၂၀၂၂ စက်တင်ဘာလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ “ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဌာနပေါင်းစုံ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဦးစီးအရာရှိအဆင့်ထိ Non-CDM ဝန်ထမ်းများအားလုံး” အား အမည်ပျက်စာရင်းသွင်း၍ဝန်ထမ်းအဖြစ်မှထုတ်ပယ်
📌 ၂။ ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ပြည်သူ့အသံညီကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတိုက်တွန်း
📌 ၃။ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်မထောက်ပံ့တာမဟုတ်ဘဲ မလောက်သေးတာပဲရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း သစ်ထံင်းပန်းချီ ဆန်ရေ ပရော့ဂျက် ကံစမ်းမဲလက်မှတ် ၁၅၀၀ သာကျန်ရှိတော့
📌 ၅။ လူမှုရေးပြစ်ဒဏ် Soical Punishment အဆိုတော်ယုန်လေးကို ချမှတ်ကြောင်း ရေဘဝဲလူငယ်အဖွဲ့ကြေညာ
📌 ၆။ သုံးမိုင်အကွာအဝေးအထိ ပစ်ခတ်လို့ရတဲ့ ၁၂၀ မမ များနေပြည်တော်ပကဖ ထုတ်လုပ်အောင်မြင်၍ လိုအပ်နေတဲ့တော်လှန်ရေးအင်အားစုတွေဆီပေးပို့မယ်
📌 ၇။ ပေါက်မြို့နယ်မှ အသက်၇နှစ်အရွယ် သမီးလေးမှ စုထားတဲ့ မုန့်ဖိုးငွေများ မြိုင်ပကဖသို့ ကျည်ဖိုးလှူဒါန်း
📌 ၈။ နွေဦးမော်ကွန်းသစ်@ Thanthumar ရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက် ၁၀၀ ကို ထပ်မံ ရောင်းချ ပေးသွားမယ်
📌 ၉။ project skywalk မှာ click2donate အနေနဲ့ clicker တွေရဲ့ အင်အားကို သိန်းနှစ်ရာ့နှစ်ဆယ် အားဖြည့်ထားတယ်လို့အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ “ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဌာနပေါင်းစုံ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဦးစီးအရာရှိအဆင့်ထိ Non-CDM ဝန်ထမ်းများအားလုံး” အား အမည်ပျက်စာရင်းသွင်း၍ဝန်ထမ်းအဖြစ်မှထုတ်ပယ်
ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဌာနပေါင်းစုံ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဦးစီးအရာရှိအဆင့်ထိ Non-CDM ဝန်ထမ်းများအားလုံး” အား အမည်ပျက်စာရင်းသွင်း၍ဝန်ထမ်းအဖြစ်မှထုတ်ပယ်လိုက်ပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအမိန့်နဲ့ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တစ်သားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ကြစေရန် အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အနေဖြင့်လည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့ကြပြီး ဝန်ကြီးဌာန မဖွဲ့စည်းရသေးသော ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ ဘေးကင်းလုံခြုံရေး နှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါတယ်။
သို့ဖြစ်ပါ၍ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေသော ရန်ကုန်နှင့် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ ဌာနပေါင်းစုံ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဦးစီးအရာရှိအဆင့်ထိ Non-CDM ဝန်ထမ်းများသည်
(က) မြို့နေပြည်သူများအပေါ် သစ္စာစောင့်သိမှုမရှိဘဲ စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင် နေခြင်း၊
(ခ) စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များလုံခြုံရေးအတွက် ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့် စည်ပင် ဘတ်ဂျက်များဖြင့် လုံခြုံရေးဘန်ကာအဆောက်အဦများ အခိုင်အမာတည်ဆောက်ပေးခြင်း၊
(ဂ) စစ်ကောင်စီအား ဆန့်ကျင်သည့်ပြည်သူများအား အလွယ်တကူ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် နိုင်ရန်အတွက် CCTV များအား ယခင်ကထက် အဆင့်မြှင့်တင်ကာတပ်ဆင်ပြီး စစ်ကောင်စီ အလိုကျ ဆောင်ရွက်ပေးနေခြင်း၊
(ဃ) တော်လှန်ရေးတွင်ပါဝင်နေသော ပြည်သူများအား စစ်ကောင်စီနှင့် ပူးပေါင်းကာ ကူညီ ဖမ်းဆီးပေးခြင်း၊
(င) စစ်ကောင်စီမှ ကော်မတီရှိ Non-CDM ဝန်ထမ်းများအား ရာထူးတစ်ဆင့်တိုးပေး၍ ခိုင်းစေခြင်းများကို လိုလားကျေနပ်စွာရယူပြီး ပြည်သူ့မျက်နှာမကြည့်ဘဲ တက်ကြွစွာ တာဝန်ထမ်းဆောင်နေခြင်း၊
(စ) တိုင်းပြည်အဘက်ဘက်မှ ယိုယွင်းပျက်စီးနေသည်ကို သိပါသော်လည်း ၎င်းတို့၏ အကျိုး စီးပွားအတွက် အခွင့်ကောင်းယူကာ ပြည်သူ့ဘဏ္ဍာငွေများကို သုံးဖြုန်းနေခြင်း၊
(ဆ) စည်ပင်သာယာ မြေလွတ်မြေရိုင်းများအား စစ်ကောင်စီနှင့် ပူးပေါင်းကာ အလွဲသုံးစား ပြုလုပ်၍ ရောင်းချနေခြင်း၊
(ဇ) ပြည်သူများ ဆင်းရဲဒုက္ခရောက်နေချိန်တွင် ပြည်သူကို သစ္စာဖောက်၍ အကြမ်းဖက် စစ်ကောင်စီအား သစ္စာခံကာ အခွန်အခများ တင်းကြပ်စွာ ကောက်ခံနေခြင်း၊
(ဈ) ပြည်သူ့သစ္စာခံ CDM ဝန်ထမ်းများအား ဖိနှိပ်ခြိမ်းခြောက်ဖမ်းဆီးခြင်းများကို စစ်ကောင်စီနှင့် ပူးပေါင်းကာ ကျူးလွန်နေခြင်း၊
(ည) ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ကောင်စီဝင်များ ခေါင်းထောင်နေသည့် အဓိကအချက်မှာ မြို့တော်စည်ပင်ဝန်ထမ်းများက စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက် နေခြင်းများကြောင့်ဖြစ်ခြင်း၊
စသည့်အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသောကြောင့် အဆိုပါ “ရန်ကုန်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဌာနပေါင်းစုံ၏ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဦးစီးအရာရှိအဆင့်ထိ Non-CDM ဝန်ထမ်းများအားလုံး” အား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်တယ်လို့ ဝန်ကြီးချုပ်အမိန့်နဲ့ကြေညာဖော်ပြခဲ့ပါတယ်။
========================
📌📌 ၂။ ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ပြည်သူ့အသံညီကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတိုက်တွန်း
ကုလသမဂ္ဂရဲ့ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး ပြည်သူ့အသံညီကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတိုက်တွန်းပြောပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကွန်ရက်မှယရေးသားပြောပါတယ်။
"မြန်မာပြည်သူများ၏တရားမျှတမှု ပြန်လည်ရရှိရေးကမ္ဘာကြီးက ဆုံးဖြတ်ပေးဖို့ ပြည်သူ့အသံညီကြစို့။ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ” လို့ဆိုထားပါတယ်။ ကုလသမဂ္ဂရဲ့၇၇ကြိမ်မြောက်အထွေထွေညီလာခံကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းမှာ စတင်ကျင်းပကာ ၄င်းနေ့မှာပင် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးနေရာကို ရွေးချယ်အတည်ပြုမှာဖြစ်ပါတယ်။
========================
📌📌 ၃။ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်မထောက်ပံ့တာမဟုတ်ဘဲ မလောက်သေးတာပဲရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်မထောက်ပံတာမဟုတ်ဘဲ မလောက်သေးတာပဲရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုလိုက်ပါတယ်။ စက်တင်ဘာ ၂ ရက် လူမှုကွန်ရက်မှာ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာတူးခေါင်ကရေးသားပြောပါတယ်။
"တော်လှန်ရေးက ခဏလေးနဲ့ မပြီးနိုင်ဘူး ဆိုတာ တွက်စခြင်းဟာ မနိုင်တော့ဘူး လို့ တွေးနေခြင်းမဟုတ်။ ခုထိ ကျနော်တို့ လုပ်နိုင်လာတာတွေ တွက်ကြည့်ရင် တိုးလာတာပဲရှိတယ်၊ သူတို့ဖက်က တော့ ဆုတ်ယုတ်လာတာအများကြီးပါ။ ကျနော်တို့ဖက်က အစပိုင်းမှာ ခေတ်မှီလက်နက်တခုမှ မရှိဘူး။ အခု အတော်အသင့်ရှိလာပြီ။ MOD (NUG) က လက်နက်မထောက်ပံ့တာမဟုတ်ဘူး၊ မလောက်သေးတာပဲရှိတာ၊ ပုံမှန်တော့ သွားနေတာပဲ။ စစ်ရေး မဟာဗျူဟာအတွက် EROs တွေနဲ့ ပေါင်းလုပ်နေတဲ့အပိုင်းတွေ ပုံမှန်အလုပ်လုပ်နေပြီခဏလေစပိုင်းမှာ ထိန်းချုပ်နယ်မြေမရှိဘူး၊ အခု ပအဖ၊ ပလဖ၊ ပကဖ တွေ စနစ်တကျ နဲ့ အုပ်ချုပ်နေတဲ့ နေရာတွေ တိုးလာနေပြီ။အစက ဘဏ္ဍာရေး စီမံခန့်ခွဲတဲ့ စနစ်တွေမရှိခဲ့ဘူး၊ အခု NUGPay လို စနစ်တကျနဲ့ ငွေကြေးစီးဆင်းမှု စနစ်တွေ ထူထောင်လာနိုင်ပြီ"လို့ဆိုပါတယ်။ လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၀ ကို မှတ်ပုံတင်ပေးပြီးဖြစ်ကာ လက်နက်တပ်ဆင်ရေးနဲ့ အမိန့်ပေးကွပ်ကဲရေးစနစ်ကိုထူထောင်လုပ်ဆောင်နေပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း သစ်ထံင်းပန်းချီ ဆန်ရေ ပရော့ဂျက် ကံစမ်းမဲလက်မှတ် ၁၅၀၀ သာကျန်ရှိတော့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း သစ်ထံင်းပန်းချီ ဆန်ရေ ပရော့ဂျက် ကံစမ်းမဲလက်မှတ် ၁၅၀၀ သာကျန်ရှိတော့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာ တော်လှန်ရေး ရန်ပုံငွေ ရှာဖွေသူ မပန်ဆယ်လိုကဆိုထားပါတယ်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆုကနေ ရရှိခဲ့တဲ့ ဆုကြေး ဒေါ်လာ ၁.၃ သန်းကို မြန်မာပြည်အတွက် လှူဒါန်းခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ အကြာ ယနေ့အချိန် မြန်မာပြည် စစ်အာဏာရူးတွေလက်အောက် အတိဒုက္ခရောက်နေချိန်မှာ ကူညီဖို့ သားဖြစ်သူ ကိုထိန်လင်းရဲ့ ဆန်ရေပရော့ဂျက်မှာ ၁.၃ သန်း ရှာဖွေနိုင်ဖို့ လက်မှတ်ပေါင်း ၁၅၀၀ သာ လိုပါတော့တယ်"လို့ ဆိုထားပါတယ်။
ကံစမ်းမဲလက်မှတ်အများဆုံးဝယ်ယူတဲ့နိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီးတော့ ဒုတိယအများဆုံးမှာ US နဲ့ UK နိုင်ငံတို့ဖြစ်တယ်လို့ဆိုပါတယ်။ မဲလက်မှတ်ရောင်းချရငွေအားလုံးကို မတရားမှုကို တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့်ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဆန်ရေ အမည်ရှိ သစ်ထွင်းပန်းချီရဲ့ ကံထူးသူကို ကိုထိန်လင်းကိုယ်တိုင် Live နဲ့ မဲနှိုက်ပေးသွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၅။ လူမှုရေးပြစ်ဒဏ် Soical Punishment အဆိုတော်ယုန်လေးကို ချမှတ်ကြောင်း ရေဘဝဲလူငယ်အဖွဲ့ကြေညာ
လူမှုရေးပြစ်ဒဏ် Soical Punishment အဆိုတော်ယုန်လေးကို ချမှတ်ကြောင်း ရေဘဝဲလူငယ်အဖွဲ့ကြေညာပါတယ်။ စက်တင်ဘာလအတွင်းမှာ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းကဆိုပါတယ်။
" ယုန်လေးဟာ ပြည်သူလူထုအားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း အာဏာမသိမ်းမီကာလက " ငါတို့အားလုံးရဲ့မြေ " အကြမ်းဖက် စစ်တပ်ဝါဒဖြန့်ချီရေး၊ နိမိတ်ပုံပြသီချင်းကို တင်ဆက်ခဲ့သည့်အပြင် ယခုအကြမ်းဖက်စစ်တပ်လော်ဘီ ရွှေရူပါဦးတို့နှင့် ယခင်ကပင်တွဲဖက်၍ လှုပ်ရှားမှုများလည်းပြုလုပ်ခဲ့ဖူးပါတယ်။ထို့ပြင် ၂၀၂၁၊ ၂၂ တပ်တွင်းသင်္ကြန်ပွဲများတွင်လည်း အားရပါးရဖျော်ဖြေအားပေးခဲ့ပါတယ်"လို့ ဆိုပါတယ်။
မြန်မာပြည်ဟစ်ဟော့လောက၏ ပထမမျိုးဆက်ကိုစတင်ခဲ့သော ACID အဖွဲ့ဝင် Nitric Acid (ခေါ်) ကိုဖြိုးဇေယျာသော် ထောင်တွင်းလူသတ်မှုကျူးလွန်ခံခဲ့ရသောအခါတွင်လည်း နှုတ်ဆိတ်နေခဲ့သလို ဟစ်ဟော့အနုပညာရှင်၊အတတ်ပညာရှင်အသိုင်းအဝိုင်း နှင့် ရုပ်ရှင်အနုပညာလောကတွင်လည်း ဘောင်မဝင်သော လူ့ဗာလဖြစ်တယ်လို့ ရေဘဝဲကဖော်ပြပါတယ်။
========================
📌📌 ၆။ သုံးမိုင်အကွာအဝေးအထိ ပစ်ခတ်လို့ရတဲ့ ၁၂၀ မမ များနေပြည်တော်ပကဖ ထုတ်လုပ်အောင်မြင်၍ လိုအပ်နေတဲ့တော်လှန်ရေးအင်အားစုတွေဆီပေးပို့မယ်
သုံးမိုင်အကွာအဝေးအထိ ပစ်ခတ်လို့ရတဲ့ ၁၂၀ မမ များနေပြည်တော်ပကဖ ထုတ်လုပ်အောင်မြင်၍ လိုအပ်နေတဲ့တော်လှန်ရေးအင်အားစုတွေဆီပေးပို့မယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာ နေပြည်တော်ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇက အသိပေးဆိုထားပါတယ်။
"သုံးမိုင်အကွာဝေးအထိ ပစ်လို့ရတဲ့ ၁၂၀ မမ အောင်မြင်စွာ ထုပ်လုပ်နိုင်ပြီးလိုအပ်နေတဲ့ တော်လှန်ရေးအင်းအားစုများဆီသို့ ပေးပို့ပေးမှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ဇူလိုင်လအတွင်းကလည်း ရုရှားထုတ်ဟောင်ဝစ်ဇာ ပုံစံ ၈၀ မမ တစ်ပြောင်းနဲ့နှစ်ပြောင်းတွဲ လက်နက်ကြီးများကို ထုတ်လုပ်ကုန်ကျမှုစရိတ် အနည်းဆုံးအဖြစ် ကျပ်ခြောက်သောင်းမှ တစ်သိန်းကျော်သာ ကုန်ကျမှုနဲ့ထုတ်လုပ်ခဲ့ပါသေးတယ်။
========================
📌📌 ၇။ ပေါက်မြို့နယ်မှ အသက်၇နှစ်အရွယ် သမီးလေးမှ စုထားတဲ့ မုန့်ဖိုးငွေများ မြိုင်ပကဖသို့ ကျည်ဖိုးလှူဒါန်း
ပေါက်မြို့နယ်မှ အသက်၇နှစ်အရွယ် သမီးလေးမှ စုထားတဲ့ မုန့်ဖိုးငွေများ မြိုင်ပကဖသို့ ကျည်ဖိုးလှူဒါန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၂ ရက်နေ့မှာ မြိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကအသိပေးဆိုပါတယ်။
"ပေါက်မြို့နယ်မှ အသက် ၇ နှစ်အရွယ် သမီးလေးမှ မြိုင် ပကဖသို့ သူမစုထားသော မုန့်ဖိုးများ လှူဒါန်းသွားပါတယ်။ အရမ်းသိတတ်တဲ့ပြည်သူတွေအတော်များများပါဝင်နေမှတော့ ဒီပွဲမနိုင်စရာမရှိတော့ပါဘူးဗျာ"လို့ မြိုင်ပကဖကဆိုပါတယ်။ အဆိုပါ သမီးငယ်လေးလှူဒါန်းမှုအား မုန့်ဖိုးပဒအသုံးပြုရန် မြိုင်ပကဖက ဆိုခဲ့သော်လည်း သမီးငယ်လေးမှ စိတ်အားထက်သန်ကာ ကျည်ဖိုးအဖြစ် အလှူခံယူရန် ပြောဆိုခဲ့ပြီး အကြမ်းဖက် စစ်တပ်များရန်မှ ပြန်တက်နိုင်မယ်လို့ဆိုခဲ့ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၈။ နွေဦးမော်ကွန်းသစ်@ Thanthumar ရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက် ၁၀၀ ကို ထပ်မံ ရောင်းချ ပေးသွားမယ်
နွေဦးမော်ကွန်းသစ်@ Thanthumar ရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက် ၁၀၀ ကို ထပ်မံ ရောင်းချ ပေးသွားမယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ ညပိုင်းမှာ EOD ကအသိပေးဆိုပါတယ်။
"နွေဦးမော်ကွန်းသစ် စီမံကိန်းကို ပညာရှင်များနှင့် ပြန်လည် သုံးသပ်ခဲ့ကြပါတယ်။ ၆၀ ပေ x ၈၀ ပေ မြေကွက် ၅၀ ကို ၄၀ ပေ x ၆၀ ပေ မြေကွက် ၁၀၀ အဖြစ် ပြောင်း၍ ရကြောင်း၊ စီမံကိန်း၏ မူလရာထားသော အခင်းအကျင်းများကို မထိခိုက်နိုင်ပါဟု အကြံပြုကြပါတယ်။ထို့ကြောင့် နွေဦးမော်ကွန်းသစ်@ Thanthumar ရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက် ၁၀၀ ကို ထပ်မံ ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ Spring Yangon Investment ရဲ့ အိမ်ရာစီမံကိန်း စရောင်းတဲ့ နေ့မှာပဲ နွေဦးမော်ကွန်းသစ်@ Thanthumar ရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက် ၄၀၀ ဟာ အားတက်ဖွယ်ရာ ကောင်းလောက်အောင် ရောင်းကုန်သွားခဲ့ပါတယ်။ နွေဦးမော်ကွန်းသစ် ၄၀ ပေ x ၆၀ ပေ မြေကွက်များကို ဝယ်ယူရန် စာရင်းပေးထားသည့် ပြည်သူများစွာ ရှိနေသေးတယ်လို့ အရောင်းကိုယ်စားလှယ်များ ထံမှ သိရှိရပါတယ်။
နွေဦးမော်ကွန်းသစ် @Thanthuma ပေ ၆၀ x ပေ ၈၀ - အကွက် ၁၅၀၊ နွေဦးမော်ကွန်းသစ် @Thanthuma ပေ ၄၀ x ပေ ၆၀ - အကွက် ၅၀၀ အဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ စီမံကိန်းရာထားချက်အား နောက်ထပ်တစ်ကြိမ် ပြောင်းလဲရန် မရှိတော့ကြောင်းနှင့် အရောင်းကိုယ်စားလှယ်များကို ဆက်သွယ်ထားကြဖို့ အသိပေးလိုက်ပါတယ်လို့ဖော်ပြထားပါတယ်။
========================
📌📌 ၉။ project skywalk မှာ click2donate အနေနဲ့ clicker တွေရဲ့ အင်အားကို သိန်းနှစ်ရာ့နှစ်ဆယ် အားဖြည့်ထားတယ်လို့အသိပေး
project skywalk မှာ click2donate အနေနဲ့ clicker တွေရဲ့ အင်အားကို သိန်းနှစ်ရာ့နှစ်ဆယ် အားဖြည့်ထားတယ်လို့အသိပေးဆိုပါတယ်။ စက်တင်ဘာ ၂ ရက်မှာ click 2 donate က အသိပေးဖော်ပြပါတယ်။
"ကျွန်တော်တို့ လတိုင်းလိုလို ဒရုန်းအဖွဲ့တွေကို ပေးပို့နေတာ အားလုံးလဲသိမှာပါ။ ဒရုန်းမစ်ရှင်တွေဟာ စစ်ပွဲကို အရမ်းအထောက်အကူပြုတယ်ဆိုတာ အားလုံးလည်းသိပြီးဖြစ်လောက်ပါတယ်။ အရှိန်မြှင့်လာမယ့် တိုက်ပွဲတွေအတွက် တဖက်မှာက အရင်ကပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ထားတဲ့ လေယာဉ်တွေရှိသလို ကျွန်တော်တို့မှာလဲ ပြည်သူတွေရဲ့ခွန်အားနဲ့ PDF တွေရဲ့ ဉာဏအားဖြစ်တဲ့ ဒရုန်းတပ်ဖွဲ့တွေရှိနေပါတယ်။ မစို့မပို့လေးဝုန်းနေတာတောင် ခေါင်းပေါ်ဒရုန်းပျံလာရင် ကြောက်နေရတဲ့ကောင်တွေကို ရှယ်ပလန်တွေနဲ့ အဝကျွေးဖို့ project skywalk စတင်နေပါပြီ။project skywalk မှာ click2donate အနေနဲ့ clicker တွေရဲ့ အင်အားကို သိန်းနှစ်ရာ့နှစ်ဆယ် အားဖြည့်ထားပါတယ်ခင်ဗျာ"လို့ဆိုပါတယ်။
လက်ရှိမှာ project skywalk နဲ့ချိတ်ဆက်လုပ်ဆောင်လျက်ရှိတဲ့ ဒရုန်းအဖွဲ့များမှာ Force for Federal Democracy ၊ Falcon Wings ၊ People Force ၊ ABCD ၊ Butterfly ၊Golden Eagle ၊Mandalay PDF အပြင် တိုင်းနဲ့ပြည်နယ်အလိုက် တစ်ခြား Drone Team များလည်းပါဝင်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ project skywalk ဟာ မြန်မာနိုင်ငံတဝန်းမှာ ရှိနေတဲ့ ဒရုန်းအဖွဲ့တွေကို ချိတ်ဆက်ပြီး စနစ်ကျတဲ့ chain of command တစ်ခုအောက်မှာ အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဒီပရော့ဂျက်က ဦးတည်ရည်ရွယ်ဆောင်ရွက်တယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment