၂၀၂၂ စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူ့တော်လှန်ရေး အမြန်ဆုံး အဆုံးသတ်အောင်ပွဲဝင်နိုင် ကြိုးပမ်းသွားပါမယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကတိပေးပြောကြား
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃နှစ်ယနေ့ ထပ်မံချမှတ်၍ အကြမ်းဖက် စစ်တပ်က မတရားချမှတ်တဲ့ထောင်ဒဏ် ၂၃ နှစ် ရှိပြီ
📌 ၃။ စစ်တပ် အာဏာသိမ်ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသူတွေဟာ မြန်မာ့သမိုင်းမှာ အများဆုံးကိုရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
📌 ၄။ စာသင်ကျောင်းများမှာ တပ်စွဲခြင်းနဲ့ အကြမ်းဖက် ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်မှုများကို လက်မခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက နှစ်ကြိမ်တိုင်တိုင်ထုတ်ပြန်အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၅။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့ ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများနှင့် သင်္ဘောသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရားသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာ
📌 ၆။ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းပြီး တရားသောစစ်ကို အောင်မြင်သည့်အထိ တိုက်ပွဲဝင်သွားကြရန် ဒုဝန်ကြီး နိုင်ကောင်းရွက်တိုက်တွန်း
📌 ၇။ မန္တလေးတိုင်း အမရပူရမြို့နယ် မြစ်ငယ်တံတားအနီး နိုင်ငံရေးအကျဥ်းသားတွေတင်လာတဲ့အချုပ်ကားပေါ် ရဲများကိုတိုက်ခိုက်ရာ ရဲနှစ်ဦးသေဆုံး၍ နိုင်ကျဥ်းနှစ်ဦးလွတ်မြောက်
📌 ၈။ ခင်ဦးမြို့နယ် အခြေစိုက် Drone တပ်ဖွဲ့ခုနစ်ဖွဲ့ ရန်ပုံငွေ အခက်ခဲကြောင့် ယာယီ ရပ်နား
📌 ၉။ ကရင့်အမျိုးသား အစည်းအရုံး တပ်မဟာ (၆) နယ်မြေ၊ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကော်ပရာစစ်ကြောင်းက စနိုက်ပါနဲ့ပစ်၍ တစ်ဦးသေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူ့တော်လှန်ရေး အမြန်ဆုံး အဆုံးသတ်အောင်ပွဲဝင်နိုင် ကြိုးပမ်းသွားပါမယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကတိပေးပြောကြား
ပြည်သူ့တော်လှန်ရေး အမြန်ဆုံး အဆုံးသတ်အောင်ပွဲဝင်နိုင် ကြိုးပမ်းသွားပါမယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကတိပေးပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ ၂၉ ရက် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ကလေးမြို့ လူထုသပိတ် ရက်ပေါင်း (၆၀၀) ပြည့် အခမ်းအနား ဂုဏ်ပြုအားပေးစကားပြောကြားရာမှာထည့်သွင်းပြောပါတယ်။
"ပြည်သူ့တော်လှန်ရေးကြီးမှာ ကလေးဒေသအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည် ရဲဘော် သူရဲကောင်းများရဲ့ ဂုဏ်ကျေးဇူးကို အစဥ်အမြဲ အောက်မေ့ဂုဏ်ပြုပြီး ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ လွတ်မြောက်ရေးအတွက် တော်လှန်ရေးကြီးရဲ့ကဏ္ဍအသီးသီးမှာ ပိုမိုအားစိုက် တိုက်ပွဲဝင်တော်လှန် သွားကြပါစို့လို့ ပြည်သူပြည်သားအပေါင်းကိုနှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။ထို့အတူကျနော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူ့တော်လှန်ရေးကြီးကို