၂၀၂၂ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက် စစ်ကောင်စီဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ သွေးခွဲဖို့နည်းလမ်းစုံကို သုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသတိပေးပြောကြား
📌 ၂။ နွေဦးတော်လှန်ရေးကို ပန်းတိုင်ရောက်တဲ့အထိ တူညီတွဲလက်များနှင့် ကူညီညာရုန်းကြမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်
📌 ၃။ မြန်မာစစ်တပ်ဟာ ရုရှားအကူအညီနဲ့ အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကြိုးစားနေ၍ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာစစ်တပ်အား မျက်ခြေမပြတ် စောင့်ကြည့်ပေးရန် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်းပြောကြား
📌 ၄။ အကြမ်းဖက် စစ်ခေါင်းဆောင်ရဲ့ ဖက်ဒရယ် ဒီမိုကရေစီဟာ အတုအယောင်သာ ဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများလည်းသိရှိပြီးဖြစ်တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဆို
📌 ၅။ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူထဲ စကစတပ်ဖွဲ့များရမ်းသမ်းပစ်ခတ်၍ ထိမှန်သူများပါသော်လည်း သတင်းထိမ်ချန်
📌 ၆။ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်၊ဆင်စွဲရွာအနီးသို့အကြမ်းဖက် စစ်တပ်ကယနေ့မနက် လေကြောင်းမှပစ်ခတ်တိုက်ခိုက်
📌 ၇။ အင်းတော်မြို့နယ်မှာ တိုက်ပွဲများပြင်းထန်ကာ စကစတပ်များအထိနာ၍ တိုက်လေယာဥ်နဲ့ပါလာရောက်ပစ်ခတ်ရာ အရပ်သားအမျိုးသမီးတစ်ဦးထိမှန်
📌 ၈။ ရခိုင်နဲ့ချင်းပြည်နယ်တောင်ပိုင်းမှာအိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၀,၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ သွေးခွဲဖို့နည်းလမ်းစုံကို သုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသတိပေးပြောကြား
အကြမ်းဖက် စစ်ကောင်စီဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ သွေးခွဲဖို့နည်းလမ်းစုံကို သုံးနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အောက်တိုဘာလ ၁၈ ရက် အစိုးရအဖွဲ့ အစည်းအဝေးမှာ သတိပေးပြောကြားလိုက်ပါတယ်။
"အားလုံးသိတဲ့အတိုင်း တော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက် စစ် ကောင်စီဘက်မှာ အရင်းအမြစ်တွေအားလုံး ရှိနေတာမို့ အကွက်ကျကျ စီမံနိုင်တာတွေ ရှိလာမှာ အသေ အချာပါ။ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခ ပေးမယ့် နည်းလမ်းတွေအပြင် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေကြားထဲ နည်းလမ်းမျိုးစုံသုံးပြီး သွေးခွဲတာမျိုးတွေ တစိုက်မတ်မတ် လုပ်ဆောင်လာမှာ ဖြစ် ပါတယ်။ အခုဆိုရင် တိုင်းရင်းသားအင်အားစုတွေနဲ့ သွေးခွဲဖို့နည်းလမ်းစုံကို သုံးနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော် တို့ရဲ့ မဟာမိတ်တွေနဲ့ ခိုင်ခိုင်မာမာ လက်ချင်းချိတ်ထားနိုင်ဖို့ လိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ KNUအပါအဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတို့ဟာ ခိုင်ခိုင်မာမာ ဆက်ဆံရေးရှိနေပါတယ်။
"ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သတိကြီးကြီးထားပြီး ရင်ဆိုင်နိုင်ဖို့ ဘယ်ကိစ္စကိုမှ မျက်ခြေပြတ်ခံလို့ မဖြစ်ပါဘူး။ စစ်ရေးအရ လုပ်ဆောင်ရမယ့်ကိစ္စတွေကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်သလို တစ်ဖက်က နိုင်ငံရေးကစားကွက်တွေကိုလည်း လေ့လာပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့လိုအပ်မှာ အမှန်ပါ။ တချို့အင်အားစုတွေကလည်း ခိုင်ခိုင်မာမာ လက်မတွဲရသေးပေမယ့် ပူးပေါင်းလုပ်ဆောင်နေတာတွေ အများကြီး ရှိနေပြီး၊ တော်လှန်ရေး အပေါ် ဘုံရည်မှန်းချက်ကလည်း တူနေကြတာမို့ သူတို့နဲ့လည်း ခိုင်မာအားကောင်းစေဖို့ ကျွန်တော်တို့ အား ထုတ်ဖို့ လိုအပ်ပါတယ်။"လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးကို ပန်းတိုင်ရောက်တဲ့အထိ တူညီတွဲလက်များနှင့် ကူညီညာရုန်းကြမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်
အောက်တိုဘာ ၁၉ ရက်နေ့ မှာ စီမံကိန်း၊ဘဏ္ဍာရေး နှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်က လူမှုကွန်ရက်မှာ အခုလို ရေးသားဆိုပါတယ်။
"အခက်အခဲကြားက ပွင့်ထွန်းပေါ်ပေါက်လာတဲ့ နောက်ထပ် အရွေ့တစ်ခုပါ..။ တူညီတွဲလက်များနှင့် ကူညီညာရုန်းကြမယ်..။ ပန်းတိုင်ရောက်သည်အထိပေါ့"လို့ဆိုပါတယ်။
လက်ရှိမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေး ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက ကြိုးပမ်းမှုနဲ့NUG Payဟာ i phoneများပါ ထည့်သွင်းအသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။
========================
📌📌 ၃။ မြန်မာစစ်တပ်ဟာ ရုရှားအကူအညီနဲ့ အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကြိုးစားနေ၍ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာစစ်တပ်အား မျက်ခြေမပြတ် စောင့်ကြည့်ပေးရန် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်းပြောကြား
အောက်တိုဘာ ၁၈ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုတိုက်တွန်းပြောဆိုခဲ့ပါတယ်။
"မြန်မာစစ်တပ်သည် နောင်နှစ်အနည်းငယ်အတွင်း၌ အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် မကြာသေးမီက စာချုပ်ချုပ်ဆိုထားပါကြောင်း၊ သို့ပါ၍ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာစစ်တပ်အား မျက်ခြေမပြတ် စောင့်ကြည့်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း"ဆိုခဲ့ပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး၊ နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် အပြည့်အဝဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုခဲ့ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်ခေါင်းဆောင်ရဲ့ ဖက်ဒရယ် ဒီမိုကရေစီဟာ အတုအယောင်သာ ဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများလည်းသိရှိပြီးဖြစ်တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဆို
အကြမ်းဖက် စစ်ခေါင်းဆောင်ရဲ့ ဖက်ဒရယ် ဒီမိုကရေစီဟာ အတုအယောင်သာ ဖြစ်ပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများလည်းသိရှိပြီးဖြစ်တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်က အောက်တိုဘာ ၁၉ ရက်မှာ Radio NUG ကို
အခုလိုပြောကြားခဲ့ပါတယ်။
(((((((ဦးကျော်ဇော်-သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ))))))
လက်ရှိမှာ အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ အင်အားကြီးတော်လှန်ရေးအင်အားစုများကို ပြည်နယ်တောင်းဆိုမှုသဘောတူကြောင်း မက်လုံးပေးစည်းရုံးထားပြီး အင်အားစုငယ်များကို BGF အဖြစ် အသွင်ကူးပြောင်းခွင့်ပေးထားပါတယ်။
========================
📌📌 ၅။ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူထဲ စကစတပ်ဖွဲ့များရမ်းသမ်းပစ်ခတ်၍ ထိမှန်သူများပါသော်လည်း သတင်းထိမ်ချန်
အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းမှာ အင်းစိန်အကျဥ်းထောင် သက်သေအမည်စာရင်းပေးရသော နေရာ ဗုံးပေါက်ကွဲမှုတွင် စကစတပ်ကလည်းရမ်းသမ်းပစ်ခတ်မှုကြောင့် ထိမှန်သူများပါသော်လည်း သတင်းထိမ်ချန်လိုက်တယ်လို့သိရပါတယ်။
"ဗုံးပေါက်တော့ မှန်ကွဲစတွေ ထိတာရှိတယ်။အဲဒီနောက်မှာ သူတို့ဘက်ကရမ်းပစ်တာ။ သေတာငါးဦးပါ"လို့ ဖြစ်စဥ်ဖြစ်ပွားမှုအနီးမှာရှိနေသူတစ်ဦးကအတည်ပြုဆိုပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုမှာ ထောင်ဝန်ထမ်းသုံးဦးသေဆုံးတယ်လို့ စကစဘက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ရမ်းသမ်းပစ်ခတ်၍ အရပ်သားထိမှန်မှုကို သတင်းထုတ်ပြန်မှုကို ထိမ်ချန်ခဲ့ပါတယ်။
========================
📌📌 ၆။ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်၊ဆင်စွဲရွာအနီးသို့အကြမ်းဖက် စစ်တပ်ကယနေ့မနက် လေကြောင်းမှပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်၊ဆင်စွဲရွာအနီးသို့အောက်တိုဘာ ၁၉ ရက် နံနက် ၁၀:၁၀ မိနစ်အချိန် နမခမှ ရဟတ်ယာဥ် ၄ စီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာလို့"ယင်းမာပင်ခရိုင်အမှတ်၇တပ်ရင်း ပုလဲတပ်ရင်း၁ကအတည်ပြုပါတယ်။
ဒါ့အပြင်ပုထိုးသာအရှေ့ဘက် ပုပ္ပါရွာအနီးတွင် ရဟတ်ယာဥ်ဖြင့်စကစတပ်အင်အားများချခဲ့ပါတယ်။ လည်ငေါက်-ပုထိုးသာ ကားလမ်းအားအသုံးပြုနေသူများသတိပြုရန်လည်းအသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၇။ အင်းတော်မြို့နယ်မှာ တိုက်ပွဲများပြင်းထန်ကာ စကစတပ်များအထိနာ၍ တိုက်လေယာဥ်နဲ့ပါလာရောက်ပစ်ခတ်ရာ အရပ်သားအမျိုးသမီးတစ်ဦးထိမှန်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ တိုက်ပွဲများပြင်းထန်ကာ စကစတပ်များအထိနာ၍ တိုက်လေယာဥ်နဲ့ပါလာရောက်ပစ်ခတ်ရာ အရပ်သားအမျိုးသမီးတစ်ဦးထိမှန်ခဲ့တယ်လို့ အောက်တိုဘာဘ၁၉ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုက စစ်ရေးသတင်းကို အတည်ပြုဆိုပါတယ်။
"စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကသာခရိုင်၊အင်းတော်မြို့နယ် အောင်းကုန်းရွာအတွင်းသို့ အင်အား၆၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KIA၊PDF ပူးပေါင်း တပ်ဖွဲ့များမှယမန်နေ့ ညနေ ၆ နာရီအချိန်တွင် ကြားဖြတ်ဝင်ရောက်တိုက်ခိိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား အထိခိုက်အကျဆုံးများသဖြင့် ၆ နာရီ ၁၈ မိနစ်အချိန်တွင် တိုက်လေယာဥ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး(မစိုးရိမ်ရ) ထိမှန်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အောင်းကုန်းရွာမှ နေအိမ် ၅ လုံး၊အင်ပင်ရွာမှ နေအိမ် ၂ လုံးလည်း လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အောင်းကုန်းရွာရှိ နေအိမ် ၄ လုံးကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
========================
📌📌 ၈။ ရခိုင်နဲ့ချင်းပြည်နယ်တောင်ပိုင်းမှာအိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၀,၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်
ရခိုင်နဲ့ချင်းပြည်နယ်တောင်ပိုင်းမှာအိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၀,၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်တယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့မှာ UN OCHA Myanmarက အစီရင်ခံစာကိုဖော်ပြအသိပေးဆိုပါတယ်။
ရခိုင်ပြည်နယ်မှာစစ် တပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေရပ်စွန်ခွာထွက်ပြေးရသူတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်အသစ်တွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ဆိုပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ အထိ နောက်ဆုံးရရှိထားတဲ့ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ ရခိုင်နဲ့ချင်းပြည်နယ်တောင်ပိုင်းမှာ တကျော့ပြန်ပဋိပက္ခကြောင့် သြဂုတ်လကစပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁၆,၀၀၀ ကျော်ရှိလာပြီး၊ ယခင်နဲ့လက်ရှိ ပဋိပက္ခတွေကြောင့်ထွက်ပြေးရသူ စုစုပေါင်း ၉၀,၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဝင်ရောက်ဖို့ စစ်တပ်ကကန့်သတ်ချက်တွေရှိနေတာကြောင့် လုပ်ငန်းနှောင့်နှေးမှုတွေရှိနေတယ်လို့အစီရင်ခံစာကဖော်ပြပါတယ်။
ကုလသမဂ္ဂရဲ့ အောက်တိုဘာလ (၁၀) ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၁ ဒသမ ၄ သန်းကျော် ရှိလာပြီဖြစ်ပြီး၊ ဒီအထဲကမှ လူဦးရေ ၁ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment