၂၀၂၂ သြဂုတ်လ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဖွဲ့စည်းကြောင်း NUCC အသိပေး
📌 ၂။ အကြမ်းဖက်စစ်ကောင်စီကို ထိုက်တန် ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနိုင်ဖို့ စစ်ကောင်စီ ကျုးလွန်မှု ခိုင်လုံကြောင်း သက်သေတွေရရှိနိုင်ဖို့ အရေးကြီးတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၃။ မြဝတီ ဝေါလေ ကားလမ်းမပေါ်ရှိ စကစတပ်များကို ယမန်နေ့ညက ဒရုန်းနဲ့ဗုံးကြဲချရာ နှစ်ဦးသေ၊ ငါးဦးပြင်းထန်ဒဏ်ရာရ
📌 ၄။ စစ်ကိုင်းမြို့နယ် တောင်မြို့ကျေးရွာကို စကစတပ်နှင်ပျူစောထီးများ ယနေ့မနက်ဝင်ရောက် ပစ်ခတ်သောင်းကျန်း
📌 ၅။ ဂန့်ဂေါမြို့နယ် မြစ်သာဆည် ဘုရားကုန်းမှ EPC ရုံးဘက်သို့ ကင်းလှည့်လာတဲ့စကစတပ်ဖွဲ့ဝင် သုံးဦးကို ယနေ့မနက် ရှင်းလင်း
📌 ၆။ မိုးကုတ်မြို့နယ် လောင်းစဥ်ရေဝေရွာဘက်မှာ ကာကွယ်ရေးတပ်နဲ့စကစတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွား
📌 ၇။ KNDF B.16 နှင့် KA မှ မတ်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကို သွားရောက်၍ စနိုက်ဘာနဲ့ပစ်ခတ်ရာ သုံးဦးသေ
📌 ၈။ NUGလက်အောက်ခံ Burmese Independent Army ဒီပဲယင်း ဒရုန်းတပ်ဖွဲ့စတင်ဖွဲ့စည်း
📌 ၉။ ''ပြည်သူ့လက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်'' ဘန်ကာကို ကိုင်စွဲကာ ယနေ့မနက်ရန်ကုန်မှာ ဆန္ဒပြ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဖွဲ့စည်းကြောင်း NUCC အသိပေး
အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေး လုပ်ငန်းအဖွဲ့ဖွဲ့စည်းကြောင်းကို သြဂုတ်လအတွင်းမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကအသိပေးဖော်ပြလိုက်ပါတယ်။
"အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ရေးသားပြုစုနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ “ကြားကာလဖွဲ့စည်းအုပ်ချုပ်ပုံအစီအမံ” ၏ ပုဒ်မ (၅၄) နှင့်အညီ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။လုပ်ငန်းအဖွဲ့တွင် NUCC ကောင်စီဝင်များ၊ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NUG ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ Kachin Political Interim Coordination Team (KPICT) စသည့် ပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်သည့် အဖွဲ့ဝင် ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
လုပ်ငန်းအဖွဲ့မှ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အား ပြုစုပြီးနောက်တွင် NUCC အနေဖြင့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအင်အားစုများဖြင့် ဆွေးနွေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
“အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း” သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း” ၏ အခန်း (၃) “အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ” တွင် ပါဝင်သော အဋ္ဌမအဆင့်ဖြစ်တယ်လို့လည်း NUCC ကအသိပေးဖော်ပြပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီကို ထိုက်တန် ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနိုင်ဖို့ စစ်ကောင်စီ ကျုးလွန်မှု ခိုင်လုံကြောင်း သက်သေတွေရရှိနိုင်ဖို့ အရေးကြီးတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
အကြမ်းဖက်စစ်ကောင်စီကို ထိုက်တန် ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနိုင်ဖို့ စစ်ကောင်စီ ကျုးလွန်မှု ခိုင်လုံကြောင်း သက်သေတွေရရှိနိုင်ဖို့ အရေးကြီးတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက သြဂုတ်လအတွင်း လူ့အခွင့်ရေးရာနဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီကို ထိုက်တန် ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးနိုင်ဖို့ စစ်ကောင်စီ ကျုးလွန်မှု ခိုင်လုံကြောင်း သက်သေတွေရရှိနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ လည်း ရရှိလာတဲ့ သက်သေတွေကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကိုသာမက ခိုင်မာယုံကြည်ရတဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို ပေးပို့ တိုင်ကြားနိုင်တဲ့အကြောင်း ထပ်လောင်း ပြောကြားအပ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အရပ်သားများကို မီးရှို့သတ်ဖြတ်ခြင်းနဲ့တွေ့ကရာနေရာတွင် ပစ်ခတ်သတ်ဖြတ် ခြင်းတို့ကို အကြမ်းဖက် စစ်တပ်ကကျူးလွန်လျက်ရှိပါတယ်။ စကစတပ်ရဲ့အများဆုံးသတ်ဖြတ်ခံရတဲ့ နေရာများမှာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ကရင်နီဒေသအပါအဝင် ချင်းပြည်နယ်တို့ပဲဖြစ်ပါတယ်။
========================
📌📌 ၃။ မြဝတီ ဝေါလေ ကားလမ်းမပေါ်ရှိ စကစတပ်များကို ယမန်နေ့ညက ဒရုန်းနဲ့ဗုံးကြဲချရာ နှစ်ဦးသေ၊ ငါးဦးပြင်းထန်ဒဏ်ရာရ
ကရင်ပြည်နယ် မြဝတီ ဝေါလေ ကားလမ်းမပေါ်ရှိ ကျော်ဝါးဘိုး ဘုရားအနီး တပ်စွဲထားတဲ့ စကစတပ်များကို ယမန်နေ့ညက ဒရုန်းနဲ့ဗုံးကြဲချရာ စကစတပ်ဖွဲ့ဝင်နှစ်ဦးသေ၊ငါးဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သြဂုတ်လ ၂၉ ရက် မနက်ပိုင်းမှာကော်ပရာစစ်ကြောင်းကဖော်ပြပါတယ်။
" မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ၊ ကျော်ဝါးဘိုးဘုရားအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ကော်ဘရာစစ်ကြောင်းနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နေသော Federal Wings Drone အဖွဲ့မှ ယမန်နေ့ (ဩဂုတ် ၂၈) ည (၁၂) နာရီခန့်တွင် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ CQ တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး၊ စုစုပေါင်း (၂) ဦး သေဆုံးပြီး၊ အရာရှိ (၂) ဦး၊ အခြားအဆင့် (၃) ဦး၊ စုစုပေါင်း (၅) ဦး ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်အရ သိရှိရပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းမြို့နယ် တောင်မြို့ကျေးရွာကို စကစတပ်နှင်ပျူစောထီးများ ယနေ့မနက်ဝင်ရောက် ပစ်ခတ်သောင်းကျန်း
စစ်ကိုင်းမြို့နယ် တောင်မြို့ကျေးရွာကို ယနေ့ ဩဂုတ်လ ၂၉ ရက် နံနက် ၆ နာရီခန့်အချိန်က ကြွယ်ပုံရွာဘက်ကနေ စကစတပ်နှင့်ပျူစောထီးအဖွဲ့ ပစ်ခတ်ဝင်ရောက်လာတယ်လို့ ဒေသ သတင်းအရင်းအမြစ်များကဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နေ့ထိ နေအိမ်ပေါင်း ၂၀,၁၅၃ လုံး ဖျက်ဆီးခံခဲ့ရပြီး အရပ်သားပြည်သူများလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ် Data for Myanmar ကဖော်ပြထားပါတယ်။ နေအိမ် ၁၀၀ နဲ့ ၇၀၀ အကြား မီးရှို့ခံရတဲ့ မြို့နယ်တွေထဲမှာတော့ ယင်းမာပင်၊ ဆားလင်းကြီး၊ ရေဦး၊ မြောင်၊ မြင်းမူ၊ မော်လိုက်၊ ချောင်းဦး၊ စစ်ကိုင်း၊ ဝန်းသို၊ ဖောင်းပြင်၊ ဘုတလင် မြို့နယ်တွေပါဝင်ပါတယ်။
========================
📌📌 ၅။ ဂန့်ဂေါမြို့နယ် မြစ်သာဆည် ဘုရားကုန်းမှ EPC ရုံးဘက်သို့ ကင်းလှည့်လာတဲ့စကစတပ်ဖွဲ့ဝင် သုံးဦးကို ယနေ့မနက် ရှင်းလင်း
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာဆည် ဘုရားကုန်းမှ EPC ရုံးဘက်သို့ကင်းလှည့်လာတဲ့စကစတပ်ဖွဲ့ဝင် သုံးဦးကို ယနေ့မနက် ရှင်းလင်းခဲ့တယ်လို့ CDF KKG တပ်ရင်း ၅ ကဖော်ပြပါတယ်။
"သြဂုတ်လ၂၉ရက် နံနက် ၁၀နာရီ တွင် မြစ်သာဆည် ဘုရားကုန်းမှ EPC ရုံးဘက်သို့ကင်းလှည့်လာသော စကစဘက်မှ ၃ယောက်အား KKG တပ်ရင်း ၅၊ YDF -၁၄၊ ထီးလင်းမြောက်ပိုင်း PDF တပ်ခွဲ ၇ ( တပ်ပေါင်းစု ) မှ ၂ရက်ကြာ ကင်းပုန်းဝပ်၍ သုပ်သင်ရှင်းလင်းနိုင်ခဲ့တယ်"လို့ဆိုပါတယ်။
ဖြစ်စဥ်မှာ စကစ ဘက်မှ ဆိုင်ကယ်နှစ်စီး လူသုံးယောက်၊ လက်နက်အပြည့်အစုံ အရပ်ဝပ်ဖြင့် EPC ရုံးတွင်းသို့ ကင်းပတ်ဝင်ရာ ရုံးပေါက်ဝတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။ လက်နက်သွားကောက်စဥ် နောက်မှကပ်လိုက်လာသော စစ်ကူ ကားကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ CDF KKG တပ်ရင်း ၅ကဖော်ပြပါတယ်။ တပ်ပေါင်းစုမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။
========================
📌📌 ၆။ မိုးကုတ်မြို့နယ် လောင်းစဥ်ရေဝေရွာဘက်မှာ ကာကွယ်ရေးတပ်နဲ့စကစတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွား
မိုးကုတ်မြို့နယ် လောင်းစဥ်ရေဝေရွာဘက်မှာ ကာကွယ်ရေးတပ်နဲ့စကစတပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ သြဂုတ်လ၂၉ ရက် မနက်ပိုင်းမှစတင်ကာ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားကြောင်း PLA တပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။ "ယနေ့ မနက်ခင်းပိုင်းတွင်မိုးကုတ်မြို့နယ် လောင်းစဉ် ရေဝေရွာဘက်တွင် PLA တပ်၊ PDF မိုးကုတ်ဗျူဟာတပ်ဖွဲ့များနှင့် စကစ အကြမ်းဖက် တပ်တို့တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေရဲ့ပြောဆိုချက်အရသိရတယ်"လို့ ဆိုပါတယ်။
မိုးကုတ်မြို့နယ်နဲ့အနီးနားတစ်ဝိုက်ဟာ တော်လှန်ရေးအင်အားစုများလှုပ်ရှားနယ်မြေဖြစ်ကာ မကြာခဏထိတွေ့ပစ်ခတ်မှုတို့ရှိပါတယ်။
========================
📌📌 ၇။ KNDF B.16 နှင့် KA မှ မတ်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကို သွားရောက်၍ စနိုက်ဘာနဲ့ပစ်ခတ်ရာ သုံးဦးသေ
KNDF B.16 နှင့် KA မှ မတ်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကို သွားရောက်၍ စနိုက်ဘာနဲ့ပစ်ခတ်ရာ သုံးဦးသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၂၉ ရက်မှာ စစ်ရေးသတင်းကို KNDF B.16 ကအသိပေးဖော်ပြပါတယ်။
"ကျွန်တော်တို့ KNDF B.16 နှင့် KA မှ မတ်စလောင်းတောင်ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကိုသြဂုတ် (၂၇) ရက်နေ့မနက် 7.40AM မှ 8.30AM ချိန်တွင် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဖက်မှ ၃ ဦး (စနိုက်ဘာနှင့်၂ ဦး၊လက်နက်ငယ်နှင့် ၁ ဦးကိုပစ်ခတ်နိုင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် စကစဘက်ကသုံးဦးသေဆုံးကာရဲဘော်များ အထိခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ NUGလက်အောက်ခံ Burmese Independent Army ဒီပဲယင်း ဒရုန်းတပ်ဖွဲ့စတင်ဖွဲ့စည်း
NUG လက်အောက်ခံ Burmese Independent Army ဒီပဲယင်း ဒရုန်းတပ်ဖွဲ့စတင်ဖွဲ့စည်းနေတယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ၂၉ ရက်မှာ B.I.A (ဒီပဲယင်း) ကအတည်ပြုပြောပါတယ်။
"ဟုတ်ပါတယ်။ အခုမှ စတင်ဖွဲ့စည်းမှာပါ"လို့ ဆိုပါတယ်။ လက်ရှိမှာ B.I.A (ဒီပဲယင်း) ရဲဘော်များ Drone မောင်း လေ့ကျင့်နေပြီးမဟာမိတ်များနှင့် အတူပူးပေါက်တိုက်ခိုက်ရန် ၊ မဟာမိတ်များအတွက် ကူညီကင်းထောက်ပေးရန် အသင့်ရှိနေတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ ''ပြည်သူ့လက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်'' ဘန်ကာကို ကိုင်စွဲကာ ယနေ့မနက်ရန်ကုန်မှာ ဆန္ဒပြ
''ပြည်သူ့လက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်'' ဘန်ကာကို ကိုင်စွဲကာ ယနေ့မနက်ရန်ကုန်မှာ ဆန္ဒပြ ခဲ့ပါတယ်။ သြဂုတ်လ၂၉ ရက် မနက်ပိုင်း ရန်ကုန်မြို့ လယ်ခေါင်မှာ လှုပ်ရှားခဲ့တာလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကဖော်ပြပါတယ်။
"ရန်ကုန်မြို့လယ်ခေါင်တွင် လူအင်အားအလုံး အရင်းဖြင့် ချီတက် ဆန္ဒပြ လူ့ဘောင်သစ်လူငယ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များပူးပေါင်းပါဝင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
"လူထုလက်ရုံးနဲ့ တည်ဆောက်၊ တပ်ပေါင်းစုနဲ့ ချီတက်” ဟူသော စာသားကိုကိုင်စွဲ၍ လူထုလှုံ့ဆော်ရေးပြုလုပ်သည့် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မြို့နယ်သပိတ်ကော်မတီများ၊ ကျောင်းသားသမဂ္ဂများနှင့်အတူ အထွေထွေသပိတ် ကော်မတီ General Strikes Committee တို့ပူးပေါင်းပြီး ရန်ကုန်မြို့မှာ ဒီကနေ့ မနက်ခင်းက ပြုလုပ်ခဲ့ကြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment