18th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီဟာ လူ့အသက်တွေတန်ဖိုးရှိတယ်ဆိုတာကို မသိရှိဘဲ သတ်ဖြတ်နေပြီး တိုင်းပြည်ကို မျှော်လင့်လို့မရအောင် လုပ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်

📌 ၂။ ထိန်းချုပ်ထားနိုင်တဲ့ ၃၆ မြို့နယ်က မြေပြင်အနေအထားကို ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အမှန်တကယ်ထိန်းချုပ်ထားနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို

📌 ၃။ မဟာမိတ် ERO အသစ်များ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်လာဖို့ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး သတင်းစကားပါး

📌 ၄။ နွေဦးတော်လှန်ရေးမှာ နေသာသလို နေနေကြတဲ့ လူများတော်လှန်ရေးမှာ ပါဝင်လာဖို့ စည်းရုံးကြရန် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တိုက်တွန်း

📌 ၅။ စစ်ကောင်စီရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာခုံရုံးတင်ပြီး တရားမျှတမှုဖော်ဆောင်နိုင်စေဖို့  အမျိုးသားညီညွတ် ရေး အစိုးရက ICC သို့တင်ပြခဲ့မှုအပေါ်  ICC အနေဖြင့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်

📌 ၆။ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေး အခက်အခဲကြုံတွေ့နေရတဲ့ကိစ္စနှင့် ပတ်သက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ဖြေကြား

📌 ၇။ အမေရိကန်ရောက်မြန်မာများ ဆန်ဖရန်စစ္စကိုမြို့တွင် လူထုလှုပ်ရှားမှုကျင်းပ

📌 ၈။ Kaung For You Education မှ လုံခြုံရေးအရ တိမ်းရှောင်ရန်လိုနေသောဆရာ၊ဆရာမများကို NUG အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ကယ်ထုတ်ပေးရန် လိုလား

📌 ၉။ ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စကစတပ်များ စစ်ကြောင်းထိုးကာ ကျေးရွာများကိုမွှေနှောက်သောင်းကျန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီဟာ လူ့အသက်တွေတန်ဖိုးရှိတယ်ဆိုတာကို မသိရှိဘဲ သတ်ဖြတ်နေပြီး တိုင်းပြည်ကို မျှော်လင့်လို့မရအောင် လုပ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်


စစ်ကောင်စီဟာ လူ့အသက်တွေတန်ဖိုးရှိတယ်ဆိုတာကို မသိရှိဘဲ သတ်ဖြတ်နေပြီး တိုင်းပြည်ကို မျှော်လင့်လို့မရအောင် လုပ်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင် ၁၇ ရက်နေ့က ကျင်းပတဲ့ NUG အစိုးရနဲ့ ONE DAY CHALLENGE မင်ဘာများတွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။


"စစ်ကောင်စီဟာ မြန်မာပြည်သူတွေကို အဘက်ဘက်ကနေ နည်းပေါင်းစုံနဲ့သတ်ဖြတ်လျက်ရှိပါတယ်။အပျော်တမ်းသဘောမျိုးသတ်ဖြတ်နေတာတွေလည်းရှိပါတယ်။ တကယ်တော့လူ့အသက်တွေဟာ အင်မတန်မှ တန်ဖိုးရှိတယ်ဆိုတာကို သူတို့ မသိပါဘူး။ လူတွေကို လုပ်ချင်ရာလုပ်ပြီး တိုင်းပြည်ကလုံးဝမျှော်လင့်လို့ မရအောင် သူတို့ကလုပ်နေပါတယ်"လို့ဆိုပါတယ်။


စစ်အာဏာ သိမ်းပြီးနောက် သေဆုံးခဲ့တဲ့ ပြည်သူနှစ်ထောင်ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ "မြန်မာနိုင်ငံထဲမှာရှိတဲ့စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူလူထုကို မျိုးစုံသတ်ဖြတ်ညှင်းဆဲ ချိန်းခြောက်ပြီးလုပ်နေတာဖြစ်ပါတယ်။ဒါပေမဲ့ ပြည်သူလူထုဟာ လုံးဝ စိတ်ဓာတ် လျှော့မှာ မဟုတ်ပါဘူး"လို့ ယာယီသမ္မတ ဒူဝါလရှီးလကထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၂။ ထိန်းချုပ်ထားနိုင်တဲ့ ၃၆ မြို့နယ်က မြေပြင်အနေအထားကို ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အမှန်တကယ်ထိန်းချုပ်ထားနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်ထားနိုင်တဲ့၃၆မြို့နယ်က မြေပြင်အနေအထားကို ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အမှန်တကယ်ထိန်းချုပ်ထားနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဇူလိုင် ၁၇ ရက်မှာ ကျင်းပတဲ့ပြည်သူလူထုနှင့် NUG တွေ့ဆုံပွဲမှာ ပြည်ထဲရေးဝန်ကြီး ပြောကြားခဲ့ပါတယ်။


"ထိန်းချုပ်နိုင်တဲ့ ၃၆ မြို့နယ်ကို ထုတ်ပြောတယ်ဆိုတာက မြေပြင်ရဲ့အနေအထားကို ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိထိန်းချုပ်မှု အမှန်တကယ်ရှိပါတယ်။ဘာကြောင့် ကျနော်တို့ ဒီလိုပြောရလဲဆိုရင် ပုံမှန်မြေပြင်အချက်အလက်ကို အမြဲတမ်းကောက်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စစ်ကိုင်းထဲက ကန့်ဘလူ၊ကစာ၊ကောလင်းမြို့နယ်များတွင် အုပ်ချုပ်ရေးအစီအစဥ်များကို NUG အစိုးရကစတင်နေပြီဖြစ်ပါတယ်။


========================


📌📌 ၃။ မဟာမိတ် ERO အသစ်များ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်လာဖို့ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး သတင်းစကားပါး


မဟာမိတ် ERO အသစ်များ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်လာဖို့ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က သတင်းစကားပါးပြောကြားပါတယ်။ ဇူလိုင် ၁၇ ရက်ကျင်းပတဲ့ NUG အစိုးရနဲ့ ONE DAY CHALLENGE မင်ဘာများတွေ့ဆုံပွဲမှာကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။

 

"လက်ရှိမှာ NUG နဲ့ထဲထဲဝင်ဝင် ဆောင်ရွက်နေတဲ့ ERO ကဆိုလို့ရှိရင် နိုင်ငံရေးရော စစ်ရေးမှာပါအမြဲတမ်း ပေါင်းစပ် ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။လက်ရှိ ပူးပေါင်းဆောင်ရွက်နေတဲ့ ERO များအပြင်မဟာမိတ် ERO အသစ်များလည်း ဒီတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်လာဖို့လည်း ရှိတယ်ဆိုတာ ကျနော့်အနေနဲ့ သတင်းကောင်းပါးပါတယ်"လို့ ဆိုပါတယ်။ NUG အစိုးရဟာ လက်ရှိမှာ KNU နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့လည်း ဆွေးနွေးလျက်ရှိပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးမှာ နေသာသလို နေနေကြတဲ့ လူများတော်လှန်ရေးမှာ ပါဝင်လာဖို့ စည်းရုံးကြရန် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တိုက်တွန်း


နွေဦးတော်လှန်ရေးမှာ နေသာသလို နေနေကြတဲ့ လူများတော်လှန်ရေးမှာ ပါဝင်လာဖို့ စည်းရုံးကြရန် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တိုက်တွန်းပြောပါတယ်။ ဇူလိုင် ၁၇ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်များနှင့် ONE DAY CHALLENGE မင်ဘာများ တွေ့ဆုံဆွေးနွေးပွဲမှာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။


"မိမိတို့နဲ့ နီးစပ်ရာမှာ နေသာသလိုနေနေကြတဲ့လူတွေကို ဆွဲခေါ်ပါ။ဆွဲခေါ်ပြီး ဒီတော်လှန်ရေးမှာပါဝင်လာအောင် စည်းရုံးပါ။စည်းရုံးလိုက်ရင် ဒီတော်လှန်ရေး မြန်မြန်အောင်မြင်ပါမယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဒါ့အပြင် ပြည်သူများကျရာ ကဏ္ဍာကနေပါဝင်ဖို့လိုအပ်ပြီးတော့ တော်လှန်ရေးဟာ ပြည်တွင်းပြည်ပနေထိုင်သူ နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တယ်လို့ဝန်ကြီးကထပ်လောင်းပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာခုံရုံးတင်ပြီး တရားမျှတမှုဖော်ဆောင်နိုင်စေဖို့  အမျိုးသားညီညွတ် ရေး အစိုးရက ICC သို့တင်ပြခဲ့မှုအပေါ်  ICC အနေဖြင့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်


စစ်ကောင်စီရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာခုံရုံးတင်ပြီး တရားမျှတမှုဖော်ဆောင်နိုင်စေဖို့  အမျိုးသားညီညွတ် ရေး အစိုးရက ICC သို့တင်ပြခဲ့မှုအပေါ်  ICC အနေဖြင့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။ ဇူလိုင် ၁၇ ရက်နေ့ လူမှုကွန်ရက်မှာ လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းကရေးသားပြောကြားခဲ့ပါတယ်။


"မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ အကြမ်းဖက်အာဏာသိမ်းဖို့ကြိုးပမ်းလျက်ရှိတဲ့ စစ်ကောင်စီရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာခုံရုံးတင်ပြီး တရားမျှတမှုဖော်ဆောင်နိုင်စေဖို့  အမျိုးသားညီညွတ် ရေး အစိုးရက ICC သို့ ၂၀၂၂ ခုနှစ်ကတည်းက စတင်ပြီး စစ်ကောင်စီဖက်က ကျုးလွန်ခဲ့တဲ့ ရာဇဝတ်များနှင့် ပတ်သက် ပြီးထိရောက်တဲ့အရေးယူမှုတွေလုပ်နိုင်ဖို့ တင်ပြခဲ့မှုအပေါ်  ICC အနေဖြင့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နေ ပြီဖြစ်တဲ့အကြောင်း  သူတို့ရဲ့ လုပ်ပိုင်ခွင့် ၁၂/ ကို အသုံးပြုပြီး  ကြေညာချက် Declaration ထုတ် ပြန်ခဲ့ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့၊ဖြစ်ပွားလျက်ရှိတဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ တရားရုံးတွေ၊ ခုံရုံးတွေထိ တင်ပြပြီး တရားမျှတမှုရရှိစေရေးနဲ့  နောင်တွင် ယခုကဲ့သို့ စစ်ရာဇဝတ် မှုများကို နိုင်ငံတွင်းတွင် မည်သူ တစ်ဦးတယောက်ကမှ ထပ်မံကျုးလွန်ခြင်း မရှိစေရေး အစွမ်းကုန် ကြိုးစားပြီး တရား မျှတမှုကို ဖော်ဆောင်လျက်ရှိပါတယ်လို့ World day of International Justice နေ့မှာ ဝန်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။ စကစတပ်များဟာ အစုလိုက်၊အပြုံလိုက် မီးရှို့သတ်ဖြတ်မှုအပါအဝင် လူ ၁၇၀ ကျော်ကို နယ်မြို့များမှာသတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ၆။ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေး အခက်အခဲကြုံတွေ့နေရတဲ့ကိစ္စနှင့် ပတ်သက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ဖြေကြား


ဇူလိုင်လ (၁၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်သူလူထုနှင့် NUG အစိုးရတွေ့ဆုံပွဲမှာ နိုင်ငံရပ်ခြားမှာ ရောက်ရှိနေတဲ့ မြန်မာလူမျိုးများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် စစ်ကောင်စီလက်အောက်ခံ သံရုံးဝန်ထမ်းများက လုပ်ငန်းစဉ်နှေးကွေးအောင်ပြုလုပ်နေကြပြီး မစောင့်ဆိုင်းနိုင်ပါက ပြည်တွင်းသို့ပြန်ဝင်ပြီး သက်တမ်းတိုးရန် တွန်းအားပေးနေသည့်အတွက် NUG အစိုးရအနေဖြင့် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ဖြေကြားခဲ့ပါတယ်။


"အခုလိုမျိုး ပတ်စ်ပို့ကိစ္စနဲ့ပတ်သက်လာရင် ကျွန်တော်တို့အနေနဲ့ ဘယ်လိုလုပ်ဆောင်လို့ ရမလဲဆိုတာကို တောက်လျှောက်စဉ်းစားညှိနှိုင်းပြီးတော့ အချို့တွေလည်း ဉပဒေပိုင်းဆိုင်ရာတွေနဲ့ နွယ်တဲ့အတွက်ကြောင့်ဉပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဆီကလည်း ကျွန်တော်တို့ တီးခေါက်ရတာတွေရှိပါတယ်။ ပတ်စ်ပို့ထုတ်ပေးတာက အစိုးရတစ်ခုအနေနဲ့ ရပါတယ်။ ဒါပေမယ့် အသိအမှတ်ပြုမှုဆိုတဲ့ဟာမှာတော့ မေးခွန်းထုတ်လာနိုင်စရာရှိပါတယ်" 


သံအမတ်ကြီးက နိုင်ငံအသီးသီး၏သံရုံးများသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးများ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းအပြင် ပြည်ပရောက် မိမိနိုင်ငံသားများကို ကူညီဝန်ဆောင်မှုပေးရန်လည်း တာဝန်ရှိပါကြောင်း၊ NUG အစိုးရအနေဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာအရပါ အကြံဉာဏ်ရယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်တွေ့မြေပြင်ပိုင်းတွင် အသိအမှတ်ပြုမှု ပိုမိုခိုင်မာအောင် ပြည်သူများနှင့်အတူ လက်တွဲ၍ ဖြစ်မြောက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းသွားကြရမှာဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပါတယ်။


========================


📌📌 ၇။ အမေရိကန်ရောက်မြန်မာများ ဆန်ဖရန်စစ္စကိုမြို့တွင် လူထုလှုပ်ရှားမှုကျင်းပ


အမေရိကန်ရောက်မြန်မာများ ဆန်ဖရန်စစ္စကိုမြို့တွင် လူထုလှုပ်ရှားမှုကျင်းပခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့က Free Burma Action Committe-San Francisco အဖွဲ့မှ ဦးဆောင်ကာအာဇာနည်နေ့အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုများလုပ်ဆောင်ခဲ့ပါတယ်။ "(၆၈)ကြိမ်မြောက် အလံမလိပ် အသံမတိတ် ဆန်ဖရန်သပိတ်တိုက်ပွဲ" ခေါင်းစဥ်ဖြင့် ဆန်ဖရန်စစ္စကိုမြို့ City Hall ရှေ့မှာ လူအများပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" "PDF ကို အားဖြည့်ပေး စစ်အစိုးရဖြုတ်ချရေး"စတဲ့ဗီနိုင်းပိုစတာများကိုင်ဆောင်ခဲ့ကြပါတယ်။ ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်ကျဆုံးသူအပေါင်းကို အလေးပြုခဲ့ကြပါတယ်။


========================


📌📌 ၈။ Kaung For You Education မှ လုံခြုံရေးအရ တိမ်းရှောင်ရန်လိုနေသောဆရာ၊ဆရာမများကို NUG အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ကယ်ထုတ်ပေးရန် လိုလား


Kaung For You Education မှ လုံခြုံရေးအရ တိမ်းရှောင်ရန်လိုနေသောဆရာ၊ဆရာမများကို NUG အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ကယ်ထုတ်ပေးရန် လိုလားတယ်လို့ လွတ်မြောက်နယ်မြေရောက်ရှိလာတဲ့ အတန်းမှူးဆရာမကဆိုပါတယ်။ ဇူလိုင် ၁၇ ရက်နေ့ မေးမြန်းရာမှာ Kaung For You Educationမှ အတန်းမှူးဆရာမက ဆိုပါတယ်။


"အခုက အားလုံးလည်း ပြေးနေရတယ်။တချို့လည်း မိုးကုတ်က ဆရာမကြီးဆို တပြင့်နေရာမှာတိမ်းရှောင်နေရတာပေါ့။ဆရာမကြီး ထပ်ပြောင်းဖို့ လိုတယ်ဆိုတော့ အသက်ကြီးပြီတဲ့။ မပြေးနိုင်တော့ဘူးပေါ့နော်။အဲဒီလိုဆိုတယ်။အခုက အတန်းတစ်တန်းမှာ ဆရာမနှစ်ယောက်ဆို အတန်းအားလုံးတွက်လိုက်ရင် ဆရာ၊ဆရာမတွေရာချီတယ်။ဒါကို ဖြစ်နိုင်ရင် ပညာရေးဝန်ကြီးဌာနက ကယ်ထုတ်ပေးစေချင်တယ်"လို့ ဆိုပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာ စကစကသတင်းထုတ်ပြန်ခဲ့ရာ Kaung For You ကျောင်းက ဆရာကောင်းသိုက်စိုးအပါ အဝင် CDM ဆရာ () ဦးကို အိပ်ခန်းအတွင်း ဖမ်းမိပြီး ကျောင်းသား၊ကျောင်းသူများထံက ချိန်းခြောက် ငွေးတောင်းခံတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။


ထိုသို့ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများအား မတရားဖမ်းဆီးခြင်းဟာ ပညာသင်ယူခွင့်ဆုံးရှုံးနေသော ကလေးသူငယ်များ စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိစေရန်အတွက် ကြားကာလပညာရေး ဖော်ဆောင်နေသော ကျောင်းများကို  ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနကလည်း ဇူလိုင် ၁၇ ရက်စွဲနဲ့ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၉။ ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စကစတပ်များ စစ်ကြောင်းထိုးကာ ကျေးရွာများကိုမွှေနှောက်သောင်းကျန်း


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စကစတပ်များ စစ်ကြောင်းထိုးကာ ကျေးရွာများကိုမွှေနှောက်သောင်းကျန်းခဲ့ပါတယ်။ ဇူလိုင် ၁၇ ရက်နေ့မှာ ခင်ဦးမြို့နယ် ARF တပ်ဖွဲ့က အတည်ပြုထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းမှာယာတော်ရွာထဲရှိ လူနေအိမ်အချို့ကို စကစတပ်များ မီးရှို့ခဲ့ပြီးဥယျာဥ်ရွာခြေရင်း ကပ်ပြီး သေနတ်ပစ်ဖောက်ခဲ့ပါတယ်။ ဒါ့အပြင်ဥယျာဥ်ရွာ ထဲရှိ လူနေအိမ်များကိုပါ မီးရှို့သွားခဲ့ပြီး စစ်ကြောင်းထိုးရာ ရွာတလျှောက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရ​​ကြရပါတယ်။ ယင်းနောက် စစ်ကြောင်းဟာဥယျာဥ်ရွာ တံတားမှ အရှေ့ဘက်သို့ ဦးတည် ထွက်ခွာသွားခဲ့ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment