၂၀၂၂ အောက်တိုဘာလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပအဖ နဲ့ ပကဖ၊ ပလဖ များအကြား ပွတ်တိုက်မှုပုံစံမျိုးစုံနှင့် ဖြစ်နေတာကိုအလျင်အမြန်ဖြေရှင်းပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
📌 ၂။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မြောက်ဘက်ခြမ်း တပ်သစ်(မ)ရွာသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် မွှေနှောက်ဖျက်ဆီးနေ
📌 ၃။ ဦးအောင်မိုးမြင့်၊ဦးလှိုင်မိုးမြင့်၊ဦးမျိုးသစ္စာ နှင့်အတူ Dynasty International Company Limited တို့ကိုအရေးယူပိတ်ဆို့
📌 ၄။ ကနီနယ် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှ ဆန်တက်လာသော စကစ စစ်သင်္ဘောအပါအဝင်ရေယာဥ် ၁၃ စီးကို ယနေ့မနက်ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်ငါးဦးသေဆုံး
📌 ၅။ မသောက်မိသော မိုးခါးရေ ဇာတ်လမ်းတိုကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင်လည်း Free Burma Action Committee- NorCal မှ စီစဉ်မှုနဲ့ပြသမယ်
📌 ၆။ မကြွေသောကြယ်များ ခေါင်းစဥ်နဲ့ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ဂစ်တာကံစမ်းမဲလက်မှတ်များရောင်းချပေးနေ
📌 ၇။ နွေဦးရောင်စဉ်@Ye Dagun Taung ပေ ၄၀ x ပေ ၆၀ မြေကွက်များအားလုံးရောင်းကုန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပအဖ နဲ့ ပကဖ၊ ပလဖ များအကြား ပွတ်တိုက်မှုပုံစံမျိုးစုံနှင့် ဖြစ်နေတာကိုအလျင်အမြန်ဖြေရှင်းပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
အောက်တိုဘာ ၆ ရက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးကျင်းပရာမှာ ဝန်ကြီးချုပ်က အခုလိုပြောကြားခဲ့ပါတယ်။
"ပအဖ/ပကဖ/ပလဖ များအကြား ပွတ်တိုက်မှုများသည် မြို့နယ်တိုင်းတွင် ပုံစံမျိုးစုံနှင့် ဖြစ်ပေါ်လာနေပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်သည့်ဝန်ကြီးဌာနများအနေဖြင့် ယင်းပွတ်တိုက်မှုများကို အလျင်အမြန် ဖြေရှင်းဆောင်ရွက်ပေးမှသာ ပဋိပက္ခများ နည်းပါးလာမည်ဖြစ်ပါကြောင်း၊ ယခုတွင် ခရိုင်အဆင့် ပအဖများလည်း တိုးချဲ့ ဖွဲ့စည်းလာနေသည်နှင့်အမျှ ပဋိပက္ခများကိုလည်းအဆင့်ဆင့်ဖြေရှင်းဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း မူဝါဒပိုင်းဆိုင်ကိစ္စရပ်များ ပြတ်သားစွာချမှတ်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်တယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းရှိ မြို့နယ် ၃၆ မြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေး၊ ပညာရေး၊ကျန်းမာရေးအစီအစဥ်များကိူ အကောင်အထည်ဖော်ဆောင်လျက်ရှိပြီးတော့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ အုပ်ချုပ်ရေးရာများကိုသာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မြောက်ဘက်ခြမ်း တပ်သစ်(မ)ရွာသို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် မွှေနှောက်ဖျက်ဆီးနေ
အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ စကစတပ်များဟာ ရေဦးမြို့နယ်ရှိ ရွာများကိုဝင်ရောက်ခဲ့တယ်လို့ဒေသခံသတင်းအရင်းအမြစ်များထံကသတင်းရရှိပါတယ်။
"တန့်ဆည်နယ်၊ အက်တောရွာ ပြာပုံတွင်ဝပ်ကာ တန့်ဆည်-ကာဘိုးလမ်းမပေါ် သွားလာနေကြတဲ့ ခရီးသွားပြည်သူများကို PDF အသွင်ယူ ဆတ်ကြေးကောက်ခဲ့ကြသော အကြမ်းဖက်စကစတပ်များနဲ့ ပျူများဟာယနေ့မနက် ရေဦးနယ်မြောက်ဘက်ခြမ်း တပ်သစ်(မ)ရွာသို့ စစ်ကြောင်းထိုးဝင်ရောက် မွှေနှောက်ဖျက်ဆီးနေကြတယ်"လို့ဆိုပါတယ်။
ဆက်လက်ပြီး ရေဦးနယ်မြောက်ဘက်ခြမ်းရှိ ကျေးရွာများ အနေနဲ့လုံခြုံရေးအထူးဂရုပြုရှောင်ရှားကြရန်လည်း တော်လှန်ရေးအင်အားစုများကဆိုထားပါတယ်။
========================
📌📌 ၃။ ဦးအောင်မိုးမြင့်၊ ဦးလှိုင်မိုးမြင့်၊ ဦးမျိုးသစ္စာ နှင့်အတူ Dynasty International Company Limited တို့ကိုအရေးယူပိတ်ဆို့
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးမှ လူပုဂ္ဂိုလ် သုံးဦးဖြစ်တဲ့ဦးအောင်မိုးမြင့်၊ ဦးလှိုင်မိုးမြင့်၊ဦးမျိုးသစ္စာ နှင့်အတူ Dynasty International Company Limited တို့ကိုအရေးယူပိတ်ဆို့လိုက်တယ်လို့သတင်းရရှိပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ရဲ့ထုတ်ပြန်ချက်ကို အမေရိကန်သံရုံး ရန်ကုန်ကဖော်ပြလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၁၈ လကျော်ကာလ စစ်တပ်အာဏာသိမ်းသည့်အချိန်မှစပြီး မြန်မာစစ်တပ်သည် မိမိတို့ စိတ်တိုင်းကျအုပ်ချုပ်နိုင်စေရန် ရက်စက်ကြမ်းကြုတ်စွာ ကြိုးပမ်းရာတွင် လူပေါင်းထောင်ချီသတ်ဖြတ်ခြင်း၊ လူပေါင်း တစ်သန်းကျော် နေရပ်စွန့်ခွာစေခြင်းနှင့် ဒီမိုကရေစီလိုလားသော ဦးဆောင်လှုပ်ရှားသူများ၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် သတင်းထောက်များကို ဖမ်းဆီးထိန်သိမ်းခြင်းစသည့် အကြမ်းဖက်မှုများကို မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့ပါတယ်လို့ဆိုပါတယ်။
ယနေ့တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးသည် လူပုဂ္ဂိုလ် သုံးဦးဖြစ်သည့် (ဦး) အောင်မိုးမြင့်၊ (ဦး) လှိုင်မိုးမြင့်၊ (ဦး)မျိုးသစ္စာ နှင့်အတူ Dynasty International Company Limited တို့ကို မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းအတွက် ရုရှထုတ်စစ်လက်နက်များကို ဘီလာရုစ်မှတဆင့် ဝယ်ယူပေးရာတွင် ၄င်းတို့၏ အခန်းကဏ္ဍအတွက်သမ္မတ၏အမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူဆောင်ရွက်ခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။
ယခု အရေးယူသတ်မှတ်မှုများသည် အာဏာရှင်အဖွဲ့အစည်းက ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများနှင့် ရွေးကောက်ခံခေါင်းဆောင်များဖြစ်သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်မှုနှင့် စက်တင်ဘာ ၁၆ တွင် အနည်းဆုံးကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရသည့် ရဟတ်ယာဉ်နှင့် စာသင်ကျောင်းကို တိုက်ခိုက်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကျူးလွန်ဆောင်ရွက်နိုင်ရန် စစ်တပ်ကို အားပေးအားမြှောက်ပြုနေသူများကို ပစ်မှတ်ထားရန် ရည်ရွယ်တယ်လို့ဆိုထားပါတယ်။
ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများနှင့်ဆက်စပ်လျက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ယခင်ရဲချုပ်နှင့် ဒုတိယပြည်ထဲရေးဝန်ကြီးဟောင်း (ဦး)သန်းလှိုင်အားလည်း ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်ချမ်းစွာဆန္ဒပြသူများကို ဥပဒေမဲ့သတ်ဖြတ်ခြင်းကဲ့သို့ ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ခဲ့သည့်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၂ နိုင်ငံရပ်ခြားလုပ်ငန်းဆောင်ရွက်ရေးနှင့် ဆက်စပ်အစီအစဉ်များလျာထားချက်အက်ဥပဒေ အရ အရေးယူသတ်မှတ်သွားမှာဖြစ်တယ်လို့လည်းအတည်ပြုထားပါတယ်။
========================
📌📌 ၄။ ကနီနယ် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှ ဆန်တက်လာသော စကစ စစ်သင်္ဘောအပါအဝင်ရေယာဥ် ၁၃ စီးကို ယနေ့မနက်ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင်ငါးဦးသေဆုံး
အောက်တိုဘာ ၇ ရက် မနက် 7 နာရီအချိန်ခန့်တွင် ရေကြောင်းမှ ဆန်တက်လာသော စကစ စစ်သင်္ဘောအပါအဝင် ရေယာဥ်၁၃စီးကိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KLG PDF (ကျောက်လုံးကြီး) အဖွဲ့ကအတည်ပြုဆိုခဲ့ပါတယ်။
"အောက်တိုဘာ ၇ ရက် မနက် 7 နာရီအချိန် ရေကြောင်းမှ ဆန်တက်လာသော စကစ စစ်သင်္ဘောအပါအဝင် ၁၃ စီးကို ကြောင်မျှော်တောင်အရောက်တွင် KLG PDF(ကျောက်လုံးကြီး)နှင့်ဒေသခံ ပကဖများ ပူးပေါင်းပီး လက်နက်ကြီး လက်နက်ငယ်အစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ စစ်သင်္ဘောပါစကစတပ်က ငါးဦး စနိုက်ပါစာမိကာရေထဲသို့ကျသွားခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ မသောက်မိသော မိုးခါးရေ ဇာတ်လမ်းတိုကို အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင်လည်း Free Burma Action Committee- NorCal မှ စီစဉ်မှုနဲ့ပြသမယ်
နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြသမှာဖြစ်ပြီးတော့ ယင်းရုပ်ရှင်ပွဲတော်တွင် ထူးခြားချက်များ အနေဖြင့်ဒေသန္တရအုပ်ချုပ်ရေး တာဝန်ခံများအားဖိတ်ကြားသွားမှာလည်းဖြစ်ပါတယ် လို့သိရပါတယ်။ ဒါ့အပြင်ဒါရိုက်တာကိုပေါက်နဲ့ပရိသတ် နှင့် Live အမေးအဖြေကဏ္ဍ၊ ပန်ဆယ်လို နှင့် တော်လှန်ရေးအောင်မြင်မှုဆွေးနွေးခြင်းကဏ္ဍ တို့အပြင် တခြား စိတ်ဝင်စားဘွယ် များထည့်သွင်း စီစဉ်ထားတာ်လို့သတင်းရရှိပါတယ်။
ဒါရိုက်တာကိုပေါက်၏ လွတ်မြောက်နယ်မြေတခုမှ ဖြစ်ရပ်မှန် အခြေခံထားသော ဇာတ်လမ်းရုပ်ရှင် မသောက်မိသော မိုးခါးရေ" ( The Road Not Taken) ရုပ်ရှင်ဟာ CDM ဗိုလ်ကြီးတစ်ဦးကိုအခြေခံရိုက်ကူးတင်ပြထားတာလည်းဖြစ်ပါတယ်။
========================
📌📌 ၆။ မကြွေသောကြယ်များ ခေါင်းစဥ်နဲ့ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ဂစ်တာကံစမ်းမဲလက်မှတ်များရောင်းချပေးနေ
မကြွေသောကြယ်များ ခေါင်းစဥ်နဲ့ အဆိုတော်ဆောင်းဦးလှိုင်ရဲ့ဂစ်တာ ကံစမ်းမဲလက်မှတ်တစ် စောင်လျှင် အမေရိကန်ဒေါ်လာ၂၅ ဒေါ်လာနဲ့ရောင်းချပေးလျက်ရှိကာ အောက်တိုဘာ၁၅ရက်နေ့မှာ ကံစမ်းမဲဖွင့်ပေးမှာဖြစ်ပါတယ်။
"ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရ တို့အားအကြမ်းဖက်စစ်ကောင်စီက မတရားကြိုးပေး သတ်ဖြတ်ခံခဲ့ရတဲ့နှစ်လပြည့် (၂၀၂၂ ၊စက်တင်ဘာ၊ ၂၄ ရက်) အမှတ်တရအနေနဲ့နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတပွဲတွင် အဆိုတော်ဆောင်းဦးလှိုင်ရဲ့ ဂီတာကို ဆန်ဖရန်စစ္စကိုလူငယ်အဖွဲ့မှ $6,500 ဖြင့် လေလံအောင်ခဲ့ပါတယ်။ ဒီ ဂီတာလေးကို ကံစမ်းရင်း စစ်ဘေးသင့်ပြည်သူများအတွက် ကူညီလှူဒါန်းဖို့ ပြည်တွင်း၊ပြည်ပ တာဝန်ခံအဖွဲ့အသီးသီးဆီမှာ အားပေးနိုင်ပါပြီ"လို့ဆိုထားပါတယ်။
မဲလက်မှတ်များ အားပေးရန် မကြွေသောကြယ်လူမှုကွန်ရက်စာမျက်နှာတွင် အရောင်းကိုယ်စားလှယ်များကိုဖော်ပြထားပါတယ်။
========================
📌📌 ၇။ နွေဦးရောင်စဉ်@Ye Dagun Taung ပေ ၄၀ x ပေ ၆၀ မြေကွက်များအားလုံးရောင်းကုန်
Spring Mandalay Investment အိမ်ရာစီမံကိန်းထဲကနွေဦးရောင်စဉ် @ Ye Dagun Taung ပေ ၄၀ x ပေ ၆၀ မြေကွက်များအားလုံးရောင်းကုန်သွားပြီလို့ အောက်တိုဘာ ၇ ရက်နေ့မှာ EOD ကအသိပေးဆိုပါတယ်။
"တော်လှန်ရေးမှာ ဘယ်တော့မှ သွေးမအေးတဲ့ တို့မန္တလေးရဲ့ တော်လှန်စိတ်ဓာတ်ကို နောက်တစ်ခါ ထပ်ပြလိုက်ပါပြီ။Spring Mandalay Investment မြေကွက်များမှာ ပထမဦးဆုံး အနေနဲ့ ရေတံခွန်တောင်ခြေက နွေဦးရောင်စဉ် စီမံကိန်းရဲ့ ပေ၄၀xပေ၆၀ မြေကွက်များ အားလုံးရောင်းကုန် သွားပါပြီ။နွေဦးရောင်စဉ်ရဲ့ ပေ၆၀xပေ၈၀ အပါအဝင် အခြားမြေကွက်များတော့ ကျန်ရှိပါသေးတယ်။ ဒါပေမဲ့ အရှိန်အဟုန်ကောင်းကောင်းနဲ့ ရောင်းနေရတာမို့ EOD ကိုယ်စားလှယ်များနဲ့ အမြန်ဆက်သွယ် ဝယ်ယူပါမှ စိတ်ချရပါမယ်"လို့ဆိုပါတယ်။
ရောင်းချပေးနေတဲ့အိမ်ရာစီမံကိန်းများဖြစ်တဲ့နွေဦးနှင်းဆီ၊နဲ့ နွေဦးတောင်ရိပ်ညိုတို့မှာ မန္တလေးမြို့ရဲ့အချက်အခြာကျသောနေရာများတွင်တည်ရှိပြီး ဝယ်ယူသူများမှာလည်း တော်လှန်ရေးကာလဖြစ်၍ တန်ဖိုး၏ လေးဆယ်ရာခိုင်နှုန်းကိုသာ သုံးလအတွင်းပေးချေနိုင်ပြီး ကျန်ခြောက်ဆယ်ရာခိုင်နှုန်းကို တော်လှန်ရေးကာလအပြီးစီမံကိန်းစတင်သော ကာလတွင်သာ အရစ်ကျပေးချေရမှာဖြစ်ပါတယ်။
“Spring Mandalay Investment" အိမ်ရာစီမံကိန်းကို နိုင်ငံခြားသားများလည်းဝယ်ယူခွင့်ရှိကာ တော်လှန်ရေးပြီးဆုံးပါက နိုင်ငံခြားသာစ ပိမ်ရာ ပိုင်ဆိုင်ခွင့် ဥပဒေများအတည်ပြုပြဌာန်းပေးမှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment