၂၀၂၂ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူလူထုချွေးနည်းစာ စေတနာနဲ့မတည်လည်ပတ်နေသောဘဏ္ဍာငွေများကို အလေအလွင့် မရှိဖို့နဲ့ ကိုယ်ကျိုးအတွက် အသုံးမပြုမိဖို့ အလွန်အရေးကြီးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် Kachin Political Interim Coordination Team -KPICT တို့ တွေ့ဆုံဆွေးနွေး
📌 ၃။ ကျေးလက်ကို အခြေခံ မြို့ကိုပတ်ဝိုင်းပြီး တရားသောစစ်ကို ဆင်နွှဲသွားရမယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ဆို
📌 ၄။ ကယန်းဒေသမှ စစ်ဘေးရှောင် ပညာရေးရန်ပုံငွေ အတွက် အင်္ကျီအထည် ၁၀၀ ရောင်းချ
📌 ၅။ ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများအတွက်NUGအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း (AAC အဖွဲ့)ဖြေရှင်းဆောင်ရွက်
📌 ၆။ ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးလက်နက်ခဲယမ်းအပြည့်အစုံနဲ့အလင်းဝင်
📌 ၇။ ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့ အထိ နှစ်ပတ်တာအတွင်း ရက္ခိုင့်တပ်တော် AA က မြန်မာစစ်တပ် အခြေစိုက်စခန်း (၉) ခုကို သိမ်း
📌 ၈။ ဘုရားတောင်တပ်စခန်းကုန်းအား KNLA တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တပ်ဖွဲ့ဝင်များပူးပေါင်းသိမ်းပိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူလူထုချွေးနည်းစာ စေတနာနဲ့မတည်လည်ပတ်နေသောဘဏ္ဍာငွေများကို အလေအလွင့် မရှိဖို့နဲ့ ကိုယ်ကျိုးအတွက် အသုံးမပြုမိဖို့ အလွန်အရေးကြီးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ပြည်သူလူထုချွေးနည်းစာ စေတနာနဲ့မတည်လည်ပတ်နေသောဘဏ္ဍာငွေများကိုအလေအလွင့် မရှိဖို့နဲ့ ကိုယ်ကျိုးအတွက် အသုံးမပြုမိဖို့ အလွန်အရေးကြီးတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇) ကြိမ်မြောက် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာယာယီသမ္မတကထည့်သွင်းပြောကြားခဲ့ပါတယ်။
"နိုင်ငံတော်ဘဏ္ဍာဟာ မိမိတို့အစိုးရအတွက် အလွန်အရေးကြီးပါတယ်။ အစိုးရယန္တရားတစ်ခုလုံး လည်ပတ်ရန် ဘဏ္ဍာငွေဟာ အင်မတန်အရေးကြီးတဲ့ မဏ္ဍိုင်ဖြစ်ပါတယ်။ အထူးသဖြင့် တိုက်ပွဲဝင် အစိုးရဖြစ်သည့် အားလျော်စွာ PDF ရဲဘော်များကို စုစည်းလေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာဆေးဝါးများ ပံ့ပိုးပေးခြင်း၊ စစ်ဆင်ရေးစရိတ်များ ပံ့ပိုးပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အချို့အား မျှဝေပေးခြင်း စသည့် ကဏ္ဍများတွင် လစ်ဟင်းမှုမရှိစေရန် အချိန်နှင့်တပြေးညီဆောင်ရွက်ရပါတယ်။ထို့အတူ မိမိတို့အစိုးရ၏ ကြီးမားလှသည့် ဘဏ္ဍာငွေ အသုံးစရိတ်များကို ပြည်သူလူထု၏ ချွေးနည်းစာ စေတနာဖြင့် မတည်လည်ပတ်နေခြင်းဖြစ်သည့်အားလျော်စွာ စနစ်ကျဖို့၊ ဦးစားပေး ကဏ္ဍများတွင် သုံးစွဲတတ်ဖို့၊ အလေအလွင့် မရှိဖို့၊ ကိုယ်ကျိုးအတွက် အသုံးမပြုမိဖို့ အလွန်အရေးကြီးပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ယနေ့အချိန်ထိ နိုင်ငံခြားတိုင်းပြည်များမှ ထောက်ပံ့ငွေများ လုံးဝ မရရှိသေးသည့်အတွက် မိမိတို့ ပြည်သူပြည်သားများ၏ မေတ္တာစေတနာဖြင့် ပံ့ပိုးပေးသော ငွေများဖြင့်သာ ယခုတော်လှန်ရေးကို အဓိကမောင်းနှင်နေခြင်းဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် Kachin Political Interim Coordination Team -KPICT တို့ တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် Kachin Political Interim Coordination Team -KPICT တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာလ ၂၇ ရက်နေ့ကပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် KPICT တို့ တွေ့ဆုံဆွေးနွေးပွဲကို ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် အတွင်းရေးမှူးအဖွဲ့ဝင်၊ ဒေါ်ဖြူဖြူသင်းက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ တော်လှန်ရေးခရီးစဉ်တွင် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များက သိရှိလိုသည့် အချက်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ဆက်လက်၍ တက်ရောက်လာသူများက တော်လှန်ရေးကာလနှင့် ကြားကာလအတွင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်သွားသင့်သည့် ကဏ္ဍများကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင် များ၊ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ကျေးလက်ကို အခြေခံ မြို့ကိုပတ်ဝိုင်းပြီး တရားသောစစ်ကို ဆင်နွှဲသွားရမယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ဆို
ကျေးလက်ကို အခြေခံ မြို့ကိုပတ်ဝိုင်းပြီး တရားသောစစ်ကို ဆင်နွှဲသွားရမယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ကပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၂၈ ရက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ရေဒီယိုမိန့်ခွန်းပြောကြားရာမှာကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်ကဆိုပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာဟာ ပြည်သူ့တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးဖို့ အဓိကတာဝန်ဖြစ်ပါတယ်။ ဒီလိုကာကွယ် နိုင်အောင် ရဲဘော်တို့ စုဖွဲ့မှုနှင့် ထိန်းချုပ်မှု အားကောင်းသော အမိန့်ပေးကွပ်ကဲ မှုအောက်မှာ အမိန့်နာခံမှု၊ စည်းကမ်းသေသပ်မှု နှင့် တိုက်ခိုက်စွမ်းရည်မြင့်တဲ့ ခေတ်မှီနည်းပညာစစ်ပွဲနှင့် ပြည်သူစစ်မဟာဗျူဟာကို ကျင့်သုံးပြီး ကျေးလက်ကို အခြေခံ မြို့ကိုပတ်ဝိုင်းပြီး တရားသောစစ်ကို ဆင်နွှဲသွားရမယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်တစ်နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်ဘက်က အယောက်နှစ်သောင်းကျော်ကျဆုံးခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၄။ ကယန်းဒေသမှ စစ်ဘေးရှောင် ပညာရေးရန်ပုံငွေ အတွက် အင်္ကျီအထည် ၁၀၀ ရောင်းချ
ကယန်းဒေသမှ စစ်ဘေးရှောင် ပညာရေးရန်ပုံငွေ အတွက် အင်္ကျီအထည် ၁၀၀ ရောင်းချလျက်ရှိပါတယ်။ စက်တင်ဘာ၂၈ ရက်မှာ လူ့အခွင့်ရေးရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်ကဆိုပါတယ်။
"ချစ်ခင်လေးစားအပ်ပါသော မဲလ်ဘုန်းမြို့မှ ညီအစ်ကို မောင်နှစ်မများအားလုံး ကယန်းဒေသမှ စစ်ဘေးရှောင် ပညာရေးရံဘုံငွေ အတွက် အင်္ကျီအထည် ၁၀၀ ပို့လာတာရှိပါတယ်။ Size များအနေဖြင့် Asia Size ( M, L, XL, XXL ) များဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဝယ်ယူအားပေးလိုသူများ ၁ ထည် AUS $ ၄၀ ဖြင့်အားပေးနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများအတွက်NUGအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း (AAC အဖွဲ့)ဖြေရှင်းဆောင်ရွက်
ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများအတွက်NUGအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း (AAC အဖွဲ့)ဖြေရှင်းဆောင်ရွက်ခဲ့ပါတယ်။ စက်တင်ဘာ၂၈ ရက်မှာ NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင် ဘန်ဘော်နယ်မြေရှိ ငါးသေတ္တာစက်ရုံမှ မြန်မာအလုပ်သမား (၁၁၀) ဦးခန့် အလုပ်ထုတ်ခံရပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ ဝင်ရောက်ဖြေရှင်းပေးရန် ဆန္ဒဖော်ထုတ်သဖြင့် စက်တင်ဘာ၂၁ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း(AAC အဖွဲ့) နှင့် ဦးသက်ပိုင်မင်း တို့က စမုပရာကန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးနှင့် ချိတ်ဆက် ဖြေရှင်းဆောင်ရွက်ခဲ့ပါတယ်။
ဖြေရှင်းဆောင်ရွက်မှုများအရ
(က) အလုပ်ထုတ်ရာတွင် ကြိုတင်အကြောင်းကြားရန် ပျက်ကွက်ခြင်းကြောင့် အလုပ်သမား ၃၈ ဦးအတွက် လုပ်ခလစာနှင့် လုပ်သက်အလိုက် နစ်နာကြေးများ ရရှိရန် အလုပ်ရှင်အား အမှုဖွင့်ခဲ့ခြင်း၊
(ခ) အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းသဘောတူမှုအရ ကျန်အလုပ်သမားများအတွက် အလုပ်ရှင်မှ ပေးရန်ကျန်ရှိသောလုပ်အားခများနှင့် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့် စာရွက်စာတမ်းများ အမြန်ဆုံးရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း၊
ထို့ပြင် အလုပ်ရှင်အား အမှုဖွင့်ထားသည့် အလုပ်သမား (၃၈) ဦးအတွက် တရားဝင်အလုပ်ပြောင်းရွေ့ခွင့်ရရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန(ကျဟာငန်) နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူအညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် စမုပရာကန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန(ဆာဝါဒီကန်) ၊ အလုပ်အကိုင်ဌာန (ကျဟာငန်) နှင့် ဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ညှိနှိုင်းဖြေရှင်းပေးသည့် ကိုရဲမင်း (AAC အဖွဲ့)နှင့် ဦးသက်ပိုင်မင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်လို့ဖော်ပြထားပါတယ်။
========================
📌📌 ၆။ ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးလက်နက်ခဲယမ်းအပြည့်အစုံနဲ့အလင်းဝင်
ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးလက်နက်ခဲယမ်းအပြည့်အစုံနဲ့အလင်းဝင်လာတယ်လို့ ထီးလင်း PDF ကဆိုပါတယ်။ စက်တင်ဘာ၂၈ ရက်မှာ အလင်းဝင်တဲ့ရဲတပ်သားအချက်အလက်ကို ထီးလင်း PDF ကဆိုပါတယ်။
"ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးဟာစက်တင်ဘာ၈ရက် ဂန့်ဂေါခရိုင် တပ်ရင်း 2/ 4/ 10 သို့ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ဝင်ရောက်လာခဲ့ပါတယ်"လို့ဆိုပါတယ်။
PDF ထီးလင်းသို့ အလင်းဝင်လာတဲ ရဲတပ်သားဟာ BA 64 (G4)တစ်လက်၊ကျည်ဘောက် ၂ ဘောက်၊ကျည် ၂၄၈ တောင့်၊ လှံစွပ် ၁ ချောင်း လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုဝင်လာတယ်လို့ဖော်ပြပါတယ်။ ရဲတပ်သားအား မိမိတို့ ခရိုင်တပ်ရင်း 2/4/10 မှ သိန်း၆၀တိတိကို ဂုဏ်ပြုချီးမြင့်ခဲ့ပါတယ်။ ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆန္ဒရှိသော ရဲနဲ့စကစတပ်များ ဂန့်ဂေါခရိုင် အမှတ် ၂/၄/၁၀ တပ်ရင်းသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်တယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၇။ ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့ အထိ နှစ်ပတ်တာအတွင်း ရက္ခိုင့်တပ်တော် AA က မြန်မာစစ်တပ် အခြေစိုက်စခန်း (၉) ခုကို သိမ်း
ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့ အထိ နှစ်ပတ်တာအတွင်း ရက္ခိုင့်တပ်တော် AA က မြန်မာစစ်တပ် အခြေစိုက်စခန်း (၉) ခုကို သိမ်းပိုက်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ NLTA ၏ အချက် အလက်များအရသတင်းရရှိပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ကြား တကျော့ပြန် တိုက်ပွဲများ ပြင်းထန်နေပြီး ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၀ရက်နေ့ အထိ နှစ်ပတ်တာအတွင်း ရက္ခိုင့်တပ်တော် AA က မြန်မာစစ်တပ် အခြေစိုက်စခန်း (၉) ခုကိုသိမ်းနိုင်ခဲ့တာပါ။
သိမ်းပိုက်ခဲ့တဲ့ သတင်းများအရဩဂုတ်လ ၂၅ ရက်နေ့တွင် ပလက်ဝမြို့နယ်အတွင်းက နှမတာစခန်း၊ သူဌေးကုန်းစခန်း၊ သကာချောင်း (ရှေ့တန်းစခန်း)၊ အဘောင်သားကျေးရွာ (ရှေ့တန်းစခန်း)၊ ကြက်ယာကိုင်းကျေးရွာ (ရှေ့တန်းစခန်း)များနှင့် ဩဂုတ်လ ၃၁ ရက်နေ့တွင် မိုင်တိုင် (၄၀) စခန်း (မြန်မာ - ဘင်္ဂလားနယ်စပ်)၊ မီးတိုက်နယ်ခြားစောင့်စခန်း၊ ကြိမ်းချောင်းဗျူဟာကာကင်းစခန်းနှင့် ခမရ (၃၅၂) တပ်ရင်းစခန်းတို့ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့မှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်သည်ဝင်ရောက်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း လူ ၃၀၀ ခန့်ဟာ ၎င်းတို့ကျေးရွာကနေ နေရပ်စွန်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့အတွက် ဩဂုတ်လကစပြီး ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက်ဟာ ၉,၀၀၀ နီးပါးထိ ရှိလာတယ်လို့ စက်တင်ဘာ၂၈ ရက်မှာ OCHA Myanmarက သတင်းထုတ်ပြန်ဖော်ပြပါတယ်။
========================
📌📌 ၈။ ဘုရားတောင်တပ်စခန်းကုန်းအား KNLA တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တပ်ဖွဲ့ဝင်များပူးပေါင်းသိမ်းပိုက်
ဘုရားတောင်တပ်စခန်းကုန်းအား KNLA တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တပ်ဖွဲ့ဝင်များပူးပေါင်းသိမ်းပိုက်ခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက် နံနက် ၆း၀၀ နာရီတွင် KNU တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ် ခလရ ၂၈၃ တပ်ရင်းမှ မတရားကျူးကျော် တပ်စွဲထားသည့် ဘုရားတောင်တပ်စခန်းကုန်းကို သိမ်းပိုက်ခဲ့တာလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ကဆိုပါတယ်။
"ယနေ့နံနက် ၆း၀၀ နာရီတွင် KNU တပ်မဟာ ၆ နယ်မြေ၊ ဘုရားသုံးဆူမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ် ခလရ ၂၈၃ တပ်ရင်းမှ မတရားကျူးကျော် တပ်စွဲထားသည့် ဘုရားတောင်တပ်စခန်းကုန်းအား KNLA တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များ နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တပ်ဖွဲ့ဝင်များပူးပေါင်း၍ အောင်မြင်စွာ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဖက်မှ ဒုတပ်ရင်းမှူး(ဗှိူလ်မှူးအဆင့်အရာရှိ)အပါအဝင် ၁၃ ဦးကျဆုံးခဲ့ပြီး ၁၇ ဦးခန့်စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပါတယ်။
လက်နက်ခဲယမ်းများအနေဖြင့် MA4 ပူးတွဲ ၁ လက်၊ MA2 ၂ လက်၊ MA3 ၁ လက်၊ MA1 ၂ လက်၊ စနိုက်ပါ ၁ လက်၊ ၆၀ မမတစ်လက်၊ ငါးကြင်းမြီးစက်လတ် ၁ လက်/နာတိုကျည် ၈၉ တောင့်၊ 5.56 ကျည် ၅၁၃ တောင့်၊ ကျည်ဘောက် ၁၆ ခု သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ တိုက်ပွဲကြာချိန်၊ နံနက် ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ အပြင်းအထန် တိုက်ခိုက်ခဲ့ရသော်လည်း KNLA နှင့် S.O.F တပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်လုံးဝမရှိဘူးလို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment