၂၀၂၂ ဇူလိုင်လ ၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးသတ်ဖြတ်ခံရမှု ကျူးလွန်သူများမှာ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးဖြစ်သော ဖိုးစိန်နှင့် ဇော်ရဲတို့ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်
📌 ၂။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား စိတ်နှလုံးထိခိုက်ဝမ်းနည်းရကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
📌 ၃။ နွေဦးတော်လှန်ရေးတွင် ရှေ့လျှောက်တိုက်ပွဲများမှာဖြစ်၍ CDM ကျန်းမာရေးဝန်ထမ်းများ ဆေးကုသမှုအပိုင်းတွင် ပါဝင်ရန် ကျန်းမာရေးဝန်ကြီးတိုက်တွန်း
📌 ၄။ NUGPay နဲ့ ပြည်သူများမှ KNDF တပ်ဖွဲ့ကိုတစ်ရက်အတွင်းထောက်ပံ့ရာ ငွေကျပ် ခုနစ်သိန်းကျော်ရရှိခဲ့
📌 ၅။ မန္တလေးမြို့မှာ စစ်ကားနဲ့တိုက်ဖမ်းခံရတဲ့ သံဃာတော်ငါးပါးနဲ့လူသုံးယောက်ကို ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် သုံးနှစ်စီ စစ်ကောင်စီကချမှတ်
📌 ၆။ စကစတပ်လက်အောက်တွင်ဆယ်နှစ်တာဝန်ထမ်းဆောင်ခဲ့သူတပ်သားတစ်ဦးတကောင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ဝင်ရောက်ခိုလှုံ
📌 ၇။ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ကျေးရွာပေါင်း (၂၀) ကျော်က ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ
📌 ၈။ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာနှင့် မင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု မီးရှို့ဖျက်ဆီး၍ မပြေးနိုင်သော သက်ကြီးရွယ်အို အဘိုးနှစ်ဦးမီးလောင်သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးသတ်ဖြတ်ခံရမှု ကျူးလွန်သူများမှာ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးဖြစ်သော ဖိုးစိန်နှင့် ဇော်ရဲတို့ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်
တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးသတ်ဖြတ်ခံရမှု ကျူးလွန်သူများမှာ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးဖြစ်သော ဖိုးစိန်နှင့် ဇော်ရဲတို့ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ၈ ရက်နေ့မှာ တမူးမြို့တွင် အိန္ဒိယနိုင်ငံသားနှစ်ဦးသတ်ဖြတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရမှ ကြေညာချက်အမှတ် (၁၆/၂၀၂၂) ကိုထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ-
၂၀၂၂ ခုနှစ် ဇူလိုင်လ (၅) ရက်၊ မွန်းလွဲ (၁) နာရီခန့်တွင် တမူးမြို့၊ စော်ဘွားရပ်ကွက်၊ အမက (၄) ကျောင်း အနီး၌ အိန္ဒိယနိုင်ငံသားများဖြစ်သော Mr. P. Mohan (၂၈ နှစ်) နှင့် Mr Aiyanar (၃၅ နှစ်) တို့အား အကြမ်းဖက် စစ်ကောင်စီ၏ထောက်တိုင်ဖြစ်သော ပျူစောထီးအဖွဲ့ဝင်များက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စိတ်မကောင်းစွာ သိရှိရပါတယ်လို့ဖော်ပြပါတယ်။ ထို့ပြင် ၎င်းတို့၏ရုပ်ကလာပ်များကို ကျန်ရစ်သူ မိသားစုများအားပြန်လည် လွှဲပြောင်းအပ်နှံပေးခြင်းမပြုဘဲ ယင်းနေ့တွင် တမူးမြို့၌ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့အစည်းများကဦးဆောင်၍မီးသဂြိုဟ်ခဲ့ကြောင်းသိရှိရပါတယ်။
အထက်ပါသတ်ဖြတ်မှုကိုကျူးလွန်သူများမှာ တမူးမြို့ရှိ ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သည့် မောင်လေးဝင်း ဆိုသူ၏ညွှန်ကြားချက်အောက်၌ ပျူစောထီးအဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ဖိုးစိန်နှင့် ဇော်ရဲဆိုသူတို့ ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်မှတာဝန်ရှိပြည်သူ့အဖွဲ့အစည်းများ၏တင်ပြချက်အရ သိရှိရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။
ဤသတ်ဖြတ်မှုများတွင် စစ်ကောင်စီ၏ ညွှန်ကြားမှုဖြင့် ပျုစောထီးနှင့်ဆက်စပ်မှုရှိသော အိန္ဒိယ ကသည်း သောင်းကျန်းသူများလည်းပါဝင် ပတ်သတ်နေမှုရှိနေတယ်လို့ဆိုပါတယ်။ ကသည်းသောင်းကျန်းသူအုပ်စုများသည် အကြမ်းဖက်စစ်ကောင်စီနှင့် ကူညီပူးပေါင်းပြီး ဒီမိုကရေစီအင်အားစုများကို တိုက်ခိုက်ခဲ့သည့် သာဓကများစွာ ရှိပါတယ်လို့ဖော်ပြပါတယ်။
လုပ်ကြံသတ်ဖြတ်ခြင်းခံရသူများမှာ မိုရေးမြို့တွင်နေထိုင်သည့် တမီးလ်လူမျိုးများဖြစ်ပြီး၊ မည်သူမည်ဝါဖြစ် ကြောင်း အလွယ်တကူစုံစမ်းသိရှိနိုင်သူများသာဖြစ်ပြီး နိုင်ငံခြားသားနှစ်ဦး အသတ်ခံရခြင်းအား စနစ်တကျအမှုဖွင့်ဆောင်ရွက်ခြင်း၊ အိန္ဒိယနိုင်ငံဘက်သို့အကြောင်းကြားခြင်းစသည်တို့ မပြုဘဲ တမူးမြို့ရှိ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးဆောင်ရွက်သူများကိုယ်တိုင် ယင်းနေ့တွင်ပင် အဆောတလျင် မီးသဂြိုဟ်ဖျောက်ဖျက်လိုက်ခြင်းသည် ယင်းသတ်ဖြတ်မှု၏ နောက်ကွယ်၌ စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများပါဝင်ပတ်သက်နေသည်ကို သုံးသပ်နိုင်တယ်လို့ဆိုပါတယ်။
ယခုဖြစ်ရပ်ကိုကျူးလွန်သူများမှာ ပျူစောထီးအဖွဲ့ဝင်များဖြစ်ကြောင်း တမူးမြို့နှင့် မိုရေးမြို့များတွင်နေထိုင်သူ ပြည်သူအများ သိနေကြသည့်ကိစ္စဖြစ်သော်လည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူဆိုသူ ဇော်မင်းထွန်းက ယင်းဖြစ်ရပ်ကိုကျူးလွန်သူများမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ၇/၇/၂၀၂၂ ရက်နေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲထားပြီး၊ အမှန်တရားကို ဗြောင်လိမ်လည်ငြင်းဆိုထားပါတယ်။
ယခုဖြစ်ရပ်မှာ မြန်မာ့အရေးကိစ္စသည် ပြည်တွင်းရေးကိစ္စ သက်သက်မဟုတ်ပဲ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများ၏ လုံခြုံငြိမ်းချမ်းရေး နှင့် လူသားမျိုးနွယ်စုတစ်ရပ်လုံး၏ လုံခြုံငြိမ်းချမ်းရေးတို့ကို ထိပါးလာသည့် လူသားတိုင်းကာကွယ်တားဆီးရမည့် အရေးကိစ္စတစ်ခုဖြစ်ကြောင်းကို မီးမောင်းထိုးပြလျက်ရှိသော ဖြစ်ရပ်များစွာထဲက တစ်ခုဖြစ်သည်မှာ ထင်ရှားပါတယ်။
ယခုကဲ့သို့ သတ်ဖြတ်ခြင်းခံရသည့် Mr. P. Mohan နှင့် Mr Aiyanar တို့၏ ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲဖြစ်ရပါကြောင်းနှင့် ၎င်းတို့အတွက် တရားမျှတမှုရရှိနိုင်ရေး မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်အဆင်သင့်ရှိပါကြောင်း အသိပေးထုတ်ပြန်ကြေညာ အပ်ပါတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြပါတယ်။
========================
📌📌 ၂။ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား စိတ်နှလုံးထိခိုက်ဝမ်းနည်းရကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးလုပ်ကြံခံရတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား စိတ်နှလုံးထိခိုက်ဝမ်းနည်းရကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇူလိုင် ၈ ရက်နေ့က လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့တာပါ။ ဇူလိုင် ၈ ရက်နေ့မှာ နာရာမြို့မှာအမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရကာ ရင်ဘတ်ကိုထိမှန်ပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာဆုံးပါးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရတဲ့အတွက် မြန်မာပြည်သူတွေကိုယ်စား စိတ်နှလုံးထိခိုက်ဝမ်းနည်းရပြီးတော့ မစ္စတာအာဘေးရဲ့ ကူညီထောက်ပံ့မှုတွေကို မြန်မာပြည်သူတွေဟာ မေ့လျော့မှာ မဟုတ်ဘူးလို့ ဝန်ကြီးဒေါ်ဇင်မာအောင်ကလူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ ရှင်ဇိုအာဘေးဟာ ဂျပန်ဝန်ကြီးချုပ်ဖြစ်စဥ်က မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ပညာရေးအကူအညီများပေးခဲ့ကာ နှစ်နိုင်ငံခေါင်းဆောင်များအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံခဲ့ပါသေးတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးတွင် ရှေ့လျှောက်တိုက်ပွဲများမှာဖြစ်၍ CDM ကျန်းမာရေးဝန်ထမ်းများ ဆေးကုသမှုအပိုင်းတွင် ပါဝင်ရန် ကျန်းမာရေးဝန်ကြီးတိုက်တွန်း
နွေဦးတော်လှန်ရေးတွင် ရှေ့လျှောက်တိုက်ပွဲများမှာဖြစ်၍ CDM ကျန်းမာရေးဝန်ထမ်းများ ဆေးကုသမှုအပိုင်းတွင် ပါဝင်ရန် ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးကတိုက်တွန်းပြောကြားလိုက်ပါတယ်။ ဇူလိုင်လအတွင်း ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးက ဧရာဝတီသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းရာမှာပြောပါတယ်။
"အခုချိန်မှာ တိုက်ပွဲတွေက ရှေ့လျှောက် ထပ်ဖြစ်လာတော့မှာ။ ဒါကြောင့် ဒီကျန်းမာရေး စောင့်ရှောက်သူတွေရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးကြီးလာတယ်။ အရင်တုန်းက CDM လုပ်ရုံနဲ့ ရတယ်။ အခုက CDM လုပ်ရုံနဲ့ မရတော့ဘူး။ ဒီတိုက်ပွဲတွေထဲမှာ ကိုယ်ကိုယ်တိုင် ဝင်ပြီး ဆေးကုပေးရမယ့်အဆင့် ရောက်လာပြီ။ ဒါကြောင့် အခု ရှိနေတဲ့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပါဝင်ခဲ့ကြတဲ့ ဒီလိုမျိုး CDM လုပ်ခဲ့ကြတဲ့၊ သပိတ်တွေမှာ ပါဝင်ခဲ့ကြတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ၊ သူနာပြုတွေ၊ အထူးကုတွေကို ဒီနေရာမှာ ကျွန်တော် သူတို့ကို ပြောချင်တယ်။ ကျွန်တော်တို့ တိုက်ပွဲ နောက်တစ်ဆင့် တက်တော့မှာ ဖြစ်တဲ့အတွက် နောက်တစ်ဆင့် ပါဝင်ဖို့ လိုအပ်ပြီ။ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ လိုအပ်ပြီလို့ ဆရာဝန်၊ ဆရာမကိုတွေ ပြောချင်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် ကျန်းမာရေးဝန်ထမ်းပေါင်း ၄၀၀၀ ကျော်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေပါတယ်။
========================
📌📌 ၄။ NUGPay နဲ့ ပြည်သူများမှ KNDF တပ်ဖွဲ့ကိုတစ်ရက်အတွင်းထောက်ပံ့ရာ ငွေကျပ် ခုနစ်သိန်းကျော်ရရှိခဲ့
NUGPay နဲ့ ပြည်သူများမှ KNDF တပ်ဖွဲ့ကိုတစ်ရက်အတွင်းထောက်ပံ့ရာ ငွေကျပ် ခုနစ်သိန်းကျော်ရရှိခဲ့တယ်လို့ KNDF တပ်ဖွဲ့က ဇူလိုင်၈ရက်နေ့မှာ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
"NUGPay ဖြင့် ပြည်သူများမှ ထောက်ပံ့မှု ကို တစ်ရက်အတွင်း KNDF မှ မြန်မာကျပ်ငွေ ၇၇၃,၁၃၃ ကျပ်ရရှိပါပြီ။ ဆက်လက်ပါဝင်အားဖြည့်ကြပါရန် တိုက်တွန်းရင်း လက်ခံရရှိသောငွေပမဏာကို ဆက်လက်ပြီးတော့ ပြန်လည် အသိပေးမှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်"လို့ ဆိုပါတယ်။ NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီ ငွေကြေး ယန္တရားအောက်မှ လုံးဝ လွတ်ကင်းသော ငွေပေးချေမှု စနစ်တစ်ခုပင် ဖြစ်ပြီး ပြည်သူများ အနေဖြင့် ငွေကြေးလွှဲပြောင်းမှုများကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်ပါတယ်။
========================
📌📌 ၅။ မန္တလေးမြို့မှာ စစ်ကားနဲ့တိုက်ဖမ်းခံရတဲ့ သံဃာတော်ငါးပါးနဲ့လူသုံးယောက်ကို ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် သုံးနှစ်စီ စစ်ကောင်စီကချမှတ်
မန္တလေးမြို့မှာ စစ်ကားနဲ့တိုက်ဖမ်းခံရတဲ့ သံဃာတော်ငါးပါးနဲ့ လူသုံးယောက်ကို ပုဒ်မ ၅၀၅ ကနဲ့ ထောင်ဒဏ် သုံးနှစ်စီ စစ်ကောင်စီကချမှတ်လိုက်ပါတယ်။ ဇူလိုင် ၈ ရက်နေ့မှာ သံဃာတော်များ ထောင်ဒဏ်ချမှတ်ခံရကြောင်း သံဃာ သမဂ္ဂ မန္တလေးကထုတ်ပြန်ပါတယ်။
"၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ သံဃသမဂ္ဂသပိတ်စစ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ်မှာ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးခံထားရတဲ့ သံဃာတော် (၅) ပါး - ဦးသုစိတ်တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးရေဝတ၊ ဦးဝီရိယဓမ္မ နဲ့ ကျောင်းသားတွေဖြစ်ကြတဲ့ - ကိုဌေးလွင်စိုး၊ ကိုရှိုင်းအောင်၊ ကိုဝင်းမင်း တို့ကို ပုဒ်မ ၅၀၅(က) ဖြင့် မန္တလေး အိုးဘိုထောင်မတရားရုံးမှာထောင်ဒဏ် (၃) နှစ်စီ အသီးသီး ချမှတ်လိုက်ပါတယ်"လို့ သံဃာ သမဂ္ဂ မန္တလေးမှ ဆရာတော်တစ်ပါးကမိန့်ကြားထားပါတယ်။
အကြမ်းဖက် စစ်တပ်က ဆရာတော်တွေနှင့်အတူ ကျောင်းသားတွေ ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ (၂) ရက်နေ့တွင် ကားနဲ့တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး (၁၀) လကျော်မှာ အမိန့်ချလိုက်ခြင်း ဖြစ်ပါတယ်။ သံဃသမဂ္ဂအဖွဲ့ဝင်ဆရာတော်ဖြစ်တဲ့ ဦးပညာသီဟကိုလည်း ဇွန်လ ၁၀ ရက်နေ့မှာ ပုဒ်မ ၅၀၅(က) ဖြင့် မန္တလေး အိုးဘိုထောင်တွင် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံထားရပြီးဖြစ်ပါတယ်။
လက်ရှိမှာ ဦးစန္ဒိမာ (သင်္ဂဇာ) ဆရာတော်လည်းဖေဖော်ဝါရီ (၉) ရက်နေ့ ညပိုင်းမှာ အဖမ်းခံရပြီး ယနေ့အထိ သတင်းအစအန ပျောက်လျက်ရှိနေပါတယ်။ ယနေ့အချိန်အထိ မန္တလေး အိုးဘိုထောင်ထဲမှာ မတရားဖမ်းဆီးခံထားရတဲ့ သံဃသမဂ္ဂ ဆရာတော်များ (၈)ပါး အကျဉ်းကျနေဆဲဖြစ်ပါတယ်၊၊
========================
📌📌 ၆။ စကစတပ်လက်အောက်တွင်ဆယ်နှစ်တာဝန်ထမ်းဆောင်ခဲ့သူတပ်သားတစ်ဦးတကောင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ဝင်ရောက်ခိုလှုံ
စစ်ကောင်စီတပ်အောက်တွင် ဆယ်နှစ်တာဝန်ထမ်းဆောင်ခဲ့သူတပ်သားတစ်ဦး တကောင်း PDF သို့ ဇူလိုင် ၈ ရက်နေ့မှာ ဝင်ရောက်ခိုလှုံခဲ့တယ်လို့ တကောင်း PDF ကသတင်းထုတ်ပြန်ပါတယ်။
"(Tagaung PDF)သို့ စစ်ကောင်စီလက်အောက်တွင် တပ်သားအဖြစ် (၁၀) နှစ်တာဝန်ထမ်းခဲ့သော ရဲဘော်မောင်ကောင်းညိမ်း ကိုယ်ပိုင်နံပါတ် တ ၄၇၈၆၁၁ မိခင်တပ်ရင်း အမတ ၃၈၄ မှ တပ်သား CDM ပြုလုပ်၍ဝင်ရောက် ခိုလှုံခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ CDM ပြုလုပ်ခဲ့သော ရဲဘော် မောင်ကောင်းညိမ်းအား တကောင်းမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ၎င်းဖြစ်ချင်သော ဆန္ဒအရ ပြည်သူ့ရင်ခွင်သို့ပို့ဆောင်မည်ဖြစ်ပြီး လိုအပ်တာများကို လုပ်ဆောင်ပေးမယ်လို့ဆိုပါတယ်။ စစ်ကောင်စီ လက်အောက်ခံ စစ်သား/ရဲများ နောက်တစ်ကြိမ် ထပ်မံဝင်ရောက် CDM ပြုလုပ်ခဲ့ပါလျှင် ဆုကြေးငွေများပေးနိုင်ရန် အကောင်းဆုံးစီစဉ်ကြိုးစားသွားပါမယ်လို့လည်းထုတ်ပြန်ပါတယ်။
========================
📌📌 ၇။ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ကျေးရွာပေါင်း (၂၀) ကျော်က ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်ကျေးရွာပေါင်း (၂၀) ကျော်က ဒေသခံပြည်သူ (၁၆၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကြနေရတယ်လို့ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်များက ဇူလိုင် ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကစပြီး ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်က ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကျေးရွာပေါင်း (၂၀) ကျော်က ဒေသခံပြည်သူ(၁၆၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
“မီးဖွားစမိခင်တွေက လက်နက်ကြီးသံကြားတော့ ကလေးကတဖက် ၊ ပြေးရတာကတဖက် ၊ မီးနေသည်က မီးနေသည်လို မနေရဘူး။ ကိုယ်ဝန်ဆောင်တွေကလည်း ဆေးရုံမသွားရဘူး။ နို့ဖိုးတောင် မရှိနေဘူး။ အစားအသောက်နဲ့ဆေးဝါးအခက်အခဲတွေ ရှိတယ်” လို့ စစ်ဘေးရှောင်တစ်ဦးကလည်းဆိုပါတယ်။
လတ်တလောမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတချို့ ငှက်ဖျားရောဂါခံစားနေကြရသလို တချို့ စစ်ရှောင်ပြည်သူတွေဟာ အမိုးအကာ မလုံလောက်တာကြောင့် နေထိုင်မကောင်းဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ကရင်အမျိုးသားအစည်းအရုံးနဲ့ ဒေသခံကရင်လူမှုရေးရာအဖွဲ့၊ ကရင်အမျိုးသမီးအဖွဲ့အစည်းနဲ့ ကရင်လူငယ်အစည်းအရုံး စတဲ့အဖွဲ့တွေက ကူညီပံ့ပိုးမှုတွေလုပ်ဆောင်နေပေမယ့် အပြည့်အဝ ကူညီပေးနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။
========================
📌📌 ၈။ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာနှင့် မင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု မီးရှို့ဖျက်ဆီး၍ မပြေးနိုင်သော သက်ကြီးရွယ်အို အဘိုးနှစ်ဦးမီးလောင်သေဆုံး
ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာနှင့် မင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု မီးရှို့ဖျက်ဆီး၍ မပြေးနိုင်သော သက်ကြီးရွယ်အို အဘိုးနှစ်ဦးမီးလောင်သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၈ ရက်နေ့မှာ သေဆုံးသူများအချက်အလက်ကို AAPP ကထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မွေ့တုံကျေးရွာနှင့် မင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ဇူလိုင်လ ၇ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး မီးရှို့ခဲ့ခြင်းကြောင့် မပြေးနိုင်သည့် မွေ့တုံကျေးရွာမှ အသက် ၈၀ အရွယ် ဦးတင်ဖေနှင့် မင်းကျေးရွာမှ အသက် ၇၀ အရွယ်မှ ဦးကျော်ဟန်တို့မှာ မီးလောင်သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၀၇၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
No comments:
Post a Comment