အမြန်ဆုံး အဆုံးသတ်အောင်ပွဲဝင်နိုင် ကြိုးပမ်းသွားပါ့မယ်လို့ကတိပေးရင်း ပြည်သူပြည်သားအပေါင်းကို ဦးညွတ်အလေးပြုအပ်ပါတယ်"လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးကပြောကြားထားရာမှာလည်း၂၀၂၃ ခု နှစ် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမတိုင်မီ နွေဦးတော်လှန်ရေးကို အဆုံးသတ် ဆင်နွှဲမယ်လို့ဆိုထားပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃နှစ်ယနေ့ ထပ်မံချမှတ်၍ အကြမ်းဖက် စစ်တပ်က မတရားချမှတ်တဲ့ထောင်ဒဏ် ၂၃ နှစ် ရှိပြီ
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃နှစ်ယနေ့ ထပ်မံချမှတ်၍ အကြမ်းဖက် စစ်တပ်က မတရားချမှတ်တဲ့ထောင်ဒဏ် ၂၃ နှစ် ရှိပြီဖြစ်ပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ယနေ့မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံ ပေး မစ္စတာ ရှောင်တာနယ်ကို လျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်တာလို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသတင်းရရှိပါတယ်။
ဩစတေးလျနိုင်ငံသားရှောင်တာနယ်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ရန်ကုန်မြို့တွင် အဖမ်းခံခဲ့ရပြီး သူရဲ့ Laptop မှာတွေ့ရတဲ့အချက်အလက်တွေအရ လျှို့ဝှက်ချက်ပေါက်ကြားမှု ကျုးလွန်တယ်ဆိုပြီးစွပ်စွဲတရားစွဲဆိုခံခဲ့ရပါတယ်။ ထို့နောက် အကြမ်းဖက် စစ်အုပ်စုကဒေါ်အောင်ဆန်းစုကြည်နဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ ဦးစိုးဝင်း နှင့် ဒုဝန်ကြီးဟောင်း ဦးဆက်အောင် တို့ ကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ) ဖြင့် တရားစွဲဆိုခဲ့တာပါ။
အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုကနေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထားပြီး အဂတိမှု ၇ မှုကိုလည်း စစ်အုပ်စုကဖန်တီးတရားစွဲဆိုထားပါသေးတယ်။
========================
📌📌 ၃။ စစ်တပ် အာဏာသိမ်ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသူတွေဟာ မြန်မာ့သမိုင်းမှာ အများဆုံးကိုရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
စစ်တပ် အာဏာသိမ်ပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသူတွေဟာ မြန်မာ့သမိုင်းမှာ အများဆုံးကိုရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း နေရပ်စွန့်ခွာရသူများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။
"အကြမ်းဖက် စစ်အာဏာရှင်က အာဏာသိမ်းပြီးတဲ့နောက် နေရပ်စွန့်ခွာရသူအရေအတွက်ဟာ မြန်မာ့သမိုင်းမှာ အများဆုံးကိုရောက်ရှိနေပြီ ဖြစ်ပါတယ်။ ထုတ်ပြန်တဲ့ စာရင်းတွေအရ လူဦးရေ တစ်သန်းခွဲကျော် နေရပ်စွန့်ခွာနေကြရပြီဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ရှောင်ပြည်သူများအတွက် အရေးပေါ် ငွေကျပ်သိန်းပေါင်း ၁၉၃၈,၄၉၈,၁၉၇ ကို သုံးစွဲခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၈၉,၄၀၀ ဦးအပါအဝင် လူဦးရေ ၁ ဒသမ ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ စက်တင်ဘာလ (၁၉) ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ သိရှိရပါတယ်။
========================
📌📌 ၄။ စာသင်ကျောင်းများမှာ တပ်စွဲခြင်းနဲ့ အကြမ်းဖက် ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်မှုများကို လက်မခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက နှစ်ကြိမ်တိုင်တိုင်ထုတ်ပြန်အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
စာသင်ကျောင်းများမှာ တပ်စွဲခြင်းနဲ့ အကြမ်းဖက် ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်မှုများကို လက်မခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက နှစ်ကြိမ်တိုင်တိုင်ထုတ်ပြန်အသိပေးထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ စက်တင်ဘာနောက်ဆုံးပတ် သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ပါတယ်။
"ကျောင်းစဖွင့်ကတည်းက ကျနော်တို့နှစ်ကြိမ်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ နံပါတ်တစ်က ဘယ်ကျောင်းမှာမှ ဘယ်တပ်စွဲတာကိုမှ သဘောမတူပါဘူး။ လက်မခံပါဘူး။ နောက်တစ်ခုက ဘယ်ကျောင်းနားမှာမှ အကြမ်းဖက်တာရော၊ဖောက်ခွဲတာရော၊ပစ်ခတ်တာရော လက်မခံဘူးဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက နှစ်ကြိမ်ထုတ်ထားပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၁၆ ရက်နေ့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာရှိ စာသင်ကျောင်းကို Mi35ရဟတ်ယာဥ်နှစ်စင်းနဲ့ပစ်ခတ်ခဲ့ရာ စာသင်ကြားတဲ့ကလေးငယ် ၆ ဦးသေဆုံးခဲ့ပြီး မြေပြင်ထိုးစစ်ကြောင့်အရပ်သား ၇ ဦးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၅။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့ ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများနှင့် သင်္ဘောသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရားသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာ
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့ ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများနှင့် သင်္ဘောသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ တိုင်ကြားရေးယန္တရားသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးကြေညာလိုက်ပါတယ်။ စက်တင်ဘာ ၂၉ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနကအသိပေးဆိုပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသော ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများ၏နစ်နာမှုများကို မှတ်တမ်းယူခြင်းနှင့်ကူညီဖြေရှင်းခြင်းတို့ ဆောင်ရွက်နိုင်ရန် “အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနှင့် တိုင်ကြားရေးယန္တရား” ကိုဧပြီ ၁၇ ရက်နေ့တွင် စတင်အကောင်အထည်ဖေါ်ခဲ့ပြီး တိုင်ကြားမှုများကို လက်ခံဖြေရှင်းပေးခြင်း၊ မှတ်တမ်းရယူပြုစုခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ယခုအခါ အဆိုပါတိုင်ကြားရေးယန္တရားတွင် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများသာမက အခွင့်အရေးချိုးဖောက်ခံရသည့် သင်္ဘောသားများအနေဖြင့် သတင်းပေးပို့တိုင်ကြားနိုင်ရန် သင်္ဘောသား တိုင်ကြားမှုများကိုပါ လက်ခံ ဖြေရှင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
သို့ဖြစ်၍ သင်္ဘောသားများအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် တိုင်ကြားမှု ပုံစံတွင် အချက်အလက်များ ဖြည့်သွင်း၍ တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြားမှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်လုံခြုံရေး ခိုင်မာမှုရှိစေရန် လိုအပ်သော နည်းပညာအဆင့်တိုးမြှင့်ဆောင်ရွက်ထားရှိပါကြောင်း အသိပေးကြေညာထားပါတယ်။
ဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးကာလအတွင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် တိုင်ကြားမှုများကို အချိန်နှင့် တပြေးညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး အရေးယူမှုပြုလုပ်ရန်လိုအပ်သည့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများအား စနစ်တကျ မှတ်တမ်းထားရှိ၍ ပြည်သူ့အစိုးရ တာဝန်ယူချိန်တွင် စီရင်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းပြီး တရားသောစစ်ကို အောင်မြင်သည့်အထိ တိုက်ပွဲဝင်သွားကြရန် ဒုဝန်ကြီး နိုင်ကောင်းရွက်တိုက်တွန်း
အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းပြီး တရားသောစစ်ကို အောင်မြင်သည့်အထိ တိုက်ပွဲဝင်သွားကြရန် ဒုဝန်ကြီး နိုင်ကောင်းရွက်တိုက်တွန်းပြောကြားလိုက်ပါတယ်။ စက်တင်ဘာနောက်ဆုံးပတ်အတွင်း ပြည်သူ့ရဲဘော်များသို့ မိန့်ခွန်းပြောကြားရာမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်ကဆိုပါတယ်။
"အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုင်းပြည်၏ အချုပ်အခြာအာဏာကို သိမ်းယူလိုက်ခြင်းကြောင့် စတင်လာတဲ့ ပြည်သူ့တော်လှန်ရေးကြီး နွေဦးတော်လှန်ရေးဟာ တနှစ်ကျော်ခဲ့ပါပြီ။
ကျနော်တို့ မျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးအတွက် ခိုင်မာသောစိတ်ဓာတ်ဖြင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းပြီး တရားသောစစ်ကို အောင်မြင်သည့်အထိ တိုက်ပွဲဝင်သွားကြပါစို့"လို့ဒုဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ဖို့ကြေညာခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ် တနှစ်တာကာလအတွင်း အကြမ်းဖက် စကစတပ်ဖွဲ့ဝင် နှစ်သောင်းကျော် အထိ ကျဆုံးအထိနာခဲ့ပါတယ်။
========================
📌📌 ၇။ မန္တလေးတိုင်း အမရပူရမြို့နယ် မြစ်ငယ်တံတားအနီး နိုင်ငံရေးအကျဥ်းသားတွေတင်လာတဲ့အချုပ်ကားပေါ် ရဲများကိုတိုက်ခိုက်ရာ ရဲနှစ်ဦးသေဆုံး၍ နိုင်ကျဥ်းနှစ်ဦးလွတ်မြောက်
မန္တလေးတိုင်း အမရပူရမြို့နယ် မြစ်ငယ်တံတားအနီး နိုင်ငံရေးအကျဥ်းသားတွေတင်လာတဲ့အချုပ်ကားပေါ် ရဲများကိုတိုက်ခိုက်ရာ ရဲနှစ်ဦးသေဆုံး၍ နိုင်ကျဥ်းနှစ်ဦးလွတ်မြောက်ခဲ့ပါတယ်။ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ အချုပ်ကားနဲ့အတူပါလာတဲ့ ရဲတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့တာလို့ Truth Keeping Force – Amarapuraက အတည်ပြုပြောပါတယ်။
"ရဲနှစ်ယောက်ကိုတော့ သေအောင်ရှင်းလင်းခဲ့တာမို့အတည်ပြုပါတယ်။ ကျန်တာတွေတော့အသေးစိတ်မထုတ်ပြန်သေးပါဘူး။အဓိကတော့ကျန်ရှိတဲ့သူတွေလက်စအဖျောက်မခံရဖိုသာ ကျနော်တို့ စစ်ရေးကို အစောတလျင်ထုတ်ပြန်လိုက်တာပါ"လို့ပြောပါတယ်။
အမရပူရမြို့နယ်အတွင်း နိုင်ငံရေးအကျဉ်းသားများ လွှဲပြောင်းပို့ဆောင်ရာ အချုပ်ကားအား ထောက်လှမ်း ရရှိသဖြင့် မဟာမိတ် မြို့ပြပြောက်ကျား အဖွဲ့များနှင့် မြစ်ငယ်တံတားအနီးတိုက်ခိုက်ခဲ့တာလို့သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှာ ရဲ နှစ်ဦး နေရာတွင် သေဆုံးပြီး အကျဉ်းသား တစ်ဦး ထိခိုက်ဒဏ်ရာရကာ ရှစ်ဦး ထွက်ပြေးပြီး ခြောက်ဦး ပြန်လည် ဖမ်းဆီးခံရတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၈။ ခင်ဦးမြို့နယ် အခြေစိုက် Drone တပ်ဖွဲ့ခုနစ်ဖွဲ့ ရန်ပုံငွေ အခက်ခဲကြောင့် ယာယီ ရပ်နား
စစ်ကိုင်းတိုင်းခင်ဦးမြို့နယ် အခြေစိုက် Drone တပ်ဖွဲ့ခုနစ်ဖွဲ့ ရန်ပုံငွေ အခက်ခဲကြောင့် ယာယီ ရပ်နားထားတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာနောက်ဆုံးပတ်မှာ DUGF(KU Dragon) အဖွဲ့ကအသိပေးဆိုပါတယ်။
"ခင်ဦးမြို့နယ် အခြေစိုက် Drone တပ်ဖွဲ့ဝင်များ အနေဖြင့် ပျက်စီး ဆုံရှုံးမှုများ များပြားလာသည်နှင့်အမျှ ပြန်လည်တိုက်ပွဲဝင်ရန် ရန်ပုံငွေ အခက်ခဲကြောင့် ယာယီ ရပ်နားထားကြောင်း အသိပေးတင်ပြအပ်ပါတယ်။မိမိတို့ မဟာမိတ်တပ်ဖွဲ့များ အနေဖြင့် တော်လှန်ရေးမှာ စကစကားများ မလာနိုင်ရန် ဓားတစ်ချောင်းဖြင့် သစ်ပင်လှဲသည့်အချိန်မှ သည် ယနေ့အချိန်ထိတစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ပါတယ်"လို့ဆိုထားပါတယ်။
ဒရုန်းတပ်ဖွဲ့ဝင်များဆုံရှုံးမှုအနေဖြင့် Drone 11စီး- ကာလတန်ဖိုး - သိန်း၃၇၀ Air bomb ၁၇၀လုံး ကုန်ကျငွေ - ၁၂၃ သိန်း Air Drop အတွက် ကုန်ကျငွေ -၂၈သိန်းတိတိ ကုန်ကျပြီးတိုက်ပွဲပေါင်း ၁၀၆ပွဲ ဆင်နွှဲခဲ့တယ်လို့ဆိုပါတယ်။ ယာယီရပ်နားထားမယ့်မဟာမိတ် ခုနှစ်ဖွဲ့ မှာ DUGF(KU Dragon)၊ Wolf Guerrilla(Ye-U)၊ NAA-DF၊Burmese Revolution Youth(BRY)၊ FIRE DRAGON (Khin-U)၊ Northern Tigers Group(NTG)၊FUTURE HERO တို့ဖြစ်ပါတယ်။
========================
📌📌 ၉။ ကရင့်အမျိုးသား အစည်းအရုံး တပ်မဟာ (၆) နယ်မြေ၊ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကော်ပရာစစ်ကြောင်းက စနိုက်ပါနဲ့ပစ်၍ တစ်ဦးသေ
ကရင့်အမျိုးသား အစည်းအရုံး တပ်မဟာ (၆) နယ်မြေ၊ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကော်ပရာစစ်ကြောင်းက စနိုက်ပါနဲ့ပစ်၍ တစ်ဦးသေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၂၉ ရက်မှာ စစ်ရေးသတင်းကို ကော်ပရာစစ်ကြောင်းကအသိပေးဖော်ပြပါတယ်။
"စက်တင်ဘာ ၂၉ ရက် ကရင့်အမျိုးသား အစည်းအရုံး တပ်မဟာ (၆) နယ်မြေ၊ တောင်နီး ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ၏ခမရ (၁၀၄) အား KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်းစစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) တို့မှ လက်ဖြောင့် စနိုက်ဘာ စစ်သည်များ၏ စွမ်းရည်ဖြင့် အကြမ်းဖက် စစ်ကောင်စီဘက်မှ (၁) ဦး သေဆုံးခဲ့တယ်"လို့ဆိုပါတယ်။ ပူးပေါင်း တပ်ဖွဲ့များ ဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါကြောင်း သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment