၂၀၂၂ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၂။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် စစ်တပ်က တာဝန်ရှိသူများနယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲပေးရေး သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန် IPU အမှုဆောင်ကောင်စီအစည်းအဝေးက တောင်းဆို
📌 ၃။ NCA စာချုပ်ကနေ ပြင်ဆင်ဖို့သွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူလူထု ဖျက်သိမ်းပြီးပြီဖြစ်လို့ စာချုပ်ရည်ရွယ်ချက်ဘာမှမရှိတော့ဘူးလို့ ဖက်ဒရယ် ရေးရာဝန်ကြီးဆို
📌 ၄။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာကျင်းပတဲ့ ကရင်နီပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ရံပုံငွေရှာပွဲ" ကို (NUG)၊ လူအခွင့်ရေးရာ ဒုဝန်ကြီး တက်ရောက်
📌 ၅။ မြန်မာနိုင်ငံသားများအား အတင်းအကြပ် ပြန်ပို့ခြင်းကို ချက်ချင်းရပ်တန့်ရန်ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ထုတ်ပြန်
📌 ၆။ ခလရ-၁ တပ်သားတစ်ဦး ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း ၂ ထံအလင်းဝင်ခိုလှုံ
📌 ၇။ မန္တလေးမှထွက်လာသော စစ်အုပ်စုရေယာဥ် (၇) စီး ကသာမြို့နယ် ဆင်ကုန်တိုင်ကျေးရွာနား ရမ်းသန်းပစ်ခတ်လို့ ၄ တန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးလက်နက်ကြီးအစထိမှန်သေဆုံး
📌 ၈။ ပခုက္ကူမြို့ပတ်လမ်းနှင့်မြို့သစ်လမ်းဆုံနေရာတွင် စစ်ဆေးရေးလုပ်နေသော စကစတပ်များမိုင်းခွဲတိုက်ခိုက်ခံရကာ နေရာတင်နှစ်ဦးသေဆုံး
📌 ၉။ ဒရုန်းနဲ့ဗုံးချရန်အသွား ပစ္စည်းချိုယွင်းမှု့ဖြစ်၍ ထိခိုက်ဒဏ်ရာရသော မြောင် T.G.R Women Drone Force မှ ကျားခင်စိန် ဆေးရုံကဆင်းပြီလို့အသိပေး
📌 ၁၀။ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟံလင်း ပျူမြို့ဟောင်း သို့ ရောက်ရှိနေသောအကြမ်းဖက်စစ်တပ်က ကျေးရွာနေ ပြည်သူ အိမ်များကို မီးရှို့ ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ ၂၃ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကိုကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
ပြီးနောက် ပညာရေး၊ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးမှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို နေ့လည် (၁:၀၀) နာရီ အချိန်တွင် ရပ်နားခဲ့ပါတယ်။ အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါတယ်။
========================
📌📌 ၂။ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် စစ်တပ်က တာဝန်ရှိသူများနယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲပေးရေး သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန် IPU အမှုဆောင်ကောင်စီအစည်းအဝေးက တောင်းဆို
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် စစ်တပ်က တာဝန်ရှိသူများနယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲပေးရေး သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန် IPU အမှုဆောင်ကောင်စီအစည်းအဝေးက တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာ ၂၃ ရက်မှာ အဆိုပါသတင်းကို CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။
နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ခြင်းကို ကျင့်သုံးရန်သည် နိုင်ငံတိုင်း၏တာဝန်ဖြစ်ကြောင်း ထည့်သွင်းပြဋ္ဌာန်းထားသော ရောမဖွဲ့စည်းပုံစည်းမျဉ်း (Rome Statue)နှင့် ကိုက်ညီမှုရှိသည့် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုစည်းမျဥ်းကို လိုက်နာခြင်းအားဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်တပ်က တာဝန်ရှိသူ မည်သူကိုမဆို မိမိတို့ နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲဆိုခြင်းဖြင့် မိမိတို့၏ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးရန် အဖွဲ့ဝင်လွှတ်တော်များက သက်ဆိုင်ရာအာဏာပိုင်များအား လေးလေးနက်နက် တိုက်တွန်းပေးရန် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရဝမ်ဒါနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၁၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့၏ အမှုဆောင်ကောင်စီအစည်းအဝေး (210th Session the IPU Governing Council) က တောင်းဆိုခဲ့တယ်လို့ဖော်ပြပါတယ်။
ယင်းအစည်းအဝေးက လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာပါ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပေါ် အကြမ်းဖက်စစ်တပ်က ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အား အတည်ပြုခဲ့ရာတွင် တောင်းဆိုချက် (၉) ချက်အား ထည့်သွင်း တောင်းဆိုထားပါတယ်။
အာဏာသိမ်းသည့်နေ့မှစ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကြောင်းပြချက်မဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၃၇) ဦး ရှိပြီဖြစ်ကာ(၃၀) ဦးသည် ထိန်းသိမ်းခံ ထားရဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် စစ်တပ်အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခံနေရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ်ခွင့်နှင့် တွေ့ဆုံခွင့်အားလုံးကို ပိတ်ပင်ခဲ့ပြီး ကိုယ်စားလှယ်များအား လျှို့ဝှက်နေရာများသို့ ပြောင်းရွှေ့ခဲ့ကာ အာဏာပိုင်များသည် ကိုယ်စားလှယ်အချို့အား ဖွက်ထားခဲ့ပြီး အစအနဖျောက်ဖျက်ပစ်ရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးခဲ့သည်မှအပ အခြားပြစ်မှုများ ကျူးလွန်ကြောင်း အထောက်အထားခိုင်လုံစွာ မပြသနိုင်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးအား ချက်ချင်း ပြန်လွှတ်ပေးရန် စစ်တပ်အာဏာပိုင်များအား တောင်းဆိုထားပါတယ်။
ထို့ပြင် CRPH အဖွဲ့ဝင်များ အပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်ညီတစ်ညွတ်တည်း ရပ်တည်ကြောင်း ပြသရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစည်းမျဉ်းစည်းကမ်းများနှင့် လူ့အခွင့်အရေးများအပေါ် လေးစားလိုက်နာမှုရှိစေရေး ဖိအားပေးရန် IPU အဖွဲ့ဝင်လွှတ်တော်များ၊ အမြဲတမ်းလေ့လာသူများ၊ အထူးသဖြင့် အာဆီယံပါလီမန်များညီလာခံ(AIPA)များကို တောင်းဆိုထားပါတယ်။
CRPH အဖွဲ့ဝင် (၂၀) ဦးနှင့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမှ အခြား ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ် ခြိမ်းခြောက်နေမှုကို ရပ်တန့်ရန်၊ ၎င်းတို့၏ အခွင့်အရေးများ ကျင့်သုံးမှုကို ပိတ်ပင်တားဆီးမှု မပြုလုပ်ရန်၊ ရုပ်ပိုင်းအရသော်လည်းကောင်း၊ တရားစွဲခြင်းအားဖြင့်သော်လည်းကောင်း ဖိနှိပ်မှု မပြုလုပ်ရန်၊ စစ်တပ်က အင်အားအလွန်အကျွံသုံး၍ တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများကို လိုက်နာရန်လည်း ဆုံးဖြတ်ချက်တွင် ပါဝင်ပါတယ်။
========================
📌📌 ၃။ NCA စာချုပ်ကနေ ပြင်ဆင်ဖို့သွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူလူထု ဖျက်သိမ်းပြီးပြီဖြစ်လို့ စာချုပ်ရည်ရွယ်ချက်ဘာမှမရှိတော့ဘူးလို့ ဖက်ဒရယ် ရေးရာဝန်ကြီးဆို
အပစ်ရပ် NCA စာချုပ်ကနေ ပြင်ဆင်ဖို့သွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူလူထု ဖျက်သိမ်းပြီးပြီဖြစ်လို့ စာချုပ်ရည်ရွယ်ချက်ဘာမှမရှိတော့ဘူးလို့ ဖက်ဒရယ် ရေးရာဝန်ကြီးဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကဆိုပါတယ်။ အောက်တိုဘာ ၂၃ ရက်ကျင်းပတဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ တောင်ကိုရီးယားကမြန်မာမောင်နှမတွေ တွေ့ဆုံပွဲမှာ ဝန်ကြီးကပြောကြားခဲ့ပါတယ်။
"NCA စာချုပ် ချုပ်တဲ့ရည်ရွယ်ချက်က NCA ကနေတဆင့် ၂၀၀၈ ကို ပြင်ဆင်ဖို့ ပယ်ဖျက်ဖို့လေ။ အခု NCAစာချုပ်ကနေ ပြင်ဆင်ဖို့သွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ကအခုဘယ်မှာလဲ။လူထုကဖျက်သိမ်းလိုက်ပြီလေ။ CRPHက ပယ်ဖျက်လိုက်ပြီလေ။ ဒါကြီးကို မင်းအောင်လှိုင်တို့က တစ်ဖတ်သက်ကျင့်သုံးနေပေမယ့် သူတို့ ယန္တရားကပြိုပျက်နေပြီလေ။ဆိုတော့ NCA စာချုပ် ချုပ်ဆိုခြင်းရဲ့ ရည်ရွယ်ချက်ကမရှိတော့ဘူး"လို့ဆိုထားပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြားကာလ ဖွဲ့စည်းပုံတစ်ရပ်ကို NUCC နဲ့ ပါဝင်သင့်ပါဝင်ထိုက်သူများနဲ့ရေးဆွဲရန် လုပ်ဆောင်နေတာဖြစ်ပါတယ်။
========================
📌📌 ၄။ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာကျင်းပတဲ့ ကရင်နီပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ရံပုံငွေရှာပွဲ" ကို (NUG)၊ လူအခွင့်ရေးရာ ဒုဝန်ကြီး တက်ရောက်
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာကျင်းပတဲ့ ကရင်နီပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ရံပုံငွေရှာပွဲ" ကို (NUG)၊ လူအခွင့်ရေးရာ ဒုဝန်ကြီး တက်ရောက်ခဲ့ပါတယ်။ အောက်တိုဘာလ (၂၃) ရက်နေ့ကျင်းပတဲ့ ကရင်နီပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ရံပုံငွေရှာပွဲ" ကိုအမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက်အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေမှ ဗွီဒီယိုမက်ဆေ့ ပေးပို့ခြင်း၊ အလှူရှင်များမှ ရံပုံငွေအဖြစ် လှူဒါန်းထားသောပစ္စည်းအချို့အား လေလံတင်ရောင်းချခြင်း၊ Victoria Myanmar Youths (VMY) မှ လူငယ်များမှ နွေဦးတော်လှန်ရေးသီချင်းများဖြင့် ဖျော်ဖြေခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။
ရံပုံငွေရှာဖွေပွဲသို့ လာရောက်အားပေးကြသူများ၊ အစားအသောက်များ ချက်ပြုတ်ရောင်းချပေးကြသူများ၊ အလှူရှင်များနှင့် ရံပုံငွေ ရှာဖွေပွဲအား ဦးစီး စီစဉ်ဆောင်ရွက်ပေးသော CRPH/NUG Support Group (Victoria) နှင့် အတူတစ်ကွ စီစဉ်ဆောင်ရွက်ပေးကြသည့် Mon Families Group (Melbourne).၊ Victoria Myanmar Youths (VMY) တို့အား Karenni Federation of Australia မှ အထူးကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ မြန်မာနိုင်ငံသားများအား အတင်းအကြပ် ပြန်ပို့ခြင်းကို ချက်ချင်းရပ်တန့်ရန်ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ထုတ်ပြန်
မြန်မာနိုင်ငံသားများအား အတင်းအကြပ် ပြန်ပို့ခြင်းကို ချက်ချင်းရပ်တန့်ရန်ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာလအတွင်းမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကကြေညာအသိပေးခဲ့ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ဟာ ပြင်းထန်သော အန္တရာယ်မှ ဘေးကင်းရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသားများအား အတင်းအကြပ် အတင်းအကျပ် ပြန်ပို့ခြင်းကို ချက်ချင်းရပ်တန့်ရန် ဒေသတွင်းရှိ နိုင်ငံများအား အရေးပေါ် ပန်ကြားထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသားများကို နိုင်ငံသို့ ပြန်ပို့ခြင်းသည် မရေမတွက်နိုင်သော အသက်အန္တရာယ်ကို ကျရောက်စေတယ်လို့လည်းဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများသည် ခိုလှုံခွင့်တောင်းခံရန် နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်နှင့် ပြန်လည်နေထိုင်ခြင်းမှ အကာအကွယ်ပေးရမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
နိုင်ငံရပ်ခြားမှာ ရှိပြီးသား မြန်မာနိုင်ငံသားတွေကို နိုင်ငံတကာ အကာအကွယ်ပေးဖို့ တောင်းဆိုတဲ့အခါ အတင်းအကျပ် ပြန်မခိုင်းသင့်ပါဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ကဖော်ပြပါတယ်။
========================
📌📌 ၆။ ခလရ-၁ တပ်သားတစ်ဦး ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း ၂ ထံအလင်းဝင်ခိုလှုံ
ခလရ-၁ တပ်သားတစ်ဦး ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း ၂ ထံအလင်းဝင်ခိုလှုံခဲ့ပါတယ်။ အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းမှာ အလင်းဝင်လာရောက်ခိုလှုံတာလို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း၂ ကအတည်ပြုပါတယ်။
"အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ခလရ-၁ တပ်သားတစ်ဦး ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း၂ ထံ CDM ပြုလုပ်လာခဲ့ပါတယ်။အဆိုပါ CDM တပ်သားမှာ ခမရ-၄၂၂ မိုးဗြဲ ဆည် ရေထိန်းတံခါးတွင်ကင်းတာဝန်ကျနေစဥ် အောက်တိုဘာ၂၂ရက်နေ့
ည ၈ နာရီအချိန် ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီးဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း ၂ သို့ ယနေ့နံနက်တွင်ရောက်ရှိလာကာ ကူညီစောင့်ရှောက်ထားပါတယ်"လို့ဆိုပါတယ်။ ထပ်မံ၍ အလင်းဝင်ခိုလှုံလိုသော စကစတပ်သားများကိုလည်း လက်နက်နဲ့တကွ ခိုလှုံခွင့်ပြုတယ်လို့ဖယ်ခုံမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်၊ တပ်ရင်း ၂ ကသတင်းရရှိပါတယ်။
========================
📌📌 ၇။ မန္တလေးမှထွက်လာသော စစ်အုပ်စုရေယာဥ် (၇) စီး ကသာမြို့နယ် ဆင်ကုန်တိုင်ကျေးရွာနား ရမ်းသန်းပစ်ခတ်လို့ ၄ တန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးလက်နက်ကြီးအစထိမှန်သေဆုံး
မန္တလေးမှထွက်လာသော စစ်အုပ်စုရေယာဥ် (၇) စီး ကသာမြို့နယ် ဆင်ကုန်တိုင်ကျေးရွာနား ရမ်းသန်းပစ်ခတ်လို့ ၄ တန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးလက်နက်ကြီးအစထိမှန်သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ၂၃ ရက် မနက်ပိုင်းမှာ စကစတပ်ရေယာဥ်များက လက်နက်မျိုးစုံနဲ့ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။
"အောက်တိုဘာ ၂၃ ရက်နံနက် ၈ နာရီမိုးတားလေးရေဆိပ်မှ ဖျားနာထိခိုက်ဒဏ်ရာရ စကစတပ်များကိုတင်ပြီး ရေယာဥ်များ ဆက်လက်ထွက်ခွာရာ ဆင်ကုန်တိုင်ကျေးရွာနား အရောက်တွင် လေယာဥ်လိုက်ပါဝဲပျံခြင်းအပြင် ရေယာဥ်များမှလဲ ဆင်ကုန်တိုင်ရွာဖက်ကို လက်နက်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ရာ ၄င်းရွာမှ၁၂ နှစ်အရွယ် ၄ တန်းကျောင်းသူ မနှင်းအိလွင်မှာ ညာဘက်ရင်ဘတ် နှင့် ဒူးဂေါင်းတွင် လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့တယ်"လို့ဆိုပါတယ်။
ဒါ့အပြင်အမျိုးသမီးတစ်ဦးလည်းဘယ်နားရွက် လက်နက်ကျည်စ ထိမှန်ခဲ့ပြီး နွားလှည်းနှင့် နေအိမ်များကို ပေါက်ကွဲကျည်စများ ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ မန္တလေးမှထွက်လာသော စစ်အုပ်စုရေယာဥ် (၇)စီးဟာ ကသာနယ် အထက်သို့ဆက်လက် ဆန်တက်ရာ ကပ္ပလိပ်ကျေးရွာမှ စတင်ပြီး လက်နက်ကြီးငယ်မျိုးစုံဖြင့် ပစ်ခတ်ဆန်တက်ခဲ့ပါတယ်။
========================
📌📌 ၈။ ပခုက္ကူမြို့ပတ်လမ်းနှင့်မြို့သစ်လမ်းဆုံနေရာတွင် စစ်ဆေးရေးလုပ်နေသော စကစတပ်များမိုင်းခွဲတိုက်ခိုက်ခံရကာ နေရာတင်နှစ်ဦးသေဆုံး
ပခုက္ကူမြို့ပတ်လမ်းနှင့်မြို့သစ်လမ်းဆုံနေရာတွင် စစ်ဆေးရေးလုပ်နေသော စကစတပ်များမိုင်းခွဲတိုက်ခိုက်ခံရကာ နေရာတင်နှစ်ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၂၃ ရက် နံနက်(၁၀)နာရီခွဲ အချိန်ပခုက္ကူမြို့ပတ်လမ်းနှင့်မြို့သစ်လမ်း အဆုံနေရာတွင် စစ်ဆေးရေးလုပ်နေသောစကစတပ်များကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yesagyo Revolution Group - YRG ကအတည်ပြုဆိုပါတယ်။
"ပခုက္ကူမြို့ပတ်လမ်းနှင့်မြို့သစ်လမ်း အဆုံနေရာတွင် စစ်ဆေးရေးလုပ်နေသော စခများအား Yesagyo Revolution Group - YRG အဖွဲ့ကအရန်သင့်ထောင်ထားသော ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစတပ်က(၂)ဦး နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး၂ဦးမှာ ဒဏ်ရာ အပြင်းအထန်ရသွားတယ်"လို့ဆိုပါတယ်။
သစ်ဆွဲကား(၁၂ဘီးကား) ကိုလည်း မိုင်းစအနည်းငယ် ထိမှန်သွားကြောင်း သိရှိရသဖြင့် YRG မှ တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကိုယ်စား အထူးပင် တောင်ပန်းအပ်ပါတယ်လို့ဖော်ပြပါတယ်။ စစ်ဆင်ရေးကိုမဟာမိတ်ညီနောင်အဖွဲ့များမှာ Urban Underground Revolution Force -UURF ၊ Shwe Nyar Myae - PDF ၊ King Cobra နှင့် ဒေါင်းညီနောင် အဖွဲ့များပူးပေါင်းပါဝင်ပေးခဲ့ပါတယ်။
========================
📌📌 ၉။ ဒရုန်းနဲ့ဗုံးချရန်အသွား ပစ္စည်းချိုယွင်းမှု့ဖြစ်၍ ထိခိုက်ဒဏ်ရာရသော မြောင် T.G.R Women Drone Force မှ ကျားခင်စိန် ဆေးရုံကဆင်းပြီလို့အသိပေး
ဒရုန်းနဲ့ဗုံးချရန်အသွား ပစ္စည်းချိုယွင်းမှု့ဖြစ်၍ ထိခိုက်ဒဏ်ရာရသော မြောင် T.G.R Women Drone Force မှ ကျားခင်စိန် ဆေးရုံကဆင်းပြီလို့အသိပေးဆိုပါတယ်။ အောက်တိုဘာ ၂၃ ရက်မှာ မြောင် T.G.R Women Drone Force မှ ကျားခင်စိန်ကဆိုပါတယ်။
"ကျားခင်စိန်ဆေးရုံးကတော့ဆင်းပါပြီ။ ညာဘက် ခြေထောက်ကမထောက်နိုင်သေးပေမယ့်ရှေ့ဆက်စရာတွေရှိသေးတယ် အတွက်အမြန်လျှောက်နိုင်အောင် ကြိုးစားနေပါတယ်"လို့ဆိုပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်း T.G.R Women Drone ForceDrone ချ ရန်သွားရာ ပစ္စည်းချိုယွင်းမှု့ဖြစ်ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၁၀။ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟံလင်း ပျူမြို့ဟောင်း သို့ ရောက်ရှိနေသောအကြမ်းဖက်စစ်တပ်က ကျေးရွာနေ ပြည်သူ အိမ်များကို မီးရှို့ ဖျက်ဆီး
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟံလင်း ပျူမြို့ဟောင်း သို့ ရောက်ရှိနေသောအကြမ်းဖက်စစ်တပ်က ကျေးရွာနေ ပြည်သူ အိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ အောက်တိုဘာ ၂၃ ရက် ညနေ ၄ နာရီအချိန်မှာ စကစတပ်များဟာ ရွာရှိလူနေအိမ်များကိုမီးရှို့ခဲ့တာလို့ ဒေါင်းစစ်သည်တပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။
"အောက်တိုဘာ ၂၃ ရက်ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟံလင်း ပျူမြို့ဟောင်း သို့ ရောက်ရှိနေသောအကြမ်းဖက် စစ်ကောင်စီ ခွေးတပ်သား အကောင်ရေ ၁၀၀ ကျော်ခန့် ဟာ ညနေ ၄ နာရီ ကျေးရွာနေ ပြည်သူ အိမ်များကို မီးရှို့ ဖျက်ဆီး ခဲ့ပါတယ်။ ကမ္ဘာ့အမွေအနှစ် ယဉ်ကျေးမှု့ နယ်မြေ (ယူနက်စ်စကို) UNESCO ဖြစ် တဲ့ ဝက်လက်မြို့နယ် ဟံလင်း ပျူ မြို့ဟောင်း ကို ၂၂ ရက် နေ့လည် ၁ နာရီ ခန့် မှာ စကစ အင်အား ၁၀၀ ဦး ဝန်းကျင် ခန့် ရောက်ရှိနေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့လည်ပိုင်းမှာ စကစများဟာ အရပ်ဝတ် ဖြင့် ကျေးရွာ အတွင်း လှည့်ပတ် ၍ ပြည်သူနေအိမ်များ ကို အကြမ်းဖက် ဖျက်ဆီးကာ ဈေးဆိုင်တစ်ချို့မှ ပစ္စည်း များကိုလည်း ခိုးယူ သိမ်းဆည်းလိုက်တယ်လို့ဆိုပါတယ်။ ယခု ၄ နာရီ ဝန်းကျင် ခန့်မှာတော့ ပြည်သူနေအိမ်များ ကိုစကစတပ်ကမီးရှို့ ဖျက်ဆီး နေပြီးဟံလင်း ကျေးရွာ ပတ်ပတ် လည်ကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေါင်းစစ်သည်ကဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment