28th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်နှင့်အပေါင်းအပါ လုပ်ငန်းရှင်များဟာ တည်ဆဲဥပ‌ဒေ ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၍ အလုပ်သမားများအပေါ်  ဥပဒေမဲ့ရမ်းကားမှုများ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်

📌 ၂။ မြန်မာနိုင်ငံဟာ စစ်ကောင်စီကြောင့် ဆီးရီယားလိုဖြစ်လာဖို့များတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက် ၄၈ နာရီအတွင်းမဲလက်မှတ်စောင်ရေ ၃၅၀၀ ရောင်းချရ၍ အမေရိကန်ဒေါ်လာ ၃၅၀၀၀၀ ရရှိထား

📌 ၄။ မြန်မာ့နွေဦးတော်လှန်ရေးအတွက်သာမက ဖက်ဒရယ်တပ်မတော်အတွက်ပါ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ထွန်းလာစေမယ့် Project Skywalk ကို ပြည်သူများအားဖြည့်ဖို့တိုက်တွန်း

📌 ၅။ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် မှာဆန္ဒပြလူငယ်များကိုစစ်ကားဖြင့်တိုက်ဖမ်းရန် ကွပ်ကဲခဲ့သူ စစ်တပ်အရာရှိရဲ့ဇနီးကို အင်းတော်နဲ့ မဲဇာကြားဖမ်းမိသော်လည်း NUG စစ်ကိုင်းတိုင်း စစ်ဒေသရုံးကပြန်လွှတ်ရန် အမိန့်ပေးခဲ့

📌 ၆။ စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည် ဘန်နာကို ရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုမှာချိတ်ဆွဲ

📌 ၇။ 9mm semi auto မောင်းပြန်သေနတ်တီထွင်အောင်မြင်တယ်လို့ အသိပေး

📌 ၈။ ကနီမြို့နယ် ချောင်းမရွာကို အကြမ်းဖက် စစ်တပ်များဝင်ရောက်သောင်းကျန်း၍ အမျိုးသား ငါးဦးကို သတ်ဖြတ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်နှင့်အပေါင်းအပါ လုပ်ငန်းရှင်များဟာ တည်ဆဲဥပ‌ဒေ ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၍ အလုပ်သမားများအပေါ်  ဥပဒေမဲ့ရမ်းကားမှုများ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်


အကြမ်းဖက်စစ်တပ်နှင့်အပေါင်းအပါ လုပ်ငန်းရှင်များဟာ တည်ဆဲဥပ‌ဒေ ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၍ အလုပ်သမားများအပေါ်  ဥပဒေမဲ့ရမ်းကားမှုများ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်လိုက်ပါတယ်။ သြဂုတ်လ ၂၇ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက တရားဝင်အသိပေးကြေညာခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက် စစ်တပ်က မတရား အာဏာသိမ်းယူရန်ကြိုးပမ်းလျက်ရှိသည့် ကြားကာလတွင် အလုပ်ရှင်၊ အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဖိနှိပ်မှုများနှင့် အခွင့်အ‌ရေးချိုးဖောက်ခံရမှုများကို တတ်နိုင်သည့် နည်းလမ်း ပေါင်းစုံဖြင့် ကူညီဖြေရှင်းပေးလျက်ရှိပါတယ်။


တဘက်တွင်လည်း အခြေခံအလုပ်သမား အခွင့်အရေးများ ဥပဒေနှင့်အညီရရှိရေး၊ အလုပ်အကိုင်တည်မြဲရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ပြည်တွင်းနှင့် ပြည်ပရောက် မြန်မာအလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေးလုပ်ငန်းများ စနစ်တကျ ဖြစ်စေရန်အတွက် တည်ဆဲဥပဒေမူဘောင်များအား ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း လုပ်ငန်းကို အလေးထားဆောင်ရွက်လျက်ရှိပါတယ်။


သို့သော် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ အပေါင်းအပါ လုပ်ငန်းရှင်များသည် တည်ဆဲဥပ‌ဒေ ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြု၍ အလုပ်သမားများအပေါ်  ဥပဒေမဲ့ရမ်းကားမှုများ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေပြီး  စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်း‌ဒေသကြီးတို့ အပါအဝင် ပြည်နယ်အချို့မှ အလုပ်သမားများအား ၎င်းတို့ ကိုင်ဆောင်ထားသည့် မှတ်ပုံတင်ကို အခြေခံ၍ အလုပ်ထုတ်ခြင်း၊ အလုပ်မခန့်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နှင့်ပူးပေါင်း၍  အဆောင်များတွင်ဆက်လက် နေထိုင်ခွင့်မရရန် ဖိအားပေးခြင်း အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း တွေ့ရှိရပါတယ်လို့ဖော်ပြပါတယ်။


စစ်အာဏာရှင်တော်လှန်ရေးတွင် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နေကြသည့် အလုပ်သမားများ အပါအဝင် ပြည်သူများအပေါ် ထိုသို့ခွဲခြားဆက်ဆံမှုများသည် စစ်အာဏာရှင်စနစ်တည်မြဲစေရန် ထောက်တိုင်သဖွယ် ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည့်အတွက် ဝန်ကြီးဌာန အနေဖြင့် ပြင်းထန်စွာ ရှုံချတယ်လို့ဖော်ပြ ထားပါတယ်။

 

အလုပ်ရှင်များအနေဖြင့် မည်သည့်အကြောင်းကြောင့်မျှ အလုပ်သမားများအပါအဝင် ပြည်သူအားလုံးအပေါ် ခွဲခြားဆက်ဆံမှု မပြုလုပ်ရန်နှင့် အတတ်နိုင်ဆုံး ကူညီဖေးမခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် တစ်ဘက်တစ်လမ်းမှ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းအပ်ပါတယ်လို့ ဆိုထားပါတယ်။ 


လုပ်ငန်းခွင် သို့မဟုတ် အလုပ်ခန့်ထားမှုတွင် တနည်းနည်းဖြင့် ခွဲခြားဆက်ဆံခံရသော အလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာန တိုင်ကြားရေး ယန္တရားသို့ တိုင်ကြားရန်နှင့် ထိုသို့ အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်နေသော အလုပ်ရှင်များအား မှတ်တမ်းများရယူ၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဆိုလိုက်ပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံဟာ စစ်ကောင်စီကြောင့် ဆီးရီယားလိုဖြစ်လာဖို့များတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


မြန်မာနိုင်ငံဟာ စစ်ကောင်စီကြောင့် ဆီးရီယားလိုဖြစ်လာဖို့များတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။ သြဂုတ်လ ၂၇ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှာ ရေးသားပြောပါတယ်။


"ဆီးရီးယားလို ဖြစ်လာဖို့ များတယ်"လို့ ဝန်ကြီးကသုံးသပ်ဆိုပါတယ်။ လက်ရှိမှာ စစ်အုပ်စုဟာ ရုရှားနဲ့တရုတ်ကိုကျောထောက်နောက်ခံပြုကာ ပြည်တွင်းရှိတော်လှန်ရေးအင်အားစုများကို စစ်လက်နက် များအစွမ်းကုန်သုံးတိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက် ၄၈ နာရီအတွင်းမဲလက်မှတ်စောင်ရေ ၃၅၀၀ ရောင်းချရ၍ အမေရိကန်ဒေါ်လာ ၃၅၀၀၀၀ ရရှိထား


ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက် ၄၈ နာရီအတွင်းမဲလက်မှတ်စောင်ရေ ၃၅၀၀ ရောင်းချရ၍ အမေရိကန်ဒေါ်လာ ၃၅၀၀၀၀ ရရှိထားပါတယ်။ သြဂုတ်လ ၂၇ ရက်မှာ တော်လှန်ရေး ရန်ပုံငွေရှာဖွေပေးသူ မပန်ဆယ်လိုကအသိပေးပြောပါတယ်။


"48 Hours အတွင်း Ticket အစောင်ရေ ၃၅၀၀၊ USD 350,000 Fund Raise လုပ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းကို ကိုထိန်လင်း ကြားသိပြီး အရမ်းကို အံ့ဩဝမ်းသာနေကြောင်း ကြားသိရပါတယ်။ ကိုထိန်လင်းအနေနဲ့ ဒီကာလဟာ သူ့အတွက် အင်မတန်ခက်ခဲပင်ပန်းတဲ့ ကာလဖြစ်ပါလိမ့်မယ်။ နိုဘယ်လ်ဆုရှင် လူထုခေါင်းဆောင် ကမ္ဘာသိခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ဖယ်ထားလိုက်ဦး၊ ကိုထိန်လင်းအတွက်တော့ အသက်ရှစ်ဆယ်နီးနီး သူ့ရဲ့အမေဟာ စစ်ဘီလူးတွေလက်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံထားရချိန် ဖြစ်ပါတယ်"လို့ဆိုပါတယ်။ မဲလက်မှတ်ရောင်းချရငွေအားလုံးကို မတရားမှုကို တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့်ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဆန်ရေ အမည်ရှိ သစ်ထွင်းပန်းချီရဲ့ ကံထူးသူကို ကိုထိန်လင်းကိုယ်တိုင် Live နဲ့ မဲနှိုက်ပေးသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၄။ မြန်မာ့နွေဦးတော်လှန်ရေးအတွက်သာမက ဖက်ဒရယ်တပ်မတော်အတွက်ပါ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ထွန်းလာစေမယ့် Project Skywalk ကို ပြည်သူများအားဖြည့်ဖို့တိုက်တွန်း


မြန်မာ့နွေဦးတော်လှန်ရေးအတွက်သာမက ဖက်ဒရယ်တပ်မတော်အတွက်ပါ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ထွန်းလာစေမယ့် Project Skywalk ကို ပြည်သူများအားဖြည့်ဖို့တိုက်တွန်းထားပါတယ်။ သြဂုတ်လ၂၇ ရက်နေ့မှာ Project Skywalk ကအသိပေးဖော်ပြထားပါတယ်။


"လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ဒရုန်းတွေဟာ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်နိုင်ဖို့ ကပြအသုံးတော်ခံနေကြတာဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်၊ ပထမလေးလတာကာလရဲ့စစ်ကောင်စီတပ်သား၊ထိခိုက်သေဆုံးဒဏ်ရာရတဲ့အကြောင်းအရင်းတွေထဲမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံရဲ့ကျုးကျော်စစ်ဒဏ်ကို ခံနေရတဲ့ ယူကရိန်းနိုင်ငံမှာလည်း ဒရုန်းတွေကို အသုံးပြုပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲနေကြပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးအတွက်သာမက ဖက်ဒရယ်တပ်မတော်အတွက်ပါ အရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်ထွန်းလာစေမယ့် Project Skywalk ကို အားဖြည့်ကြရအောင်ပါ"လို့ဆိုထားပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၅၃၃၇ ပွဲမှာ စကစတပ်သားပေါင်းသေဆုံးသူ ၁၈၁၁၆ ရှိခဲ့ပြီး ထိခိုက်ဒဏ္ရာရသူ ၆၁၂၈ ဦးရှိကာ တိုက်ခိုက်မှုများထဲမှာ ဒရုန်းစစ်ဆင်ရေးလည်းအပါအဝင်ဖြစ်ပါတယ်။


========================


📌📌 ၅။ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် မှာဆန္ဒပြလူငယ်များကိုစစ်ကားဖြင့်တိုက်ဖမ်းရန် ကွပ်ကဲခဲ့သူ စစ်တပ်အရာရှိရဲ့ဇနီးကို အင်းတော်နဲ့ မဲဇာကြားဖမ်းမိသော်လည်း NUG စစ်ကိုင်းတိုင်း စစ်ဒေသရုံးကပြန်လွှတ်ရန် အမိန့်ပေးခဲ့


ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် မှာဆန္ဒပြလူငယ်များကိုစစ်ကားဖြင့်တိုက်ဖမ်းရန် ကွပ်ကဲခဲ့သူ စစ်တပ်အရာရှိရဲ့ဇနီးကို အင်းတော်နဲ့ မဲဇာကြားဖမ်းမိသော်လည်း NUG စစ်ကိုင်းတိုင်း စစ်ဒေသရုံးကပြန်လွှတ်ရန်အမိန့်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ၂၇ ရက် နံနက်ပိုင်းမှာ အကြမ်းဖက် စစ်တပ်ရဲ့ ဇနီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့တယ်လို့ အင်းတော် PDF တပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပြောပါတယ်။


"သူ့ယောကျာ်းကအရာရှိပါ။ကြည့်မြင်တိုင်မြို့နယ် မှာဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်ဖမ်းတာမှာ ကြောက်လို့ဆိုပြီး သူ့အမျိုးသမီးရဲ့ရွာ ဟိုပင်မြို့နယ် နန်းခွင်ရွာကိုပို့ထားတာပါ။အခုဟိုပင်ကနေ က မန္တလေးကို ကားစီးပြီးပြန်တာဗျ။အင်းတော်နဲ့မဲဇာကြားဖမ်းမိပေမဲ့စစ်ကိုင်းတိုင်း စစ်ဒေသရုံးကလွှတ်ပေးဖို့ အမိန့်ပေးပါတယ်ဗျ။ကျနော်တို့ရဲဘော်တွေကတော့ လွှတ်ပေးလို့စိတ်ပျက်နေပါတယ်"လို့ ဆိုပါတယ်။ သြဂုတ်လ၂၆ ရက်နေ့  မွန်းလွဲ နာရီအချိန် သတင်းအတိအကျနဲ့အင်းတော် PDF များမှ ဖမ်းဆီးရမိသော်လည်း စစ်ကိုင်းတိုင်း စစ်ဒေသရုံးက ပြန်လွှတ်ခိုင်း၍ သြဂုတ်လ၂၇ ရက်နံနက်ပိုင်းမှာ စကစတပ်ရဲ့အရာရှိ ဇနီးကိုပြန်လွှတ်ပေးလိုက်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည် ဘန်နာကို ရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုမှာချိတ်ဆွဲ


စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည် ဘန်နာကို ရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုမှာချိတ်ဆွဲခဲ့ပါတယ်။ သြဂုတ်လ ၂၇ ရက် ရန်ကုန်မြို့၏အထင်ကရနေရာတစ်ခုတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။


"ရန်ကုန်မြို့၏အထင်ကရနေရာတစ်ခုတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ " စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည် " စာတန်းအားချိတ်ဆွဲ၍ အကြမ်းဖက်သူပုန်စစ်တပ်၏ ထောင်တွင်းလူသတ်မှု ကျူးလွန်နေမှုများကို ပြည်သူလူထု နှင့် နိုင်ငံတကာမှသတိချပ်စေရန် လှုံ့ဆော်မှုတစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ဖေဖော်ဝါရီ ရက်နေ့ ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းယူခဲ့သည့်အချိန်မှစ၍ မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ (၄၂) ဦးအပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၇။ 9mm semi auto မောင်းပြန်သေနတ်တီထွင်အောင်မြင်တယ်လို့ အသိပေး


9mm semi auto မောင်းပြန်သေနတ်တီထွင်အောင်မြင်တယ်လို့ မြေလတ်ဒေသပြောက်ကြားတပ်ဖွဲ့ MRG ကအသိပေးဖော်ပြပါတယ်။ ၄င်းသေနတ်ကို Scarlet ပြောက်ကြားတပ်ဖွဲ့နဲ့ မြေလတ်ဒေသပြောက်ကြားတပ်ဖွဲ့  MRG တို့ ထုတ်လုပ်ခဲ့ခြင်းဖြစ်တယ်လို့ မြေလတ်ဒေသပြောက်ကြားတပ်ဖွဲ့ MRG ကသတင်းထုတ်ပြန်ထားပါတယ်။


ဆန့် 9mm semi auto မောင်းပြန်သေနတ်ဟာ ကျည်အတောင့် ၃၀ ဆန့်ကာ ထည့်သွင်းပစ်ခတ်ပြတဲ့ရုပ်သံကိုဖော်ပြခဲ့ပါတယ်။ စစ်ကိုင်းတိုင်းတွင်းမှာ စကစတပ်တွေဟာ တော်လှန်ရေးအင်အားစုများခုခံတိုက်ခိုက်မှုကြောင့် အထိနာကျဆုံးမှုများပြားလျက်ရှိပါတယ်။


========================


📌📌 ၈။ ကနီမြို့နယ် ချောင်းမရွာကို အကြမ်းဖက် စစ်တပ်များဝင်ရောက်သောင်းကျန်း၍ အမျိုးသား ငါးဦးကို သတ်ဖြတ်ခဲ့


စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းမရွာကို အကြမ်းဖက် စစ်တပ်များဝင်ရောက်သောင်းကျန်း၍ အမျိုးသားငါးဦးကို သတ်ဖြတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ၂၆ ရက်မှာ မုံရွာ- ယာကြီး- ကလေးဝ ကားလမ်း ချောင်းမရွာကို စကစတပ်များဟာ ဝင်ရောက်သောင်းကျန်းဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များဆီကသတင်းရရှိပါတယ်။


ထိုသို့ဝင်ရောက် သောင်းကျန်းရာ အမျိုးသားငါးဦးကိုသတ်ဖြတ်ထားခဲ့ပြီး မည်သူမည်ဝါမှန်းမသိရသေးဘူးလို့သိရပါတယ်။ စစ်ကြောင်းထိုးခဲ့သော စကစများဟာ မုံရွာ ယာကြီးကလေးဝ လမ်းအနီး ခရီးသွား ကား () စီး ၊ဆိုင်ကယ် () စီးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment