19th OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖီလာဆန့်ကျင်စေမယ့် ပြဋ္ဌာန်းချက်တွေကိုလည်း ရှောင်ရှားကြဖို့ယာယီ သမ္မတ ဒူဝါလရှီးလပြော

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးကော်မတီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးကဏ္ဍအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

📌 ၃။ ကိုရီးယားသမ္မတနိုင်ငံရောက်ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား ဂွမ်ဂျူးမြို့တော်ဝန် တွေ့ဆုံ 

📌 ၄။ နွေဦးတော်လှန်ရေးကာလမှာ အာဏာရှင်စနစ်နဲ့အတူ ဘာသာရေးခွဲခြားမှုတွေ၊ အမုန်းပွားမှုတွေကိုပါ တိုက်ထုတ်ကြရမှာဖြစ်တယ်လို့ လူ့အခွင့်ရေးရာ ဝန်ကြီးပြောကြားလိုက်

📌 ၅။ ဇူလိုင်လ မှ စက်တင်ဘာလ အထိ NUG Bond for CHIN မှ အမေရိကန်ဒေါ်လာ တစ်သောင်း ကျော်ဖိုး အထူးငွေတိုက်စာချုပ်များရောင်းချခဲ့ရ

📌 ၆။ i Phoneနဲ့ NUG Payကိုစတင်အသုံးပြုနိုင်

📌 ၇။ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာမြို့အထူးစုံစမ်းစစ်ဆေးရေး စသုံးလုံးရုံးဂိတ်ပေါက်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖီလာဆန့်ကျင်စေမယ့် ပြဋ္ဌာန်းချက်တွေကိုလည်း ရှောင်ရှားကြဖို့ယာယီ သမ္မတ ဒူဝါလရှီးလပြော


အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖီလာဆန့်ကျင်စေမယ့် ပြဋ္ဌာန်းချက်တွေကိုလည်း ရှောင်ရှားကြဖို့ယာယီ သမ္မတ ဒူဝါလရှီးလပြောပါတယ်။ အောက်တိုဘာ ၁၈ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ သမ္မတ ဒူဝါလရှီးလကဆိုပါတယ်။


"တစ်ချက်ကတော့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်နဲ့ ပတ်သက်ပြီး ပြောကြားချင်ပါတယ်။ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့အခါ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်မှာ အုတ်မြစ်ချမယ့် အမျိုးသားရေးအခြေခံမူတွေကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရှာဖွေ ဖော်ထုတ်ပြီး ယခုကတည်းက အုတ်မြစ်တည်ထားကြဖို့ ပြောချင်ပါတယ်။ အခြေခံမူတွေဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံဖို့နဲ့ နိုင်ငံအတွင်းက လူမျိုးအားလုံးကို လွှမ်းခြုံစေဖို့ လိုပါတယ်။ ဒါ့အပြင် လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖီလာဆန့်ကျင်စေမယ့် ပြဋ္ဌာန်းချက်တွေကိုလည်း ရှောင်ရှားကြဖို့လည်း အထူးသတိပေးလိုပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ကြားကာလအသွင်ကူးပြောင်းရေးဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးကို NUCC နဲ့ NUG တို့ကတိုင်ပင်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးကော်မတီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးကဏ္ဍအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပညာရေးကော်မတီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးကဏ္ဍအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ ၁၇ ရက်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပညာရေးကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့်  ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံကာ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သင့်သောကိစ္စရပ်များနှင့် စပ်လျဥ်း၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။


ဆွေးနွေးပွဲတွင် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးရောဘတ်ညေးရယ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ကော်မတီနှင့်ဝန်ကြီးဌာနတို့အကြား ပိုမိုချိတ်ဆက်မှုအားကောင်းစွာ ပူးပေါင်းဆောင်ရွက် သွားနိုင်ရေးအတွက် ပြောကြားခဲ့ပါတယ်။


ထို့နောက် ပညာရေးဝန်ကြီးဌာန၏တာဝန်ရှိ သူများက လက်ရှိဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍလုပ်ငန်းစဥ်များ နှင့်စပ်လျဥ်း၍ အဆင့်မြင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ သက်မွေးပညာ ကဏ္ဍစသည်ဖြင့် ကဏ္ဍအသီးသီး အတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ကြပါတယ်။


ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်လက်ချိတ်ဆက်၍ ကူညီထောက်ပံ့မှုများ ရရှိနိုင်ရေး လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ပညာရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များနှင့် ရုံးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ကိုရီးယားသမ္မတနိုင်ငံရောက်ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား ဂွမ်ဂျူးမြို့တော်ဝန် တွေ့ဆုံ 


ကိုရီးယားသမ္မတနိုင်ငံရောက်ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား ဂွမ်ဂျူးမြို့တော်ဝန် တွေ့ဆုံ ခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်ဂွမ်ဂျူးမြို့၏ မြို့တော်ဝန် MR- KANG GI JUNG က မြို့တော်ဝန်ရုံးခမ်းမဆောင်မှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအားတွေ့ဆုံခဲ့ပါတယ်။


ထိုသို့တွေ့ဆုံရာတွင် ဂွမ်ဂျူးမြို့တော်ဝန်က မိမိတို့ အနေဖြင့် ကိုရီးယား အစိုးရသာမက ကိုရီးယား ပြည်သူပြည်သားများအနေဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရပ်ရပ်ကို သိရှိထားပါကြောင်း၊ စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံသားများ၏ ခံစားချက်များကို စာနာနားလည်ပါကြောင်း၊ NUG အစိုးရကိုလည်း မိမိ တသီးပုဂ္ဂလအနေဖြင့် အသိအမှတ်ပြု ထောက်ခံနေပါကြောင်း၊ ကိုရီးယားအစိုးရအနေဖြင့်လည်း နွေဦးတော်လှန်ရေးကို ဆင်နွဲနေကြသည့် မြန်မာပြည်သူပြည်သားများအား အစဉ်အားပေးနေမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်စေရေးအတွက် မိမိတို့အနေဖြင့် အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမယ်လို့ဆိုပါတယ်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းကလည်း ကိုရီးယားနိုင်ငံ၏ စစ်အာဏာရှင် ဂျွန်ဒူးဝမ်ကို တွန်းလှန်ခဲ့သည့် ၁၉၈၀ ပြည့် ဂွမ်ဂျူး ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုသမိုင်းကို မိမိ ကောင်းစွာသိရှိပါကြောင်း၊ စံနမူနာယူကာ အတုယူလေ့လာမိပါကြောင်း၊ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကို အစဉ်ထောက်ခံအားပေးမှုများအတွက် ကိုရီးယားအစိုးရနှင့် ပြည်သူပြည်သားများကိုလည်း အထူး ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးကာလမှာ အာဏာရှင်စနစ်နဲ့အတူ ဘာသာရေးခွဲခြားမှုတွေ၊ အမုန်းပွားမှုတွေကိုပါ တိုက်ထုတ်ကြရမှာဖြစ်တယ်လို့ လူ့အခွင့်ရေးရာ ဝန်ကြီးပြောကြားလိုက်


နွေဦးတော်လှန်ရေးကာလမှာ အာဏာရှင်စနစ်နဲ့အတူ ဘာသာရေးခွဲခြားမှုတွေ၊ အမုန်းပွားမှုတွေကိုပါ တိုက်ထုတ်ကြရမှာဖြစ်တယ်လို့ လူ့အခွင့်ရေးရာ ဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။ အောက်တိုဘာလအတွင်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


"မတူကွဲ ပြားမှု၊မတူကွဲပြားတဲ့ ဘာသာဝင်တွေကိုလေးစားမှုနဲ့အတူ မတူကွဲ ပြားတဲ့လူ၊မတူကွဲပြားတဲ့ဘာသာဝင်တွေအပေါ်မှာ အမုန်းတရားပွားများအောင် ဝါဒဖြန့်လှုံဆော်နေတဲ့ စနစ်ဆိုးတွေကိုတိုက်ဖျက်ဖို့ကြိုးစားရင်းနဲ့ ဒီလိုလှုပ်ရှားမှုတွေမှာပါဝင်ကြဖို့ လေးစားစွာတိုက်တွန်းလိုပါတယ်။။ဒီနွေဦးတော်လှန်ရေးကာလမှာတော့ အာဏာရှင်စနစ်နဲ့အတူ ဘာသာရေးခွဲခြားမှုတွေ၊ အမုန်းပွားမှုတွေကိုပါ တိုက်ထုတ်ကြရမှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လာမယ့်အောက်တိုဘာလ (၂၇) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လွတ်လပ်စွာယုံကြည်ခွင့်၊ကိုးကွယ်ခွင့်နေ့ လည်းဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် (၁၈) မှာလည်း လူတိုင်းလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိတယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၅။ ဇူလိုင်လ မှ စက်တင်ဘာလ အထိ NUG Bond for CHIN မှ အမေရိကန်ဒေါ်လာ တစ်သောင်း ကျော်ဖိုး အထူးငွေတိုက်စာချုပ်များရောင်းချခဲ့ရ


၂၀၂၂ ခုနှစ် ဇူလိုင်လ မှ စက်တင်ဘာလ အထိ NUG Bond for CHIN မှ အမေရိကန်ဒေါ်လာ တစ်သောင်း ကျော်ဖိုး အထူးငွေတိုက်စာချုပ်များရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာ NUG Bond for CHIN မှ ဘွန်းရောင်းချရငွေများကိုအသိပေးဆိုပါတယ်။


"ဇူလိုင်လ မှ စက်တင်ဘာလ အထိ NUG Bond for CHIN ရောင်းချမှု ဇယားကို တင်ပြလိုက်ပါတယ်။ ဇူလိုင်လ မှ စက်တင်ဘာလ အထိ  စုစုပေါင်း US $ 11,700 ထိ ရောင်းချနိုင်ခဲ့ပါတယ်။ NUG Bond for CHIN ရောင်းရငွေတွေဟာ ချင်းပြည်နယ် တော်လှန်ရေးရန်ပုံငွေအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၂ ခုနှစ် သြဂုတ်လမှာ NUG Bond for CHINရောင်းချသောဘွန်းများကို အများဆုံးဝယ်ယူအားပေးသောနိုင်ငံများမှာ အိန္ဒိယ၊ သြစတြေးလျ၊ အမေရိကန်၊ တောင်ကိုရီးယား၊စင်ကာပူ၊ မြန်မာနိုင်ငံတို့ဖြစ်ပါတယ်။ "NUG Bond for CHIN ဝယ်ယူအားပေးခြင်းဟာ တော်လှန်ရေး အမြန် ပြီးဆုံး အောင်မြင်ဖို့ အနှိုင်းမဲ့ ရင်းနှီးမြှုပ်နှံခြင်းတစ်ခု ဖြစ်တဲ့အတွက် ဆက်လက်ဝယ်ယူအားပေးကြဖို့ တိုက်တွန်းအပ်ပါတယ်"လို့ NUG Bond for CHIN ကဆိုပါတယ်။


========================


📌📌 ၆။ i Phoneနဲ့ NUG Payကိုစတင်အသုံးပြုနိုင်


i Phoneနဲ့ NUG Payကိုစတင်အသုံးပြုနိုင်ပြီလို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့ညပိုင်းမှာ NUG Pay ကနေအသိပေးဆိုပါတယ်။


"NUG Pay ကို ဝန်းရံကြတဲ့ မိဘပြည်သူများနဲ့အတူ ကျွန်တော်တို့လည်း ရင်ခုန်မျှော်လင့်ခဲ့ရတဲ့ နေ့ရက်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ NUGPay iOS Version နဲ့ မိတ်ဆက်ပေးပါရစေ။ တော်လှန်ခေတ်ရဲ့ တော်လှန်ပိုက်ဆံ DMMK နဲ့ NUGPay ကို အသုံးပြုပြီး လွတ်လပ်တဲ့ တရားမျှတတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီ အရောက်လှမ်းကြမယ်"လို့ဆိုပါတယ်။


iOS စနစ်သုံး NUGPay အား Download ရယူ၍ NUGPay ရဲ့ Activation code တွေကို အေးဂျင့်များထံမှ တစ်ခုလျှင် တစ်သောင်း ကျပ်နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ NUG Payဟာ စစ်ကောင်စီလက်အောက်က လွတ်ကင်းတဲ့တစ်ခုတည်းသော ဘဏ္ဍာရေးယန္တရားလည်းဖြစ်ပါတယ်။


========================


📌📌 ၇။ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာမြို့အထူးစုံစမ်းစစ်ဆေးရေး စသုံးလုံးရုံးဂိတ်ပေါက်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာမြို့အထူးစုံစမ်းစစ်ဆေးရေး စသုံးလုံးရုံးဂိတ်ပေါက်ကို ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာနတ်ဆိုးကဆိုပါတယ်။ အောက်တိုဘာ ၁၈ ရက် မနက် ၁၁ နာရီ ၄၅ အချိန်မှာ မုံရွာမြို့အထူးစုံစမ်းစစ်ဆေးရေး စသုံးလုံးရုံးဂိတ်ပေါက်မှာစောင့်နေသောစကစတပ်များကိုပစ်ခတ်ခဲ့တာလို့အတည်ပြုထားပါတယ်။


"စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာမြို့အထူးစုံစမ်းစစ်ဆေးရေး စသုံးလုံးရုံးဂိတ်ပေါက်မှာစောင့်နေသော စကစတပ်များကိုအောက်တိုဘာ၁၈ ရက် မနက် ၁၁ နာရီ ၄၅ အချိန်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ထိုပစ်ခတ်တိုက်မှုတွင် ထိခိုက်ကျဆုံးမှုကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ ရဲဘော်များ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment