၂၀၂၂ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ တေးဂီတဖျော်ဖြေပွဲကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
📌 ၂။ ကချင်ပြည်နယ် ဖားကန့်ကို လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ကချင်တိုင်းရင်းသား ညီအကိုမောင်နှမများနှင့်ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
📌 ၃။ ခိုင်မာအားကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်မှာ နိုင်ငံသားအခွင့်အရေးအပြင် စီးပွားရေး၊လူမှုရေး၊ ယဉ်ကျေးမှု📌 ဆိုင်ရာအခွင့်အရေး တွေကိုလည်း အာမခံပေးတဲ့ အချက်တွေပါဝင်ဖို့လိုတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၄။ မြင်းမူမှစစ်ကိုင်းဘက် ပြန်ဆုတ်ခွာလာတဲ့ စကစတပ်ရဲ့ ရှေ့ပြေးမိုင်းရှင်းအဖွဲ့ကို ယနေ့မနက်စနိုက်ပါနဲ့ ပစ်ခတ်ရာ တစ်ဦးသေဆုံး
📌 ၅။ မြိုင်မြို့နယ် မုံညင်းအုပ်စု ရွာများကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်မွှေနှောက်သောင်းကျန်း၍ ပြည်သူများကို ဓားစာခံဖမ်းဆီး
📌 ၆။ ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲ မှ မြိုင်မြို့နယ် လင်းကတော ထိလမ်းပိုင်း အရေးပေါ် ယာယီလမ်းပိုင်းဆိုင်ရာအသုံးပြုခွင့်ပိတ်ထား
📌 ၇။ အသက် ၂၀ ကျော်အမျိုးသမီးတစ်ယောက် ကမာကြည်တံတားပေါ်က ယနေ့မနက်ခုန်ချမှုဖြစ်ပွား
📌 ၈။ အမေရိကန်နိုင်ငံ၊ Arizona ပြည်နယ်၊ Phoenix မြို့တွင် ပြုလုပ်ခဲ့သော “ယူနီဖောင်းပရောဂျက်” စျေးရောင်းပွဲတော်မှ အမေရိကန်ဒေါ်လာ ၃၀၄၀ ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကချင်ပြည်နယ်၊ ဖားကန့်မြို့ တေးဂီတဖျော်ဖြေပွဲကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်
၁။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်၊ ည (၀၈း၃၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ကျင်းပနေသည့် “KIO အထိမ်းအမှတ်နေ့” တေးဂီတ ဖျော်ဖြေပွဲသို့ အကြမ်းဖက် စစ်တပ်က တိုက်ခိုက်ရေးလေယာဉ် (၃) စီးအသုံးပြုကာ လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ခြင်းကြောင့် နာမည်ကျော် အဆိုတော်၊ အနုပညာရှင်များအပါအဝင် ကချင်တိုင်းရင်း သားပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ အများအပြားရှိကြောင်း သတင်းများအရ ကြားသိရပါသည်။ ယင်းလူမဆန်သော တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။
၂။ လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အကြမ်းဖက်စစ်တပ်အား ဆန့်ကျင်သူများနှင့် တိုင်းရင်းသားအင်အားစုများအပေါ် ခြိမ်းခြောက်အကြပ်ကိုင်၍ သတ်ဖြတ် တိုက်ခိုက်လျက်ရှိသည့်အပြင် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လျက် ရှိသည်ကို ယင်းဖြစ်ရပ်များက သက်သေခံလျက်ရှိပါသည်။
၃။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းအား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှု နောက်ပိုင်းတွင် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် တို့၌လည်း လေကြောင်း အင်အားသုံး၍ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည့်နည်းတူ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ခြင်း၊ ကျေးရွာနေ ပြည်သူများအား မဟုတ်မမှန် စွပ်စွဲဖမ်းဆီးခြင်း၊ လူမဆန်စွာ သတ်ဖြတ်ခြင်းများကဲ့သို့ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
၄။ နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူများအပေါ် အကာအကွယ်ပေးရန် တာဝန် ပျက်ကွက်မှုနှင့် နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက် လူသတ်စစ်တပ် အပေါ် အရေးယူရန် ပျက်ကွက်နေမှုများကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ အရေး ကြိုးပမ်းနေသည့် မြန်မာပြည်သူများသည် ရက်စက်သော အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများကို နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရပါသည်။ ထို့သို့ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် မြန်မာပြည်သူများ၏ အသက်နှင့် အခြေခံလူ့အခွင့်အရေးများကို ကာကွယ်ပေးရန်၊ ရာဇဝတ်မှုကျူးလွန်သူများကို အမြန်ဆုံး အရေးယူနိုင်ရေးတို့အတွက် မိမိတို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးရန် လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
========================
📌📌 ၂။ ကချင်ပြည်နယ် ဖားကန့်ကို လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ကချင်တိုင်းရင်းသား ညီအကိုမောင်နှမများနှင့်ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
ကချင်ပြည်နယ် ဖားကန့်လေကြောင်းတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်လို့ အောက်တိုဘာ၂၄ ရက်မှာ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က လူမှုကွန်ရက်မှာအခုလိုရေးသား ပြောဆိုခဲ့ပါတယ်။
"ကချင်တိုင်းရင်းသား ညီအကိုမောင်နှမများနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါတယ်"လို့ဆိုပါတယ်။ အောက်တိုဘာ၂၃ ရက် ည ၈ နာရီခွဲအချိန်မှာ ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အဖြစ် ကျင်းပနေတုန်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်လေယာဥ် ၃စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူနှင့်အနုပညာရှင် ၅၀ကျော် သေဆုံးခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များကအတည်ပြုပါတယ်။
လတ်တလောမှာ ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူထပ်မံ မြင့်တက်လာနိုင်ပြီး ဒီလိုအရပ်သားများကို လေကြောင်းတိုက်ခိုက်မှုဟာ အကြမ်းဖက် စစ်တပ်ရဲ့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုလည်းဖြစ်တယ်လို့ဆိုကြပါတယ်။
========================
📌📌 ၃။ ခိုင်မာအားကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်မှာ နိုင်ငံသားအခွင့်အရေးအပြင် စီးပွားရေး၊လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး တွေကိုလည်း အာမခံပေးတဲ့ အချက်တွေပါဝင်ဖို့လိုတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
လူ့အခွင့်အရေး စကားသံအစီအစဥ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက အခုလိုအသိပညာပေးဆိုပါတယ်။
"ခိုင်မာအားကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်မှာ နိုင်ငံသားအခွင့်အရေး(Civil Rights), (Political Rights) စတဲ့အခွင့်အရေးတွေကို လေးစားဖို့၊အာမခံပေးဖို့အချက်တွေ ပါဝင်သင့်သလို ဒီအခြေခံအခွင့်အရေးတွေနဲ့ သဘောသဘာဝမတူတဲ့ စီးပွားရေး၊လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး (Economics, Social, and Cultural Rights) ကိုလည်းထည့်သွင်းရေးဆွဲတာအပြင် အာမခံပေးတဲ့ အချက်တွေလည်း ပါဝင်မှသာ လူ့အခွင့် အရေးကို အခြေခံတဲ့ ခိုင်မာအားကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ဟာ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ရေးသားပြုစုနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ “ကြားကာလဖွဲ့စည်းအုပ်ချုပ်ပုံအစီအမံ” ၏ ပုဒ်မ (၅၄) နှင့်အညီ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။
၂၄ဦးပါဝင်ဖွဲ့စည်းထားတဲ့လုပ်ငန်းအဖွဲ့မှ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အား ပြုစုပြီးနောက်တွင် NUCC အနေဖြင့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအင်အားစုများဖြင့် ဆွေးနွေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမယ်လို့ NUCCကလတ်တလောမှာထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ မြင်းမူမှစစ်ကိုင်းဘက် ပြန်ဆုတ်ခွာလာတဲ့ စကစတပ်ရဲ့ ရှေ့ပြေးမိုင်းရှင်းအဖွဲ့ကို ယနေ့မနက်စနိုက်ပါနဲ့ ပစ်ခတ်ရာ တစ်ဦးသေဆုံး
မြင်းမူမှစစ်ကိုင်းဘက် ပြန်ဆုတ်ခွာလာတဲ့ စကစတပ်ရဲ့ ရှေ့ပြေးမိုင်းရှင်းအဖွဲ့ကို ယနေ့မနက်စနိုက်ပါနဲ့ ပစ်ခတ်ရာ တစ်ဦးသေဆုံးခဲ့တယ်လို့ အောက် တိုဘာ ၂၄ ရက်နေ့မှာ ZERO ပြောက်ကျားတပ်ဖွဲ့-မြင်းခြံကအတည်ပြုပါတယ်။
"ယနေ့မနက် ၁၀ နာရီ ၁၅ မိနစ် မြင်းမူမှစစ်ကိုင်းဘက် ပြန်ဆုတ်ခွာသည့်စကစတပ်များ၏ ရှေ့ပြေးမိုင်းရှင်းအဖွဲ့အားထီးဆောင်းနှင့်ကံဖျားအကြားမှာ ZERO ပြောက်ကျားတပ်ဖွဲ့-မြင်းခြံ နှင့် GTR (မြင်းမူ)တို့မှ ပေ၂၀၀၀ အကွာမှ စနိုက်ဘာ ဖြင့်ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့်စကစတပ်က တစ်ဦးသေဆုံးခဲ့ပါတယ်။ လက်ရှိမှာတော်လှန်ရေးအင်အားစုများဟာ အဝေးပစ် စနိုက်ပါသေနတ်များ အသုံးဝင်ထိရောက်၍ လိုအပ်မှုများလည်းရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ မြိုင်မြို့နယ် မုံညင်းအုပ်စု ရွာများကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်မွှေနှောက်သောင်းကျန်း၍ ပြည်သူများကို ဓားစာခံဖမ်းဆီး
အောက်တိုဘာ ၂၄ ရက်မနက် ငါးနာရီခန့်ကမကွေးတိုင်း မြိုင်မြို့နယ် မုံညင်းအုပ်စု မြောက်စုရွာကို အကြမ်းဖက် စစ်တပ်က သေနတ်များပစ်ခတ်ကာ ဝင်ရောက်လာတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုပါတယ်။
"ယနေ့မနက် ငါးနာရီလောက်က မြိုင်အရှေ့တောင်ပိုင်း မုံညင်းအုပ်စုကို ဝင်တဲ့စစ်ကြောင်းက ပခုက္ကူနယ် အင်ပင်ရွာကနေ နောက်ထပ်ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး မုံညင်းအုပ်စုက ပြည်သူ ၄၀ လောက်ကို ဓားစာခံဖမ်းထားတယ်။ရွာထဲကိုလည်းရမ်းပစ်နေတယ်"လို့ဆိုပါတယ်။
ပြည်သူတချို့လည်း ရွာထဲမှာ ပိတ်မိကျန်နေခဲ့ပြီး စကစတပ်များဟာ မုံညင်းအုပ်စုအတွင်းကရွာတွေကို ပတ်မွှေနေတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲ မှ မြိုင်မြို့နယ် လင်းကတော ထိလမ်းပိုင်း အရေးပေါ် ယာယီလမ်းပိုင်းဆိုင်ရာအသုံးပြုခွင့်ပိတ်ထား
ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲ မှ မြိုင်မြို့နယ် လင်းကတော ထိလမ်းပိုင်း အရေးပေါ် ယာယီလမ်းပိုင်းဆိုင်ရာအသုံးပြုခွင့်ပိတ်ထားတယ်လို့ အောက်တိုဘာ ၂၄ ရက်မှာ ရေစကြိုပကဖက အသိပေးဆိုထားပါတယ်။
"ရေစကြိုမြို့နယ် အောင်မိုးလမ်းခွဲ မှ မြိုင်မြို့နယ် လင်းကတော ထိလမ်းပိုင်းအား ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်တယ်"လို့ဆိုပါတယ်။ ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်ကြေညာထားပါတယ်။
ဒါ့အပြင်အိမ်စီးကားများ ခရီးသည်တင်ကားများအပါအဝင်မည်သည်ကားမှ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ဘဲ အရေးပေါ်သွားလာလိုလျင် မော်တော်ဆိုင်ကယ်ဖြင့်သာသွားလာကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)ကမေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၇။ အသက် ၂၀ ကျော်အမျိုးသမီးတစ်ယောက် ကမာကြည်တံတားပေါ်က ယနေ့မနက်ခုန်ချမှုဖြစ်ပွား
ဒီနေ့ အောက်တိုဘာလ ၂၄ ရက် မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကမာကြည်တံတားပေါ်ကနေ အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသတင်းရရှိပါတယ်။ အမျိုးသမီးငယ်ဟာဖုန်းတစ်လုံး၊ အဲလ်ပေါ့တစ်ခု၊ ငွေသားတချို့နဲ့ အခြားပစ္စည်းတစ်ချို့ကိုတော့ တံတားပေါ်မှာ ချန်ထားရစ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အမျိုးသမီးကို ရှာဖွေရေး အပူကြိုးစားနေကြတယ်လို့ သတင်းရရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လူမှုရေး ၊စီးပွားရေးအဆင်မပြေမှုတွေနဲ့ပြည်သူလူထုများဟာ တံတားပေါ်ကနေခုန်ချမှုတိုးမြင့်လာခဲ့ပါတယ်။
========================
📌📌 ၈။ အမေရိကန်နိုင်ငံ၊ Arizona ပြည်နယ်၊ Phoenix မြို့တွင် ပြုလုပ်ခဲ့သော “ယူနီဖောင်းပရောဂျက်” စျေးရောင်းပွဲတော်မှ အမေရိကန်ဒေါ်လာ ၃၀၄၀ ရရှိ
အမေရိကန်နိုင်ငံ၊ Arizona ပြည်နယ်၊ Phoenix မြို့တွင် ပြုလုပ်ခဲ့သော “ယူနီဖောင်းပရောဂျက်” စျေးရောင်းပွဲတော်မှ အမေရိကန်ဒေါ်လာ(၃၀၄၀)ရရှိခဲ့တယ်လို့သတင်းရရှိခဲ့ကြောင်းကို အောက်တို ဘာ၂၄ ရက်မှာ PDF(Kalay) တပ်ရင်း-၁၂ က စျေးပွဲတော်နဲ့ပတ်သက်လို့အသိပေးဆိုပါတယ်။
"အမေရိကန်နိုင်ငံ၊ Arizona ပြည်နယ်၊ Phoenix မြို့တွင် ပြုလုပ်ခဲ့သော “ယူနီဖောင်းပရောဂျက်” စျေးရောင်းပွဲတော် အောင်မြင်စွာပြီးဆုံးသွားပါပြီ။PDF(Kalay) တပ်ရင်း-၁၂ မှ ရဲဘော်များအတွက် ယူနီဖောင်းဝယ်ယူရန် ရံပုံငွေရှာဖွေပေးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ 3040 /မြန်မာငွေ 10,640,000ကျပ် ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
Arizona ပြည်နယ် /အနယ်နယ်အရပ်ရပ်မှ လာရောက်အားပေးခဲ့ကြသော ညီအစ်ကိုမောင်နှမများ၊ ပွဲဖြစ်မြောက်အောင်စီစဉ်ပေးသူများ၊ ပွဲကျင်းပနိုင်ရန် နေရာစီစဉ်ပေးသော Ding Asian Mart USA နှင့် အပင်ပန်းခံကာ ဟင်းပွဲများ မနားမနေချက်ပြုတ်စီမံပေးကြသော စေတနာရှင် အယောက်စီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်လို့ PDF(Kalay) တပ်ရင်း-၁၂ကကဖော်ပြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment