက်လည်း အားဖြစ်စေတယ်။အခုချိန်မှာ စိတ်ဓာတ် ကျတာမျိုးဘယ်သူ့ဆီကမှ ဘာအကြောင်းအရာမှ သိပ်မကြားခဲ့ရပါဘူး။အဲဒါတွေက ကျနော်အတွက် တန်ဖိုးရှိပါတယ်။ရဲဘော်တွေကိုလည်း လေးလည်းလေးစားတယ်"လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များရှိရာသို့ သရုပ်ဆောင်ဒေါင်းနဲ့ အနုပညာရှင်များဟာ အားပေးစကား လွန်ခဲ့သော လများက သွားရောက်ပြောကြားခဲ့ပါတယ်။
========================
📌📌 ၅။ ကော်ပရာ စစ်ကြောင်းက ကျည်ဆန်နဲ့ အီနာဂါ ဗုံးသီးများ တိုက်ပွဲဝင်ဖို့ဝယ်ယူဖြည့်တင်း
ကော်ပရာ စစ်ကြောင်းက ကျည်ဆန်နဲ့ အီနာဂါ ဗုံးသီးများ တိုက်ပွဲဝင်ဖို့ဝယ်ယူဖြည့်တင်းခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာ ကျည်ဆန်များနဲ့ အီနာဂါဗုံးသီးများရောက်ရှိကြောင်းကော်ပရာစစ်ကြောင်းကဖော်ပြပါတယ်။
"ပြည်သူတွေရဲ့ပံ့ပိုးမှုပါ။အမြင်အားဖြင့် နည်းတယ်ထင်ရပေမယ့် တန်ဖိုးငွေ ၁၈ သိန်းကျော်ခန့်အကုန်ကျခံပြီး ပွဲကဖို့ဝယ်ယူစုဆောင်းထားတဲ့ လက်နက်ခဲယမ်းတချို့ဖြစ်ပါတယ်။စုစုပေါင်း ၂၅ သိန်းဖိုးခန့် ဝယ်ယူထားပြီး ထပ်မံရရှိအောင်လည်းကြိုးစားနေပါတယ်" လို့ ဆိုပါတယ်။ ကော်ပရာ စစ်ကြောင်းဟာ ကရင်ပြည်နယ်မှာ စကစတပ်များ စစ်ကြောင်းတစ်ကြောင်းလုံးအထိနာတဲ့အထိ တိုက်ပွဲဝင်နိုင်တဲ့စစ်ကြောင်းလည်းဖြစ်ပါတယ်။
========================
📌📌 ၆။ UNITY PDF မှ လက်နက် (၃) လက်နှင့် လိုအပ်သော ကျည်များအား ဝယ်ယူ
UNITY PDF မှလက်နက် (၃) လက်နှင့် လိုအပ်သော ကျည်များအား ဝယ်ယူခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာ UNITY PDF မှ အသိပေးဖော်ပြပါတယ်။
"ကျွန်တော်/ကျွန်မတို့ဆီကို ရောက်ရှိသော အလှူငွေများကို စုဆောင်းပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဆင်ဖြူစစ်ကြောင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောစလုံး၏ လမ်းညွှန်မှုဖြင့် UNITY PDF မှ PDF လေးများထံသို့ လက်နက် (၃) လက်နှင့် လိုအပ်သော ကျည်များအား ဝယ်ယူ၍ ယနေ့ အပ်နှံခဲ့ပါကြောင်း အသိပေးတင်ပြအပ်ပါတယ်"လို့ဖော်ပြပါတယ်။ UNITY PDFဟာ စကစတပ်များကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ ထွက်ပြေးခဲ့သော စကစတပ်စစ်ကြောင်းထံမှ ကော်ပရာစစ်ကြောင်းက စစ်လက်နက် ပစ္စည်းများသိမ်းဆည်းရမိ
ထွက်ပြေးခဲ့သော စကစတပ်စစ်ကြောင်းထံမှ ကော်ပရာစစ်ကြောင်းက စစ်လက်နက် ပစ္စည်းများထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်မှာ ကော်ပရာ စစ်ကြောင်းက သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းများကိုဖော်ပြခဲ့ပါတယ်။
"ထိတ်လန့်ကြောက်ရွံ့လျက် ထွက်ပြေးခဲ့သော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများအား ကော်ဘရာစစ်သည်များမှ နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်ခဲ့ရာ ဇူလိုင်လ (၁၆) ရက်နေ့ တွင်စစ်လက်နက်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့တယ်" လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီထံမှသိမ်းဆည်းရမိသောစစ်လက်နက်ပစ္စည်းများမှာ ဆက်သွယ်ရေးစက် အကြီး (၁) လုံး ၊ဆက်သွယ်ရေးစက် အသေး (၁) လုံး၊၅.၅၆ ကျည် (၄၀၀) ခန့်၊စက်လက်ကျည် (၁၀၀)ခန့်၊ RPG ဗုံးသီး (၁)လုံး၊ RPG ယမ်းတောင့် (၁) တောင့်၊ ၆၀မမ ဗုံးသီး (၃) လုံး၊ ၄၀မမ (၁၅) လုံး၊ အီနာကာ (၃)လုံး၊ ဖုန်း (၁)လုံး၊ ဆိုလာ (၁)ချပ် နှင့် အသုံးအဆောင်ပစ္စည်းများစွာ ကို သိမ်းဆည်းရမိခဲ့ပါတယ်။
No comments:
Post a Comment