၂၀၂၂ နိုဝင်ဘာလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ကျန်းမာရေးကောင်းမွန်စွာတွေ့မြင်ရ
📌 ၂။ မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့်ဆေးနှီးနွယ်ဆိုင်ရာကောင်စီများအားလုံးမှ ပါဝင်သူများအားလုံးကို ယာယီ သမ္မတ ဒူဝါလရှီးလအမိန့်နဲ့ ဖျက်သိမ်းပြီးတာဝန်မှ ရပ်ဆိုင်းလိုက်
📌 ၃။ ကသာမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တို့မှာ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်း
📌 ၄။ မြဝတီ မင်းကြီးဆရာတော် ပျံလွန်တော်မူသွား၍ ကာကွယ်ရေးဝန်ကြီး ဝမ်းနည်းစကားဆို
📌 ၅။ လာခြင်းကောင်းပြီး ဂုဏ်ပြောင်ခဲ့တဲ့ ကျောင်းသားတပ်မတော် တော်လှန်ရေးခံယူချက်အပြည့်နဲ့ လားရာမှန်နိုင်ကြပါစေလို့ လူ့အခွင့်ရေးရာဝန်ကြီး ဆုမွန်ကောင်းတောင်း
📌 ၆။ နွေဦးတော်လှန်ရေးရဲ့ အနှစ်သာရဟာ ပြည်သူအားလုံး ဘယ်သူ့ညွှန်ကြားချက်မှ မလိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ်ပါဝင်လာတဲ့ အင်အားပဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား
📌 ၇။ မြန်မာနိုင်ငံမှတင်သွင်းတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကိုထောက်ခံမဲ (၁၁၈) မဲနဲ့ ကုလသမဂ္ဂမှာအတည်ပြု
📌 ၈။ Spring Mandalay Investment မှ နွေဦးရောင်စဉ် မြေကွက်များဝယ်ယူလိုသူများထပ်မံရှိနေ၍ ၄၀ ပေ x ၆၀ ပေ မြေကွက် ၂၀၀ ကို ထပ်မံ ရောင်းချ ပေးမယ်
📌 ၉။ ထောင်ဒဏ်တစ်သက်နဲ့အလားသဏ္ဍန်တူတဲ့အမြင့်ဆုံးထောင်ဒဏ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမတ်တစ်ဦးကိုထောင်ဒဏ်နှစ် ၁၀၀ ကျော်ချမှတ်
📌 ၁၀။ PDF Kalay တပ်ရင်း ၁ စခန်းမှာ ရိက္ခာပြတ်လပ်နေပြီး အရေးပေါ် ရိက္ခာလိုအပ်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ကျန်းမာရေးကောင်းမွန်စွာတွေ့မြင်ရ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ကျန်းမာရေးကောင်းမွန်စွာတွေ့မြင်ရတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၃၁ ရက် နေပြည်တော်အချုပ်ထောင်ရှိ ထောင်တွင်းတရားရုံးကြားနာမှုမှာ အတိုင်ပင်နဲ့ သမ္မတ နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။
အဆိုပါ စစ်ဆေးတဲ့အမှုဟာ ရဟတ်ယာဥ်နဲ့ပတ်သက်တဲ့ စကစဘက်က စွပ်စွဲထားတဲ့အမှုဖြစ်ပြီးတော့ ပြန်ခေါ် သက်သေများကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အသက်အရွယ် ၇၇ နှစ် ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်အုပ်စုဟာ အမှုများမတရားဆင်ကာ စွပ်စွဲတရားစွဲဆိုလျက်ရှိပြီးတော့ လက်ရှိအချိန်အထိ ထောင်ဒဏ် စုစုပေါင်း ၂၆ နှစ်ချမှတ်ထားပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့်ဆေးနှီးနွယ်ဆိုင်ရာကောင်စီများအားလုံးမှ ပါဝင်သူများအားလုံးကို ယာယီ သမ္မတ ဒူဝါလရှီးလအမိန့်နဲ့ ဖျက်သိမ်းပြီးတာဝန်မှ ရပ်ဆိုင်းလိုက်
မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့်ဆေးနှီးနွယ်ဆိုင်ရာကောင်စီများအားလုံးမှ ပါဝင်သူများအားလုံးကို ယာယီ သမ္မတ ဒူဝါလရှီးလအမိန့်နဲ့ ဖျက်သိမ်းပြီးတာဝန်မှ ရပ်ဆိုင်းလိုက်ပါတယ်။ အောက်တိုဘာလ (၃၁) ရက်မှာ ယာယီ သမ္မတ ဒူဝါလရှီးလ လက်မှတ်နဲ့ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အရည်အသွေး ပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသူအားလုံး ခံစားခွင့်ရရှိစေရန်၊ ဆရာဝန်များအပါအဝင် ကျန်းမာရေး လုပ်သားများ ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊ ကောင်းမွန်သော ဆေးကုသမှု ပတ်ဝန်းကျင် ဖြစ်ထွန်း စေရန် တာဝန်ယူဆောင်ရွက်ပေးရမည့် အဖွဲ့အစည်းများ ဖြစ်သော -
• မြန်မာနိုင်ငံ ဆေးကောင်စီ၊
• မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊
• မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၊
• မြန်မာနိုင်ငံ ကျန်းမာရေးမှူးနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်ကောင်စီ၊
• မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊
• မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၊
• မြန်မာနိုင်ငံ ကြက်ခြေနီကောင်စီ
အပါအဝင် ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာကောင်စီများသည် ဆရာဝန်များအပါအဝင် ကျန်းမာရေး လုပ်သားများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်ဖိနှိပ်နေသည့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်များအဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ဆေးကောင်စီအပါအဝင် ဆေးနှင့်ဆေးနှီးနွယ်ဆိုင်ရာ ကောင်စီများဟာ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်သားများကို ဖိနှိပ်၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ရေငုံနှုတ်ပိတ်နေရုံ သာမက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေး လုပ်သားများအပေါ် အကြမ်းဖက်စစ်ကောင်စီနှင့် အလိုတူအလိုပါ ဖိနှိပ်ဆောင်ရွက်နေမှုများစွာကိုလည်း အထောက် အထား ခိုင်လုံစွာ သိရှိရတယ်လို့ဆိုပါတယ်။
အဆိုပါ မြန်မာနိုင်ငံ ဆေးကောင်စီအပါအဝင် ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ကောင်စီများကို တာဝန်ယူ ထိန်းကြောင်းဆောင်ရွက်နေသော နာယကများ၊ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဆက်စပ်ကော်မတီဝင်များအားလုံး၏ လက်ရှိသက်တမ်းကို ဖျက်သိမ်းပြီး တာဝန်မှ ရပ်ဆိုင်းကြောင်း ကြေညာလိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
အဆိုပါတာဝန်မှ ရပ်ဆိုင်းခံရသူအားလုံး၏ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ တရားမဝင်ကြောင်း သတ်မှတ်လိုက်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့် ဆေးနှီးနွယ်ဆိုင်ရာကောင်စီ များနှင့် ဆက်သွယ်ရမည့် လုပ်ငန်းဆောင်တာများကို ဖက်ဒရယ်ကျန်းမာရေးပညာရှင်များ ကောင်စီ (FHPC) နှင့်သာ ဆက်သွယ်ဆောင်ရွက်ရမယ်လို့ပါရှိပါတယ်။
========================
📌📌 ၃။ ကသာမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တို့မှာ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်း
စစ်ကိုင်းတိုင်း ကသာမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တို့မှာ ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့များဖွဲ့စည်းလိုက်ပါတယ်။ အောက်တိုဘာ ၃၁ ရက်မှာ အမိန့်ကြော်ငြာစာအမှတ် ၁၀/၂၂ နဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဖွဲ့စည်းလိုက်ပါတယ်။
အမိန့်ကြေညာစာအရ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ ၁၄ခ အရ ကသာမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့နဲ့ ဒီပဲယင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ဖော်ပြ ပါရှိပါတယ်။
လက်ရှိမှာ ကရင်နီပြည်ရဲတပ်ဖွဲ့နဲ့ ဝက်လက်မြို့နယ်ရဲတပ်ဖွဲ့တို့ကလည်း ရဲလုပ်ငန်းတာဝန်များဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကသာမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းလိုက်တဲ့မြို့နယ်ဟာ မကြာသေးမီက ကသာမြို့နယ်တရားရုံးကို ဖွင့်လှစ်ကာ ရုံးထိုင်ဆောင်ရွက်နေပြီလည်းဖြစ်တယ်လို့သတင်းရရှိပါတယ်။ လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာနကို ဒေသခံ ပြည်သူများက အမှုအခင်းနဲ့ပတ်သက်လို့တင်ပြတိုင်ကြားထားတဲ့အမှုပေါင်း၃၀၀နီးပါးခန့်ရှိပါတယ်။
========================
📌📌 ၄။ မြဝတီ မင်းကြီးဆရာတော် ပျံလွန်တော်မူသွား၍ ကာကွယ်ရေးဝန်ကြီး ဝမ်းနည်းစကားဆို
မြဝတီ မင်းကြီးဆရာတော် ပျံလွန်တော်မူသွား၍ ကာကွယ်ရေးဝန်ကြီး ဝမ်းနည်းစကားဆိုခဲ့ပါတယ်။ အောက်တိုဘာ ၃၁ ရက်မှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဆိုလိုက်ပါတယ်။
"ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တဲ့ နွေဦးသူရဲကောင်းဆရာတော်အရှင်အရိယာဝံသာဘိဝံသ(မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်)အားအလေးအမြတ် ဦးတင်နှုတ်ဆက်ပါတယ်ဘုရား"လို့ဆိုထားပါတယ်။
မြ၀တီမင်းကြီးဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန အခမ်းအနား ကိုထိုင်းနိုင်ငံ မဲဆောက်မြို့တနေရာမှာအောက်တိုဘာ၃၁ရက် မွန်းလွဲပိုင်းကနေ ကျင်းပခဲ့ပြီးတော့ ဆရာတော်ရဲ့ နိုင်ငံရေးအသိမိတ်ဆွေများ၊ဒကာ၊ဒကာမများ တက်ရောက်ခဲ့ပါတယ်။
မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တ အရိယဝံသာဘိဝံသ (သ.စ.အ ဓမ္မာစရိယ-၀ဋံသကာ) ဟာထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် သီတင်းသုံးနေစဉ် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က နှလုံးသွေးကြော ပိတ်ဝေဒနာဖြင့် ရုတ်တရက် ဘဝနတ်ထံပျံတော်မူသွားခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၅။ လာခြင်းကောင်းပြီး ဂုဏ်ပြောင်ခဲ့တဲ့ ကျောင်းသားတပ်မတော် တော်လှန်ရေးခံယူချက်အပြည့်နဲ့ လားရာမှန်နိုင်ကြပါစေလို့ လူ့အခွင့်ရေးရာဝန်ကြီး ဆုမွန်ကောင်းတောင်း
လာခြင်းကောင်းပြီး ဂုဏ်ပြောင်ခဲ့တဲ့ ကျောင်းသားတပ်မတော် တော်လှန်ရေးခံယူချက်အပြည့်နဲ့ လားရာမှန်နိုင်ကြပါစေလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အောက်တိုဘာ ၃၁ ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုထားပါတယ်။
"မနက်ဖြန်မှာကျရောက်မဲ့ ABSDF နှစ်ပတ်လည်နေ့အမှတ်တရပါ။လာခြင်းကောင်းပြီး ဂုဏ်ပြောင်ခဲ့တဲ့ ကျောင်းသားတပ်မတော် တော်လှန်ရေးခံယူချက်အပြည့်နဲ့ လားရာမှန်နိုင်ကြပါစေ။ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး )မကဒကကျောင်းသားတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့လို့ ဂုဏ်အမြဲယူနေသလို ကိုယ့်ကြောင့်လဲ မကဒက မျက်နှာမညစ်စေရပါဘူး။ကျဆုံးသွားတဲ့ ရဲဘော်ရဲမေများအားလုံးကို ဦးညွတ်လေးစားလျက်"လို့ဆိုထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က တပ်ကိုဖွဲ့စည်းဦးဆောင်ခဲ့ပါတယ်။
========================
📌📌 ၆။ နွေဦးတော်လှန်ရေးရဲ့ အနှစ်သာရဟာ ပြည်သူအားလုံး ဘယ်သူ့ညွှန်ကြားချက်မှ မလိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ်ပါဝင်လာတဲ့ အင်အားပဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား
နွေဦးတော်လှန်ရေးရဲ့ အနှစ်သာရဟာ ပြည်သူအားလုံး ဘယ်သူ့ညွှန်ကြားချက်မှ မလိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ်ပါဝင်လာတဲ့ အင်အားပဲဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။ အောက်တိုဘာ ၃၁ ရက် “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ဝေတဲ့ သတင်းလွှာမှာ ဝန်ကြီးကဆိုထားပါတယ်။
"ဒီတော်လှန်ရေးရဲ့ အနှစ်သာရဟာ ပြည်သူအားလုံး ဘယ်သူ့ညွှန်ကြားချက်မှ မလိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ်ပါဝင်လာတဲ့ အင်အားပဲ ဖြစ်တယ်။ကိုယ်လုပ်တဲ့နေရာမှာ ကိုယ်တာဝန်ကျေဖို့ပဲလိုတယ်။ချိတ်ဆက်ဆောင်ရွက်ဖို့လိုတဲ့တချို့နေရာက အခက်အခဲတွေကလွဲ ပြီး တော်လှန်ရေးအင်အားစုအားလုံးဟာ မဟာမိတ်တွေပါ"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ၄င်းနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုနဲ့အတူ လူထုသပိတ်နဲ့ လူထု တော်လှန်ရေးများ ယနေ့ထက်တိုင် ဆက်နွှဲလျက်ရှိနေပါတယ်။
========================
📌📌 ၇။ မြန်မာနိုင်ငံမှတင်သွင်းတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကိုထောက်ခံမဲ (၁၁၈) မဲနဲ့ ကုလသမဂ္ဂမှာအတည်ပြု
မြန်မာနိုင်ငံမှတင်သွင်းတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကိုထောက်ခံမဲ (၁၁၈) မဲနဲ့ ကုလသမဂ္ဂမှာအတည်ပြုခဲ့ပါတယ်။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၌ မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအား ဆုံးဖြတ်အတည်ပြုခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှ ဦးဆောင်တင်သွင်းတဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအဆိုမူကြမ်း (A/C.1/77/L.42) အား မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၁၁၈) မဲ၊ ကန့်ကွက်မဲ (၄၂) မဲ၊ ကြားနေမဲ (၂၀) မဲ ဖြင့် ကော်မတီမှ အတည်ပြုခဲ့ပါတယ်။ အဆိုပါ မြန်မာနိုင်ငံမှနှစ်စဉ်တင်သွင်းသည့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကိုမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။
အဆိုမူကြမ်းအား ကုလသမဂ္ဂအထွေထွေညီလာခံ ပထမကော်အတီ အတွင်းရေးမှူးအဖွဲ့ သို့ မတင်သွင်းမီ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ယခုအဆိုမူကြမ်းတွင် ပြောင်းလဲပြင်ဆင်မှုနှင့် မူကြမ်းတွင် ပါဝင်သည့်အချက်များအား အဖွဲ့ဝင်နိုင်ငံများအား ရှင်းလင်းဆွေးနွေးသည့် Informal Consultations တစ်ရပ်ကို မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ဦးဆောင်၍ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့ပါသေးတယ်။
========================
📌📌 ၈။ Spring Mandalay Investment မှ နွေဦးရောင်စဉ် မြေကွက်များဝယ်ယူလိုသူများထပ်မံရှိနေ၍ ၄၀ ပေ x ၆၀ ပေ မြေကွက် ၂၀၀ ကို ထပ်မံ ရောင်းချ ပေးမယ်
Spring Mandalay Investmentမှ နွေဦးရောင်စဉ် မြေကွက်များဝယ်ယူလိုသူများထပ်မံရှိနေ၍ ၄၀ ပေ x ၆၀ ပေ မြေကွက် ၂၀၀ ကို ထပ်မံ ရောင်းချ ပေးမယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ၃၁ ရက်မှာမြေကွက်များနဲ့ပတ်သက်လို့ EOD ကအသိပေးဆိုပါတယ်။
"Spring Mandalay Investment ရဲ့ နွေဦးရောင်စဉ်@ Ye Dagun Taung ရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက် ၄၀၀ ဟာ စတင်ရောင်းချပြီး ရက်အနည်း အတွင်းမှာ အားတက်ဖွယ်ရာ ကောင်းလောက်အောင် ရောင်းကုန်သွားခဲ့ပါတယ်။
နွေဦးရောင်စဉ် ၄၀ ပေ x ၆၀ ပေ မြေကွက်များကို ဝယ်ယူရန် စိတ်ဝင်စားသည့် ပြည်သူများစွာ ရှိနေသည်ဟု အရောင်းကိုယ်စားလှယ်များ ထံမှ သိရှိရပါတယ်။နွေဦးရောင်စဉ်စီမံကိန်းကို ပညာရှင်များနှင့် ပြန်လည် သုံးသပ်ခဲ့ကြရာ၆၀ ပေ x ၈၀ ပေ မြေကွက် ၁၀၀ ကို ၄၀ ပေ x ၆၀ ပေ မြေကွက် ၂၀၀ အဖြစ် ပြောင်း၍ ရကြောင်း၊ စီမံကိန်း၏ မူလလျာထားသော အခင်းအကျင်းများကို မထိခိုက်နိုင်ပါဟု အကြံပြုကြပါတယ်"လို့ဆိုပါတယ်။
ထို့ကြောင့် နွေဦးရောင်စဉ်@ Ye Dagun Taung ရဲ့ ၄၀ ပေ x ၆၀ ပေ မြေကွက် ၂၀၀ ကို ထပ်မံ ရောင်းချ ပေးသွားမှာ ဖြစ်ပြီးပြောင်းလဲပြီးချိန်မှာ -ပေ ၆၀ x ပေ ၈၀အကွက် ၁၀၀ မှာ(၃၁ ကွက်သာကျန်တော့ပြီးပေ ၄၀ x ပေ ၆၀အကွက် ၆၀၀ (၄၀၀ ရောင်းပြီး+အကွက်သစ် ၂၀၀ကျန်ရှိမယ်လို့ဆိုပါတယ်။ စီမံကိန်းလျာထားချက်အား နောက်ထပ်တစ်ကြိမ် ပြောင်းလဲရန် မရှိတော့ကြောင်းနှင့် အရောင်းကိုယ်စားလှယ်များကို ဆက်သွယ်ထားကြဖို့ အသိပေးကြေညာထားပါတယ်။
========================
📌📌 ၉။ ထောင်ဒဏ်တစ်သက်နဲ့အလားသဏ္ဍန်တူတဲ့အမြင့်ဆုံးထောင်ဒဏ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမတ်တစ်ဦးကိုထောင်ဒဏ်နှစ် ၁၀၀ ကျော်ချမှတ်
ထောင်ဒဏ်တစ်သက်နဲ့အလားသဏ္ဍန်တူတဲ့အမြင့်ဆုံးထောင်ဒဏ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမတ်တစ်ဦးကိုထောင်ဒဏ်နှစ် ၁၀၀ ကျော်ချမှတ်လိုက်ပါတယ်။
အောက်တိုဘာ ၃၁ ရက်မှာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လှိုင်ကို ထောင်ဒဏ် ၁၄၈ နှစ်ချမှတ်တာလို့ သတင်းရရှိပါတယ်။
မြောက်များလှသော ပုဒ်မများနဲ့စွဲချက်တင်ရာမှ အောက်တိုဘာ ၃၁ ရက်နေ့မှာ စကစရဲ့ တရားရုံးကနေ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့မှာ မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ကို စကစတပ်များကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
========================
📌📌 ၁၀။ PDF Kalay တပ်ရင်း ၁ စခန်းမှာ ရိက္ခာပြတ်လပ်နေပြီး အရေးပေါ် ရိက္ခာလိုအပ်နေ
PDF Kalay တပ်ရင်း ၁ စခန်းမှာ ရိက္ခာပြတ်လပ်နေပြီး အရေးပေါ် ရိက္ခာလိုအပ်နေတယ်လို့ အောက်တိုဘာ၃၁ရက်မှာ PDF Kalay တပ်ရင်း၁ စခန်းမှ ရဲဘော်များကဆိုပါတယ်။
"ကျွန်တော်တို့ pdf(kalay) တပ်ရင်း ၁ စခန်းတွင် ရိက္ခာပြတ်လပ်နေပြီး အရေးပေါ် ရိက္ခာလိုအပ်နေပါတယ်ခင်ဗျ အဓိက ဆန်လိုအပ်နေပါတယ် ပြည်တွင်းပြည်ပမှ ထောက်ပို့တပ်ဖွဲ့များ အနေဖြင့် အတတ်နိင်ဆုံးပါဝင်ကူညီပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်"လို့ဆိုပါတယ်။ PDF Kalay တပ်ရင်း၁ဟာ စကစတပ်များကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment