၂၀၂၂ အောက်တိုဘာလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ သူငယ်တန်းကျောင်းတစ်ကျောင်းအတွင်း ကလေးငယ်များ ပစ်ခတ်ခံရမှုဖြစ်ရပ်ကိုဝမ်းနည်းကြောင်း သဝဏ်လွှာ NUG နိုင်ငံရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပေးပို့
📌 ၂။ International Day of Peace အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကဗျာ၊ ပန်းချီ ၊ ဆုရရှိသူများ ကို ပြည်ထောင်စုဝန်ကြီးနော်ဆူစန်နာလှလှစိုးဆုများပေးအပ်ချီးမြှင့်
📌 ၃။ ပြည်သူများမလိုလားသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရုံမှတပါးမြန်မာနိုင်ငံရဲ့အကျပ် အတည်းကို ဖြေရှင်းရန် အခြားနည်းလမ်းမရှိဘူးလို့သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာပြောကြား
📌 ၄။ မြို့နယ်နဲ့ခရိုင်အဆင့်တွေကို သိမ်းပိုင်နိုင်တဲ့အနေအထား အမျိုးသားညီညွတ်ရေးအစိုးရမှာရှိနေတယ်လို့ဆို
📌 ၅။ လာမယ့်တစ်နှစ်တာကာလဟာ တော်လှန်ရေးကိုအဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရခံယူမယ်
📌 ၆။ တန့်ဆည်မြို့နယ် မူးတိန်ကျေးရွာမှာတပ်စွဲထားတဲ့ ပျူစောထီးများကို ယနေ့မနက် ဒရုန်းနဲ့ ကင်းနေရာကို ဗုံးကြဲချ
📌 ၇။ မြောင်မြို့နယ် ညောင်ကားယား ကျေးရွာသို့ စကစတပ်များ ဝင်ရောက် မွှေနှောက်သောင်းကျန်း
📌 ၈။ မိုးဗြဲမြို့၊ စက်တော်ရာတောင်ထိပ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်မှ ခရီးသွားပြည်သူများကိုလည်း ရမ်းသန်းပစ်နေ၍ ကားတိမ်းမှောက်မှုဖြစ်ပေါ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ သူငယ်တန်းကျောင်းတစ်ကျောင်းအတွင်း ကလေးငယ်များ ပစ်ခတ်ခံရမှုဖြစ်ရပ်ကိုဝမ်းနည်းကြောင်း သဝဏ်လွှာ NUG နိုင်ငံရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပေးပို့
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ နောင်ဘွယ်လန်ဖူးပြည်နယ်မှာ အောက်တိုဘာ ၆ ရက်နေ့က ကျောင်းတစ်ကျောင်းအတွင်းပစ်ခတ်မှုဖြစ်ပွားကာ ကလေးငယ်အများစု သေဆုံးခဲ့ရပါတယ်။ သေနတ်ပစ်ခံရမှု ဖြစ်ရပ်ကို သိလိုက်ရသည့်အတွက် အလွန်ဝမ်းနည်းမိပါတယ်လို့ဆိုထားပြီးတော့သေဆုံးသူများအတွက်၎င်းတို့၏ မိသားစုများ အားလုံးကို အရိုးသားဆုံး ဝမ်းနည်းကြောင်း နိုင်ငံရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုထားပါတယ်။
ဒီ ဖြစ်ရပ်ဟာ ထိုင်းနိုင်ငံက မိသားစုတွေနဲ့ ပြည်သူတွေအတွက် ဝမ်းနည်းစရာဖြစ်ကာဒီလိုခွဲခြားဆက်ဆံမှုမရှိတဲ့ ကြမ်းတမ်းတဲ့လုပ်ရပ်တွေကို NUG အစိုးရအနေနဲ့ သည်းမခံနိုင်ဘဲ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ဖော်ပြပါတယ်။ ဒါ့အပြင်ထိခိုက်ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည်ကျန်းမာလာမယ်လို့မျှော်လင့်တယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၂။ International Day of Peace အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကဗျာ၊ ပန်းချီ ၊ ဆုရရှိသူများ ကို ပြည်ထောင်စုဝန်ကြီးနော်ဆူစန်နာလှလှစိုးဆုများပေးအပ်ချီးမြှင့်
အောက်တိုဘာ ၇ ရက်နေ့မှာ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်စောင့်ရှောက်ရေး ဝန်ကြီး နော်ဆူဆန်နာလှလှစိုးက အခုလိုအသိပေး ဆိုထားပါတယ်။
"International Day of Peace အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ကဗျာ၊ ပန်းချီ ၊ ဆုရရှိသူများ ကို ဆုများပေးအပ်ခဲ့ပါတယ်။ကမ္ဘာကြီးနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းပါစေ"လို့ဆိုပါတယ်။
အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်စောင့်ရှောက်ရေး ဝန်ကြီးဌာနဟာ ကိုယ်ဝန်သည် တစ်သောင်းကျော်ကိုလည်း ထောက်ပံမှုများပေးအပ်နိုင်ခဲ့တဲ့ ဝန်ကြီးဌာနတစ်ခုလည်းဖြစ်ပါတယ်။
========================
📌📌 ၃။ ပြည်သူများမလိုလားသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရုံမှတပါးမြန်မာနိုင်ငံရဲ့အကျပ် အတည်းကို ဖြေရှင်းရန် အခြားနည်းလမ်းမရှိဘူးလို့သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာပြောကြား
(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဘာသာရပ်အစီအစဉ် (၁၇) အောက်ရှိ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ ညီလာခံများ၏ ရလဒ်များ အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်သည့် အစည်းအဝေးမှာ “ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှအခုလိုပြောကြားခဲ့ပါတယ်။
"ပြည်သူများမလိုလားသော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားရုံမှတပါး မိမိတို့နိုင်ငံ၏ အကျပ် အတည်းကို ဖြေရှင်းရန် အခြားနည်းလမ်းမရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် လုံးဝ ပပျောက်ပြီး ဒီမိုကရေစီပြန်လည်ထူထောင်နိုင်မှသာလျှင် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရေး အတွက် ပြည်သူ့အကျိုးစီးပွားကို ရှေးရှုသော စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒများကိုနိုင်ငံတကာမှ ဘဏ္ဍာငွေထောက်ပံ့မှုနှင့် ချေးငွေအကူအညီဖြင့် အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်စုံစေရန် ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်တယ်"လို့ဆိုပါတယ်။
ဒါ့အပြင်မြန်မာပြည်သူပြည်သားများဟာ မည်မျှပင်ပေးဆပ်ရသည်ဖြစ်စေ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန်နှင့် ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရန်အတွက် ပြတ်ပြတ်သားသား ဖြစ်နေကြတယ်လို့ သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ မြို့နယ်နဲ့ခရိုင်အဆင့်တွေကို သိမ်းပိုင်နိုင်တဲ့အနေအထား အမျိုးသားညီညွတ်ရေးအစိုးရမှာရှိနေတယ်လို့ဆို
အောက်တိုဘာ ၇ ရက်ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရမှကျင်းပသော “ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံ တင်ပြခြင်း” သတင်းစာရှင်းလင်းပွဲအခမ်းအနား မှာသမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော်ကအခုလို ပြောကြားခဲ့ပါတယ်။
"မြို့ရွာတွေကို ခုခံတော်လှန်စစ်လုပ်တဲ့အချိန် အခုချိန်မှာ ကျနော်တို့ မြို့နယ်အဆင့်တွေ၊ခရိုင်အဆင့်တွေ သိမ်းပိုက်မယ်ဆို သိမ်းပိုက်လို့ရတဲ့အနေအထားရှိပါတယ်။အခုလို လေကြောင်းရန်က ရှိနေတော့ ပြည်သူတွေရဲ့ နစ်နာစရာ ဆုံးရှုံးစရာတွေကို ကျနော်တို့တွက်ဆပြီးတော့ အချိန်အတိုင်းအတာတစ်ခုအထိ ကျနော်တို့တွက်ဆနေတာရှိပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ တစ်နှစ်တာ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲအတွင်း စကစတပ်ဖွဲ့ဝင် နှစ်သောင်းကျော် ကျဆုံးပြီးဖြစ်ပါတယ်။ ဒါ့အပြင် NUG ရဲ့ စိုးမိုးထိန်းချုပ်နယ်မြေမှာ အချုပ်ခန်း ၂၀ ကျော်တည်ဆောက်ထားပြီး အမှုအခင်း၁၁၆မှုကို စတင်စစ်ဆေးနေပြီလို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကဆိုထားပါတယ်။
========================
📌📌 ၅။ လာမယ့်တစ်နှစ်တာကာလဟာ တော်လှန်ရေးကိုအဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရခံယူမယ်
အောက်တိုဘာ ၇ ရက်နေ့ညပိုင်းကျင်းပတဲ့ "ပြည့်သူ.ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ.လုပ်ငန်းစဉ်များအား ပြည်သူသို. တင်ပြခြင်း"သတင်းစာရှင်းလင်းပွဲမှာ press scertary ဦးနေဘုန်းလတ်ကအခုလိုအသိပေး ပြောဆိုလိုက်ပါတယ်။
"ကျနော်တို့ရင်ဆိုင်နေရတဲ့ ရန်သူဟာ စစ်အာဏာရှင် ဖြစ်တယ်။ဘာအပြစ်မှမရှိတဲ့ ကလေးတွေကိုလေယာဥ်နဲ့ပစ်သတ်နေတယ်။ပြည်သူတွေဘာလိုချင်လည်း သူတို့မစဥ်းစားဘူး။သူတို့အာဏာဆုပ်ကိုင်ထားဖို့တာ လုပ်ဆောင်တယ်။အဲဒီတော့ ဒီနှစ်မှာ ဘယ်သူကနိုင်ပြီး ဘယ်သူကရှုံးမယ်ဆိုတာ အဖြေပေါ်မယ့်နှစ်ဖြစ်တယ်"လို့ press scertary ကိုနေဘုန်းလတ်ကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ လာမယ့်နှစ်အတွင်း တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ်ခံယူကာ စစ်ကောင်စီကို နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊နိုင်ငံတကာရေးရာ ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ထိုးဆင်စစ်မယ့်ကာလ လို့ကြေညာပါတယ်။
========================
📌📌 ၆။ တန့်ဆည်မြို့နယ် မူးတိန်ကျေးရွာမှာတပ်စွဲထားတဲ့ ပျူစောထီးများကို ယနေ့မနက် ဒရုန်းနဲ့ ကင်းနေရာကို ဗုံးကြဲချ
အောက်တိုဘာ ၈ ရက် နံနက် ၃ နာရီ ၄၅ မိနစ် အချိန်တွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မူးတိန်ကျေးရွာတွင် ကင်းစောင့်နေသော ပျူစောထီးများကိုတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁၆)-Taze Revolution Force (TRF) မှအတည်ပြုဆိုပါတယိ။
"အောက်တိုဘာ ၈ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ် အချိန်တွင် တန့်ဆည်မြို့နယ် ပျူစောထီးရွာဖြစ်သည့် မူးတိန်ကျေးရွာတွင် ကင်းစောင့်နေသော ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁၆)-Taze Revolution Force (TRF) မှ ၄၀ မမ ဗုံးသီးချိန်ဆွဲ ချကာ တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ပျူစောထီးများကင်းစောင့်နေတဲ့နေရာကို မြေပုံကနေကြည့်ပြီးချတာဖြစ်လို့ ပေါက်ကွဲထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ မြောင်မြို့နယ် ညောင်ကားယား ကျေးရွာသို့ စကစတပ်များ ဝင်ရောက် မွှေနှောက်သောင်းကျန်း
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယား ကျေးရွာသို့ စကစတပ်များ ဝင်ရောက် မွှေနှောက်သောင်းကျန်းခဲ့ကြောင်းကိုအောက်တိုဘာ ၈ ရက်နေ့ မှာ မြောင်နယ်ဒေါင်းစစ်သည်အဖွဲ့ကအတည်ပြုဆိုပါတယ်။
"ဆီမီးခုံကရေနက်ဆိပ်ကမ်းကခွေးများ ဒီနေ့မနက် ၄ နာရီဝန်းကျင်ခန့်မှာ အောက်သို့စစ်ရေယာဥ်ဖြင့်စုန်သွားပြီးယခုအခါ မြောင်နယ်ညောင်ကားယားကျေးရွာသို့ ဝင်ရောက်စီးနင်းနေပါတယ်"လို့ဆိုပါတယ်။
စကစတပ်များဟာ တစ်နိုင်ငံလုံးမှာ နေအိမ်အလုံးပေါင်း၇၀၀ ကျော်ကိုချိတ်ပိတ်သိမ်းဆည်းခဲ့ပြီး အလုံးပေါင်း ၃၆၀၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။
========================
📌📌 ၈။ မိုးဗြဲမြို့၊ စက်တော်ရာတောင်ထိပ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်မှ ခရီးသွားပြည်သူများကိုလည်း ရမ်းသန်းပစ်နေ၍ ကားတိမ်းမှောက်မှုဖြစ်ပေါ်
အောက်တိုဘာ ၈ ရက်နေ့မှာ မိုးဗြဲ PDF ကအရေးပေါ်သတိပေးထုတ်ပြန်ချက်ကို အခုလိုဆိုလိုက် ပါတယ်။
"မိုးဗြဲမြို့၊ စက်တော်ရာတောင်ထိပ်တွင် တပ်စွဲထားသော အကြမ်းဖက်စခများသည် ယခုတစ်ပတ်အတွင်း လမ်းသွားလမ်းလာ မိဘပြည်သူများကို ပစ်မှတ်ထားပစ်ခတ်မှုများမှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ယမန်နေ့ညနေပိုင်းတွင်လည်း စက်တော်ရာကျောင်းရှေ့တွင် ဖြတ်မောင်းနှင်လာသော အရပ်သားပြည်သူကား (4W ကား) တစ်စီးဟာစကစတပ်များပစ်ခတ်မှုကြောင့် ထိုနေရာတွင် တိမ်းမှောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အောက်တိုဘာ ၇ ရက်ညပိုင်းမှာလည်းစကစတပ်များ တစ်ညလုံး လက်နက်များ ရမ်းသမ်းပစ်ခတ်လျှက်ရှိပါတယ်။ခရီးသွားပြည်သူများအနေဖြင့် မိုးဗြလမ်းကို ဖြတ်သန်းသွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြသေးပါရန် အသိသတိပေးအပ်ပါတယ်လို့မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF က ကြေညာပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment