၂၀၂၂ သြဂုတ်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာပြည်ရဲ့ ဒုက္ခက အကြမ်းဖက် စစ်တပ်ကြောင့် ဆယ်စုနှစ်ပေါင်းများစွာကတည်းကစတင်နေတာကြာပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို
📌 ၂။ အာဏာသိမ်းရန်ကြိုးပမ်းနေတဲ့ စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေးအတွက် တန်ဖိုးရှိတဲ့ လူ့အသက် တွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
📌 ၃။ ဆန်ရေ Project မှာ ကံစမ်းမဲလက်မှတ် ၁၀ စောင်ဝယ်ယူသူတိုင်းကို ကိုထိန်လင်းက ကျေးဇူးတင်ကြောင်း ပိုစ့်ကဒ်လေးတွေ ပြုလုပ်ပြီး လက်မှတ်ရေးထိုးပေး
📌 ၄။ “Spring Yangon Investment” ၏ တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများ စက်တင်ဘာ ၁ ရက်နေ့ စတင်ရောင်းချမယ်
📌 ၅။ မမများနဲ့ ပွဲကမယ် - ချင်း၊ မကွေး” တတိယပရောဂျက်စတင်
📌 ၆။ CDM ဆရာမတစ်ဦးမှ နားကပ်တစ်ရံကိုတောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ထံ လှူဒါန်းပေးလာ၍ ကံစမ်းမဲလက်မှတ်ရောင်းချကာ တော်လှန်ရေးရဲဘော်များနဲ့ စစ်ဘေးရှောင်တွေကို ကူညီမယ်
📌 ၇။ YPDF ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်သိန်းနှစ်ရာကျော် လက်နက်ခဲယမ်းထုတ်လုပ်ရေးအသုံးစရိတ်အတွက် ထောက်ပံ့
📌 ၈။ ဂန့်ဂေါမြို့နယ် မောက်ရွာမှာ မွှေနှောက်သောင်းကျန်း မီးရှို့သွားတဲ့ စကစတပ်များ လူနှစ်ဦးကိုသတ်ဖြတ်၍ နေအိမ်အလုံးသုံးဆယ်ကျော်နဲ့တင်းရေသုံးထောင်ကျော် နှမ်းများကို မီးရှို့ဖျက်ဆီးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာပြည်ရဲ့ ဒုက္ခက အကြမ်းဖက် စစ်တပ်ကြောင့် ဆယ်စုနှစ်ပေါင်းများစွာကတည်းကစတင်နေတာကြာပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်ဆို
မြန်မာပြည်ရဲ့ ဒုက္ခက အကြမ်းဖက် စစ်တပ်ကြောင့် ဆယ်စုနှစ်ပေါင်းများစွာကတည်းကစတင်နေတာကြာပြီလို့ ဝန်ကြီးဒေါက်တာတူးခေါင်ကပြောပါတယ်။ သြဂုတ်လ ၂၈ ရက်မှာ ဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှာ ရေးသားပြောကြားပါတယ်။
"ဒီစစ်အုပ်စုကို တော်လှန်နေတဲ့ အင်အားစုတွေကြားမှာ နွေဦးတော်လှန်ရေးမှ တော်လှန်ရေးထဲ စဝင်လာပြီး ဒုက္ခခံနေရသူများနဲ့ အရင်ကတည်းက တော်လှန်ရေးထဲမှာ ရှိနေသူများကြား စိတ်ခံစားချက်တွေ ကွဲပြားနေပါလိမ့်မယ်။ ကျနော်မြင်တဲ့ မြန်မာပြည်ရဲ့ ဒုက္ခက ၂၀၂၁ က စတာ မဟုတ်ဘူး၊ ကြာပြီ။ ထိုင်းနယ်စပ်မှာ ကရင်၊ ရှမ်း စစ်ပြေးဒုက္ခသည် စခန်း ရှိနေတာ နှစ် ၃၀ ရှိပြီ။ လိုင်ဇာ နဲ့ မိုင်ဂျာယန် ဆိုတဲ့ မြို့တွေဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က စစ်ပြေးဒုက္ခသည်တွေ လာစုနေတဲ့ ရွာတွေ ဖြစ်တယ်။ ဘင်္ဂလားဒေ့စ် မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိနေတာလဲ ကြာပြီ။ ခင်များတို့က နိုင်ငံတော်ကို အကြောင်းမဲ့ ပုန်ကန် တာကိုး ဒုက္ခရောက်မှာပေါ့ ဆိုပြီး အပြောခံရတာလဲ ခဏခဏ ပါပဲ"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စကစတပ်များဟာ တိုင်းရင်းသားနယ်မြေများကို လေကြောင်းကနေ အကြိမ်ကြိမ်ပစ်ခတ်လို့ စစ်ဘေးရှောင်ဦးရေသိန်းနဲ့ချီရှိနေပါတယ်။
========================
📌📌 ၂။ အာဏာသိမ်းရန်ကြိုးပမ်းနေတဲ့ စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေးအတွက် တန်ဖိုးရှိတဲ့ လူ့အသက် တွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား
အာဏာသိမ်းရန်ကြိုးပမ်းနေတဲ့ စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေးအတွက် တန်ဖိုးရှိတဲ့ လူ့အသက် တွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်နေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ သြဂုတ်လ ၂၈ ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ်။
"နိုင်ငံတိုင်းမှာ ရှိတဲ့ အစိုးရတွေဟာ နိုင်ငံသားတွေရဲ့ အသက်ရှင်သန်နိုင်မှု နဲ့ လုံခြုံမှုကိုခံစားရရှိနိုင်ဖို့ နည်းလမ်းမျိုးစုံကို သုံးပြီးအာမခံ ကာကွယ်မှုတွေ ပေးနေပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ ကာလမှာ ကြုံတွေ့ခံစားနေရတဲ့ အာဏာသိမ်းရန်ကြိုးပမ်းနေတဲ့ စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေးအတွက် တန်ဖိုးရှိတဲ့ လူ့အသက် တွေကို နည်းမျိုးစုံနဲ့ သတ်ဖြတ်ပြီး ရာဇဝတ်တွေဆက်တိုက် ကျူးလွန်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် စစ်တပ်ဟာ လူပေါင်း တစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ လူပေါင်းနှစ်ထောင်ကျော်ကိုသတ် ဖြတ်ခဲ့ပါတယ်။
"ဒီလို အာဏာရူးတွေရဲ့ လူ့အသက်ပေါင်းများစွာကို ဥပဒေမဲ့ သတ်ဖြတ်နေမှုများကို သက်သေများစွာဖြင့် ရရှိထားပြီး အဲ့ ဒီသက်သေတွေနဲ့ တကွ နောင်တချိန်မှာ နိုင်ငံတကာ ဥပဒေဘောင်အတွင်းက အပြစ်ပေး အရေးယူနိုင်ဖို့ရော၊ မျက်မှောက်ကာလမှာလည်း နိုင်ငံတကာရဲ့ ဖိအားတွေ အကြမ်းဖက်စစ်ကောင်စီ အပေါ် ပိုမို သက်ရောက်နိုင်ဖို့ရော ကြိုးစားနေကြပါတယ်"လို့ လူ့အခွင့်ရေးရာဝန်ကြီးကထပ်လောင်းပြောပါတယ်။ အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် (၃) ပါ ပြဌာန်းချက် “လူတိုင်း အသက်ရှင်ခွင့်၊လုံခြုံခွင့် နှင့်လွတ်လပ်ခွင့်ရှိသည်”ဆိုတဲ့ ပြဌာန်းချက်အရ အသက်ရှင်သန်နိုင်ခွင့်ဟာ အခြေခံအကျဆုံး လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။
========================
📌📌 ၃။ ဆန်ရေ Project မှာ ကံစမ်းမဲလက်မှတ် ၁၀ စောင်ဝယ်ယူသူတိုင်းကို ကိုထိန်လင်းက ကျေးဇူးတင်ကြောင်း ပိုစ့်ကဒ်လေးတွေ ပြုလုပ်ပြီး လက်မှတ်ရေးထိုးပေး
ဆန်ရေ Project မှာ ကံစမ်းမဲလက်မှတ် ၁၀ စောင်ဝယ်ယူသူတိုင်းကို ကိုထိန်လင်းက ကျေးဇူးတင်ကြောင်း ပိုစ့်ကဒ်လေးတွေ ပြုလုပ်ပြီး လက်မှတ်ရေးထိုးပေးတယ်လို့သတင်းရရှိပါတယ်။
"ဆန်ရေ Project မှာ ပါဝင်ပေးကြတဲ့ ပြည်သူတွေကို ကိုထိန်လင်းက ကျေးဇူးတင်ကြောင်း ပိုစ့်ကဒ်လေးတွေ ပြုလုပ်ပြီး လက်မှတ်ရေးထိုးပေးမယ်လို့ ပြောလာပါတယ်။ တစ်ခါပဲ လက်မှတ်ထိုးပြီး ပွါးလိုက်တဲ့ Electronic Signature အမျိုးအစားမျိုး မဟုတ်ဘဲ တစ်ယောက်ချင်းစီရဲ့ နာမည်နဲ့ Actual လက်မှတ်လေးကို ကိုယ်တိုင်ထိုးပေးမှာပါ။ ဒါပေမယ့် လက်မှတ်တစ်စောင်ချင်းစီကို ကိုထိန်လင်းရဲ့ လက်မှတ်ရေးထိုးပေးဖို့ဆိုရင် ထောင်ချီသောင်းချီထိုးရမှာမို့ လက်မှတ်(၁၀)စောင် ဝယ်ယူသူတိုင်းကို Thank You Letter လေး Signထိုးပြီး ပေးပို့မယ်လို့ စီစဉ်လိုက်ကြပါတယ်"လို့ ရေဆန်ပရော့ဂျက် ကံစမ်းမဲရောင်းချသူတို့ကဆိုပါတယ်။
လူတစ်ယောက်တည်းက ဝယ်ယူတဲ့လက်မှတ် (၁၀) စောင် ဖြစ်မယ်ဆိုရင် ကိုထိန်လင်းရဲ့ မူရင်း Signature ပါဝင်တဲ့ ပိုစ့်ကဒ်လေးကို ရရှိမှာ ဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေအရ လတ်တလောမှာ Actual Card မရယူနိုင်သေးသူများအတွက် Electronic Card လေးတွေ အရင်ပေးပို့သွားမှာ ဖြစ်ပြီး တော်လှန်ရေးအောင်မြင်ပြီးတဲ့အခါ Actual Card လေးတွေ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီ ဆန်ရေ ပရော့ဂျက် ကံစမ်းမဲလက်မှတ်များ ၇၂ နာရီအတွင်း အမေရိကန်ဒေါ်လာ ငါးသိန်းသုံးသောင်း ရှစ်ထောင့် လေးရာဖိုးရောင်းချရထားရပါတယ်။
========================
📌📌 ၄။ “Spring Yangon Investment” ၏ တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများ စက်တင်ဘာ ၁ ရက်နေ့ စတင်ရောင်းချမယ်
“Spring Yangon Investment” ၏ တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများ စက်တင်ဘာ ၁ ရက်နေ့ စတင်ရောင်းချမယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၂၈ ရက်နေ့မှာ End of Dictator Ship ကအသိပေးဖော်ပြပါတယ်။
"နွေဦးရိပ်မွန် @Min Dhamma နှင့် နွေဦးမော်ကွန်းသစ် @Thanthuma တို့ကို “၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်” တွင် စတင်ရောင်းချပါတော့မယ်"လို့ဆိုပါတယ်။
“Spring Yangon Investment” ၏ တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများကိုအစောဆုံးဝယ်ယူသူများ နှစ်သက်ရာမြေကွက်ကိုရွေးချယ်ကာ တော်လှန်ရေးကာလ ၄၀ ရာခိုင်နှုန်းသာပေးသွင်း၍ အရစ်ကျပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ မြေပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး၊ ကာလပေါက်စျေး၏ သုံးပုံတစ်ပုံခန့် တန်ဖိုးဖြင့်သာ ရောင်းချ ပေးမှာ ဖြစ်ပါတယ်။
ထို့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေး ကာလအတွင်း နှင့် တော်လှန်ရေး ကာလအပြီးဟု ပိုင်းခြားပေးသွင်းရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ နွေဦးမော်ကွန်းသစ် မြေကွက် ပေ ၄၀ ပေ ၆၀ အား ဥပမာစျေးနှုန်း USD ၉၆၀၀၀ ကျသင့်သော်လည်း အမှန်တကယ်ရောင်းချပေးမယ့်စျေးနှုန်း USD ၃၂၀၀၀ သာ ကျသင့်မှာဖြစ်ကာ တော်လှန်ရေးကာလ ၄၀ ရာခိုင်နှုန်းသာပေးချေ၍ သုံးလပေးသွင်းရမှာဖြစ်ပါတယ်။ ကျန်တန်ဖိုးငွေ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးကာလအပြီး စီမံကိန်းစတင်သောအခါမှသာပေးသွင်းရမယ်လို့ EOD ကဆိုပါတယ်။
========================
📌📌 ၅။ မမများနဲ့ ပွဲကမယ် - ချင်း၊ မကွေး” တတိယပရောဂျက်စတင်
“မမများနဲ့ ပွဲကမယ် - ချင်း၊ မကွေး” တတိယပရောဂျက် စတင်နေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်။ သြဂုတ်လ ၂၈ ရက်မှာ သရုပ်ဆောင် မင်းမော်ကွန်းက လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။
စစ်ရေးဗျူဟာအရ ချင်းနဲ့ မကွေးသည်ပေါင်းမှဖြစ်မှာမလို့ ချင်း၊ မကွေးပရောဂျက်ဖြစ်တည်လာပါတယ်။ ပရောဂျက်အတွက် လျာထားချက်က သိန်းပေါင်း (၁၅၀၀၀) ဖြစ်ပြီး ရသမျှသည် ချင်း (၃၅%) နှင့် မကွေး (၆၅%) ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ပရောဂျက်သတ်မှတ်ကာလကတော့ ရက်ပေါင်း (၃၀) တိတိဖြစ်ပါတယ်။
မမရဲ့ ချင်း၊ မကွေးပရောဂျက်ဟာ ဩဂုတ် (၂၇) ရက်နေ့ကနေ စက်တင်ဘာ (၂၇) ရက်နေ့အထ်ိ ရက်ပေါင်း (၃၀) ရက်အတွင်းမှာ သိန်းပေါင်း (၁၅၀၀၀) ဆိုတဲ့ ပမာဏကို ပြည်သူနဲ့အတူရှာဖွေသွားမှာပဲဖြစ်ပါတယ်။
" မမများနဲ့ပွဲကမယ် " ချင်း၊ မကွေးပရောဂျက်ကရရှိလာတဲ့ အလှူငွေတွေကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကနေတဆင့် ပေးပို့ကူညီသွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ CDM ဆရာမတစ်ဦးမှ နားကပ်တစ်ရံကိုတောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ထံ လှူဒါန်းပေးလာ၍ ကံစမ်းမဲလက်မှတ်ရောင်းချကာ တော်လှန်ရေးရဲဘော်များနဲ့ စစ်ဘေးရှောင်တွေကို ကူညီမယ်
CDM ဆရာမတစ်ဦးမှ နားကပ်တစ်ရံကိုတောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ထံ လှူဒါန်းပေးလာ၍ ကံစမ်းမဲလက်မှတ်ရောင်းချကာ တော်လှန်ရေးရဲဘော်များနဲ့ စစ်ဘေးရှောင်တွေကို ကူညီမယ်လို့သတင်းရရှိပါတယ်။
"သြဂုတ်လ၂၈ ရက်မှာ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ကအသိပေးဖော်ပြပါတယ်။ ဒေသတစ်ခုက CDM ဆရာမတစ်ဦးမှ နားကပ်တစ်ရံကို ကျွန်တော်တို့ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ထံ လှူဒါန်းပေးလာပါတယ်ခင်ဗျာ။ နားကပ်ရဲ့တန်ဖိုးကို ကျွန်တော် တိတိကျကျမသိပေမယ့် ဆရာမရဲ့စွန့်လွှတ်စွန့်စားအနစ်နာခံစိတ်ကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး"လို့ဆိုပါတယ်။
အဆိုပါနားကပ်အား မြို့နယ်ထဲက ကျောင်းသားသမဂ္ဂတွေစုပေါင်းပြီး စက်တင်ဘာလ (၃) ရက်နေ့မှစတင်ကာ Ticket မဲများစတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ မဲရောင်းချရခြင်းရဲ့ရည်ရွယ်ချက်ကတော့ တောတွင်းရဲဘော်တွေ၊မြို့ပြပျောက်ကြားရဲဘော်တွေ၊စစ်ဘေးရှောင်ဒေသတွေကို ကူညီထောက်ပံ့ဖို့ဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ YPDF ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်သိန်းနှစ်ရာကျော် လက်နက်ခဲယမ်းထုတ်လုပ်ရေးအသုံးစရိတ်အတွက် ထောက်ပံ့
YPDF ယောဒေသပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနကလက်နက် ခဲယမ်းထုတ်လုပ်ရေးအသုံးစရိတ်အတွက် ကျပ်သိန်းနှစ်ရာကျော်ထောက်ပံ့ခဲ့ပါတယ်။ သြဂုတ်လ ၂၈ ရက်မှာ YPDF က ထောက်ပံ့ငွေသတင်းကိုအသိပေးဖော်ပြခဲ့ပါတယ်။
"ထုတ်လုပ်ရေးဌာနအတွက် ရန်ပုံငွေ ကူညီထောက်ပံ့ပေးပါသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ"လို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ ကာကွယ်ရေးအသုံးစရိတ်ကို ၉၅ ရာခိုင်နှုန်းအထိ အသုံးပြုလျက်ရှိပြီးတော့ အမိန့်ပေးကွပ်ကဲစနစ်နဲ့လက်နက်တပ်ဆင်ရေးကိုအဓိကအသားပေးလုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၈။ ဂန့်ဂေါမြို့နယ် မောက်ရွာမှာ မွှေနှောက်သောင်းကျန်း မီးရှို့သွားတဲ့ စကစတပ်များ လူနှစ်ဦးကိုသတ်ဖြတ်၍ နေအိမ်အလုံးသုံးဆယ်ကျော်နဲ့တင်းရေသုံးထောင်ကျော် နှမ်းများကို မီးရှို့ဖျက်ဆီးခဲ့
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မောက်ရွာမှာ မွှေနှောက်သောင်းကျန်း မီးရှို့သွားတဲ့ စစ်တပ်ဟာ လူနှစ်ဦးကိုသတ်ဖြတ်၍ နေအိမ်အလုံးသုံးဆယ်ကျော်နဲ့နှမ်းတင်းရေ သုံးထောင်ကျော်ကိုဖျက်ဆီးသွားခဲ့ပါတယ်။ သြဂုတ်လ ၂၈ ရက်မှာ ယောကာကွယ်ရေးတပ် - YDF ကအသိပေးဆိုပါတယ်။
"အိမ်ခြေ ၈၀၀ ခန့်ရှိပြီး ရွာကြီးတစ်ရွာဖြစ်သည့် မောက်ရွာအတွင်းမှ စစ်ကောင်စီတပ်သည် ယနေ့ ဩဂုတ် ၂၈ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ထွက်ခွာသွားသောကြောင့် နယ်မြေရှင်းလင်းရေးဒေသခံအဖွဲ့အစည်းများ နှင့် YDF တပ်ရင်း (၁/၂/၃/၄) တို့မှ သွားရောက်စစ်ဆေးခဲ့ရာ ကျေးရွာအတွင်း မောက်ရွာသား ၂ ဦး အသတ်ခံထားရကာ နေအိမ် ၂၄ လုံး၊ နှမ်းတင်းရေ ၃၀၀၀ ခန့် မီးရှို့ဖျက်ဆီးခံရသည်ကို တွေ့ရှိရပါတယ်"လို့ဆိုပါတယ်။
လတ်တလောမှာ နှစ်ဖက်အပြန်အလှန် စောင့်ကြည့်နေပြီး စစ်ရေးတင်းမာနေတဲ့အတွက် ဒေသတွင်းမှာ တိုက်ပွဲတွေထပ်ပြီး ပြင်းထန်လာနိုင်တယ်လို့လည်း YDF တပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားထားပါတယ်။ ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေသောကြောင့် လက်ပန်ရွာနှင့် မောက်ရွာအပါအဝင် ကျေးရွာ ၅ ရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment